သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရန်ကုန် လှိုင်သာယာ ကျူးကျော်တွေနဲ့ ရဲတပ်ဖွဲ့ ရုန်းရင်းဆံခတ် ဖြစ်ပွား


ညောင်ရွာကျေးရွာကနေအိမ်၁၀၀ကျော်ကိုဖျက်ဖို့ကြိုးပမ်း (ဓါတ်ပုံ- The Fifth Wave News )

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ညောင်ရွာကျေးရွာက အိမ်ခြေ ၁၀၀ ကျော်ကို ကျူးကျော်နေထိုင်တယ်ဆိုပြီး ရဲတပ်ဖွဲ့နဲ့ အရပ်ဝတ်တွေ ဒီနေ့မနက်ပိုင်းက အင်အားသုံးဖျက်ဆီးဖို့ ကြိုးပမ်းလာလို့ ဒေသခံတွေဘက်ကလည်းခုခံကာကွယ်ရင်း ရုန်းရင်းဆန်ခတ်အနည်းငယ်ဖြစ်ပွားခဲ့ ပါတယ်။ ဒီနေရာမှာ မြေပိုင်ရှင်ရှိတယ်ဆိုတာမဟုတ်ဘဲ ရွာမြေဖြစ်ပြီး နှစ်ပေါင်းများစွာ ကတည်းက အခြေချနေထိုင်လာတဲ့နေရာဖြစ်တယ်လို့ ဒေသခံတွေကိုကူညီပေးနေတဲ့ တရားလွှတ်တော်ရှေ့နေကပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

လူဦးရေ ၅၀၀ ကျော်ရှိတဲ့ လှိုင်သာယာမြို့နယ်၊ ညောင်ရွာကျေးရွာက နေအိမ်တချို့ကို ကျူးကျော်နေထိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရဲတပ်ဖွဲ့အပါအဝင် အရပ်ဝတ်အင်အား ၄၀ လောက်က ဒီနေ့ ဒီဇင်ဘာ ၂၇ ရက်မနက်ပိုင်းမှာ အင်အားသုံးဖယ်ရှားဖို့လုပ်လာတာကြောင့် ဒေသခံတွေနဲ့ ရုန်းရင်းဆန်ခတ်အနည်းငယ်ဖြစ်ကြတာပါ။ ဒေသခံတွေအနေနဲ့ အဲဒီညောင်ရွာကျေးရွာမှာ လွန်ခဲ့တဲ့အနှစ်၂၀ လောက်ကတည်းက ကျေးရွာလူကြီးတွေဆီကနေ မြေကိုဝယ်ယူနေထိုင်ခဲ့တာလို့ဆိုပါတယ်။ ဒါကြောင့် ဒီမြေတွေမှာ ပိုင်ရှင်ရှိတယ်ဆိုပြီး အတင်းအကျပ် ဖယ်ရှားဖို့ကြိုးစားနေတာဟာ ဥပဒေအကာအကွယ်ပေးမှု အားနည်းနေတာဖြစ်ကြောင်း သူတို့အမှုမှာကူညီပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခိုင်ခိုင်ဆွေက ပြောပါတယ်။

“ဘယ်လိုပြောရမလဲ ဒီလူတွေကဆင်းရဲတယ် ငွေကြေးက ဒီလိုပေါ့ ကုန်ကျစရိတ်တောင်မနည်း ပြည့်စုံအောင်လုပ်နေရတဲ့ အပိုင်းရှိတယ်လေ။ တရားသူကြီးလည်းမကန်တော့နိုင်ဘူး။ ဘာမှလည်းမလုပ်နိုင်ဘူးဆိုတဲ့အခါကျတော့ တစ်ဘက်ကငွေနဲ့ချည်းအကုန် လမ်းခင်းသွားတာ။ တကယ်တော့ ဥပဒေဆိုတာ သူတို့ဘက်မှာ ဘာမှမရှိဘူး။ ဥပဒေကကျွန်မဘက်ကသာတယ် သို့သော် ကျွန်မတို့ဘက်ကငွေမလိုက်နိုင်ဘူး။ အဲဒီအပိုင်းမှာ သူတို့ကအကြမ်းဖက်ပြီး လုပ်သွားတာပါပဲ။ ကျောင်းသူတွေ၊ကျောင်းသားတွေနဲ့ဆိုတော့ အင်မတန်မှ အခက်အခဲတွေ့ပါတယ်။”

အဲဒီပန်းလှိုင်ဆေးရုံနား၊ ညောင်ရွာကျေးရွာ ပေ ၄၀x၆၀ မြေတွေက လက်ရှိပေါက်ဈေးနဲ့ဆိုရင် ဈေးနှုန်းကြီးတဲ့မြေတွေပါ။ မြေကွက်ပိုင်ရှင်ဆိုသူက မြေငှားစာချုပ်အတုတွေကိုအသုံးချပြီး ပိုင်ဆိုင်ကြောင်းပြောလာတဲ့အပေါ်မှာ ဒေသခံတွေကမကျေနပ်တဲ့အတွက် ဒီနေ့လိုကိစ္စတွေ ဖြစ်ရကြောင်း ဒေါ်ခိုင်ခိုင်ဆွေကဆက်ပြောပါတယ်။

“ကြာဆံစက်ရုံပိုင်ရှင်သူဌေးကနေပြီးတော့ သူကပိုက်ဆံရှိတယ်ဆိုတဲ့ဟာနဲ့ ငါးထောင်၊ တစ်သောင်းလောက်နဲ့ဝယ်ပြီးတော့ ပါးစပ်နဲ့ဝယ် တာပေါ့။ ဒီနေ့မြေကွက်တန်ဖိုးတွေကဈေးကြီးသွားတဲ့အခါ တစ်ထောင်လောက်ရှိနေတာကိုး ပေ၄၀x၆၀ကို အဲဒီအခါမှာ သူတို့ကမက်မော ပြီးတော့ သူတို့ပိုင်ပါတယ် ဒီဥစ္စာကဆိုပြီး မြေငှားစာချုပ်အတုတွေနဲ့လုပ်တာ။ အတုဆိုတာ အိုးအိမ်နဲ့တော့ ပေါင်းလုပ်တာပေါ့။ ဒါပေမဲ့ ထင်ယောင်ထင်မှားဖြစ်အောင်လုပ်ထားတဲ့ စာချုပ်အတုတွေ။ ၂၀၀၀ခုနှစ်ပါဆိုပြီး တပ်ထားတယ်၊ ၂၀၀၀ ခုနှစ်မှာ ဒီစာချုပ်တွေမပေါ်သေးဘူး ဒီလှိုင်သာယာမှာ။ မြေပုံမြေရာဇဝင်လည်းမရှိဘူး။ မြေခွန်ထမ်းဆောင်ထားတာလည်းမရှိဘူး၊ အရပ်စာချုပ်လည်းမရှိဘူး။ အဲဒီလိုမျိုးအနေ အထားလေးတွေနဲ့ ဒီစာချုပ်ကအားနည်းချက် အများကြီးရှိပါတယ်။ ဒီနေ့ထိဘယ်တရားရုံးကမှ ဒီစာချုပ်ကတရားဝင်စာချုပ်ဖြစ်ပါတယ်လို့ ဆုံဖြတ်ချက်တစုံတရာမှ မရှိပါဘူး။ ဒီသူဌေးဒီတရုတ်က ဘယ်လိုခြိမ်းခြောက်သလဲဆိုရင် သူ့စည်းစိမ်ကုန်ရင်ကုန်ပါစေတဲ့ လုံးဝအလျှော့မပေး တော့ဘူးဆိုပြီး အဲဒီလောက်ထိကိုခြိမ်းခြောက်တာ။”

လူတစ်ယောက်ထဲက မြေကွက်အများကြီးကို မမှန်မကန်သိမ်းယူဖို့ကြိုးစားလာတဲ့အပေါ်မှာ မေးခွန်းထုတ်စရာဖြစ်နေပြီး ဒေသခံတွေကတော့ နိုင်ငံတော်သမ္မတထိတိုင်ကြားဖို့ရှိတယ်လို့ ဒေသခံတစ်ဦးဖြစ်တဲ့ စောကဲဇာ ကအခုလိုပြောပါတယ်။

“ပိုင်ရှင်ဆိုတဲ့သူပေါ်လာတယ် သူထုတ်ပြတဲ့ ဂရံထဲမှာက ၂၀၀၀ခုနှစ်ကတည်းကရနေတယ်ပေါ့ ၂၀၁၂ကျမှသူကစပြီးတရားစွဲတယ်ဆိုတာ လက်ခံနိုင်စရာမဟုတ်ဘူးဆိုတာဖြစ်နေတယ်။ ဆိုရရင် ဒီလူကရော ဒီမြေ ပိုင်ရှင်တစ်ယောက်တည်းကနေပြီးတော့ ပေ၄၀x၆၀ ၂၅ကွက်ကိုဘယ်နည်းနဲ့ ရခဲ့သလဲဆိုတာကလည်း မေးခွန်းထုတ်စရာဖြစ်ပါတယ်။ ပြီးရင်နိုင်ငံတောသမ္မတဆီလည်းသူတို့ အသနားခံစာ တင်ဖို့ရှိတယ်။”

ဒီနေရာကို အင်အားသုံးဖြေရှင်းဖို့ကြိုးစားလာတာ အခုတကြိမ်နဲ့ဆို တတိယအကြိမ်မြောက်ဖြစ်ပါတယ်။ စုစုပေါင်း အိမ်အလုံးရေ ၃၀ ကျော်ဖျက်စီးခံထားရပြီဖြစ်ပြီး ကျန်တဲ့ အိမ်ခြေ ၉၀ ကျော်ကတော့ အမှုရင်ဆိုင်နေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG