သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်


ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဝန်ကြီးနဲ့ ရန်ကုန်တိုင်း အခြေစိုက် ပြည်တွင်း သတင်းဂျာနယ်က သတင်းထောက်တွေ ဒီကနေ့ တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်ပါတယ်။ လက်ရှိ နိုင်ငံရေး အခြေအနေတွေကို ရှင်းလင်းပြောဆိုတာ မပါဝင်ဘဲ လူမှုရေးနဲ့ စီးပွားရေး အခြေအနေတွေသာ ဝန်ကြီးက ပြောပြခဲ့သလို အပတ်စဉ် အင်္ဂါနေ့ ညနေတိုင်းလည်း သတင်းစာ ရှင်းလင်းပွဲ လုပ်သွားမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ သတင်းထောက်တွေ ဘယ်လောက်ထိ လွတ်လွတ်လပ်လပ် မေးမြန်းခွင့်ရမလဲ ဆိုတာနဲ့ အခြေအနေအမှန် ရေးသားခွင့်တွေ ရနိုင်ပါ့မလားဆိုတဲ့ အပေါ်ကိုတော့ မေးခွန်းထုတ်နေကြပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မေလ ၁၀ ရက် အင်္ဂါနေ့ ညနေ ၅ နာရီက ရန်ကုန်တိုင်း ပြည်သူ့လွှတ်တော် အဆောက်အဦးထဲမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဝန်ကြီးနဲ့ ရန်ကုန်တိုင်း အခြေစိုက် ပြည်တွင်းဂျာနယ် သတင်းသမားတွေ ပထမဆုံး တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ သတင်းဂျာနယ် တော်တော်များများက သတင်းထောက်တွေ တက်ခဲ့ကြသလို ပညာရေး၊ ကျန်းမာရေးနဲ့ နိုင်ငံခြားရေးရာ အပြင် သိပ္ပံနဲ့ နည်းပညာ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အားကစားဌာနဆိုပြီး နေရာ ၆ ခု ကိုင်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ဦးဉာဏ်ထွန်းဦးနဲ့ ရန်ကုန်တိုင်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်းတို့ ၂ ဦးက အစိုးရသစ်အဖွဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။

လက်ရှိ ရန်ကုန်တိုင်း အတွင်းက လူမှုရေး၊ စီးပွားရေးဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်လို့ အစိုးရအဖွဲ့က ဘာတွေလုပ်မယ်၊ ဘယ်လိုပြင်ဆင်ထားတယ် ဆိုတာ သူတို့ ရှင်းလင်းပြခဲ့ပေမဲ့ သူတို့ ရှင်းပြခဲ့တဲ့ အခြေအနေထဲမှာ လက်ရှိ သတင်းဂျာနယ်တွေမှာ ဖော်ပြနေတဲ့ အကြောင်းအရာတွေထက် သိပ်ထူးထူးခြားခြား မပါလာဘူးလို့ သတင်းထောက်တွေက ပြောပါတယ်။ အထူးသဖြင့် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အခြေအနေတွေ မပြောခဲ့သလို အချိန်သိပ်မရတဲ့အတွက် သတင်းသမားတွေဘက်ကလည်း မေးခွန်းများများ မမေးလိုက်ရဘူးလို့ ပြောကြပါတယ်။

ဒါပေမဲ့ အပတ်စဉ် အင်္ဂါနေ့ ညနေတိုင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့ သတင်းသမားတွေ တွေ့ဆုံပြီး အပတ်စဉ် သတင်းစာ ရှင်းလင်းပွဲ လုပ်သွားမယ် ဆိုတာကို ဝန်ကြီးက ပြောသွားတယ်လို့ ဒီသတင်းစာ ရှင်းလင်းပွဲအကြောင်း သိထားတဲ့ သတင်းအယ်ဒီတာ တဦးက ပြောပါတယ်။

“နောက်ဆိုရင် သူတို့ အပတ်စဉ် အင်္ဂါနေ့တိုင်းမှာ သတင်းစာ ရှင်းလင်းပွဲ ခေါ်လုပ်မယ်လို့ ပြောတယ်။ အခုလက်ရှိကတော့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးဌာန အဖွဲ့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေကတော့ ရေစီးရေလာ ကောင်းမွန်အောင် လုပ်မယ်၊ လမ်းပိတ်ဆို့မှုတွေ၊ ယာဉ်ကြော ပိတ်ဆို့မှုတွေကို သူတို့ ပြဿနာတွေ ရှင်းမယ်၊ နောက် ဆင်းရဲသားတွေအတွက် ကျူးကျော်အိမ်တွေ ဖျက်ပြီး တန်ဖိုးနည်း အိမ်ရာတွေ ဆောက်ပေးမယ်၊ အဲဒီစီမံကိန်းတွေတော့ ရှိတယ်လို့ ပြောတယ်။

“လာဘ်ပေးလာဘ်ယူကတော့ ရှိတာတော့ ရှိနေတာပေါ့၊ ဒါပေမဲ့ သူတို့ ပျောက်ပျက်အောင် လုပ်သွားမယ်ဆိုတဲ့ ပုံစံမျိုးတော့ ပြောတယ်။ ဒါပေမဲ့ ဒီဟာက ချက်ချင်းတော့ မဖြစ်နိုင်ဘူး ဆိုပြီးတော့ ပြောသံကြားတယ်။ နောက် သတင်းထောက်တွေထဲကလည်း ထမေးတာ သူတို့ အချိန်အကန့်အသတ်နဲ့ပဲ မေးခွင့်ပြုတယ် ပြောတယ်။ ဘာမှ သိပ်ပြီး ဒီနေ့က ထူးထူးခြားခြား မေးခဲ့ သိခဲ့တာ အများကြီး မရှိဘူးလို့တော့ ပြေတာပဲ။”

ဒီကနေ့ကတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တွင်းက လုပ်ငန်းတွေကို သတင်းသမားတွေ ခေါ်ယူ အသိပေးတဲ့ အဆင့်လောက်ပဲ ရှိတယ်လို့ သုံးသပ်ကြပါတယ်။ ဒါပေမဲ့ နောက်တပတ်တွေအတွင်း ဆက်လုပ်မယ့် သတင်းစာ ရှင်းလင်းပွဲတွေမှာ ဘယ်လောက်ထိ မေးခွင့်ရမယ်၊ ဘယ်အတိုင်းအတာထိ ပြန်ရေးခွင့်ရမယ် ဆိုတာနဲ့အတူ စာပေစိစစ်ရေးက ဘယ်လိုခွင့်ပြုမလဲ ဆိုတဲ့ အပေါ်ကိုလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ပြည်တွင်း သတင်းအယ်ဒီတာ တဦးကတော့ အစိုးရအဖွဲ့က သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို အသိပေးတဲ့ ပုံစံသာ ဖြစ်နိုင်ပြီး နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ မေးခွန်းနဲ့ သတင်းတွေကိုတော့ ကန့်သတ်ထားနိုင်တယ်လို့ သုံးသပ်ပါတယ်။

“သတင်းမီဒီယာတွေကို သူတို့ဘက်ကို ဒီဟာတွေ ဒီဟာတွေကို ဒီလိုဘောင်တွေထဲက ဒီလို ရေးလို့ရတယ်၊ ဒီလို ဒီလို ရေးကြပါဆိုတဲ့ သဘောမျိုး၊ Guide Line သဘောမျိုးပဲ ဖြစ်ပါလိမ့်မယ်။ နိုင်ငံရေးနဲ့ ပတ်သက်တာကိုတော့ သူတို့က အထူး တားမြစ်ထားဦးမှာပါပဲ။ ပြီးတော့ တချို့သတင်းတွေကိုလည်း သူတို့ ရေးစေချင်တဲ့ ပုံသဏ္ဌာန်အတိုင်းပဲ ရေးမှ ခွင့်ပြုပါလိမ့်မယ်။ အခုခေါ်တွေ့တဲ့ ကိစ္စကိုသည်ပင်လျှင် သူတို့ရေးစေချင်တဲ့ ရှုထောင့်က ရေးမှ အဆင်ပြေမှာပါ။ နို့မို့ဆို အဆင်မပြေပါဘူး။”

ပြည်တွင်း သတင်းအယ်ဒီတာတဦး သုံးသပ်ပြခဲ့တာ ဖြစ်ပါတယ်။

အခုလို တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ သတင်းသမားတွေ အပတ်စဉ် တွေ့ဆုံပြီး သတင်းတွေ မေးမြန်းခွင့်ရမယ် ဆိုတဲ့အတွက် ဝန်ကြီးဌာနတွေမှာ သတင်းသွားယူရာမှာ ကြုံနေရတဲ့ အခက်အခဲတွေ လျော့ကျသွားနိုင်မှာ ဖြစ်ပေမဲ့ သူတို့ မေးမြန်းလို့ သိထားရတဲ့ အကြောင်းအရာတွေကို စာမျက်နှာတွေက ဖော်ပြခွင့် မပေးဘူး ဆိုရင်တော့ သူတို့ရဲ့ လုပ်အားတွေ အလဟဿ ဖြစ်မှာကိုလည်း သတင်းသမားတွေက စိုးရိမ်နေကြပါတယ်။

XS
SM
MD
LG