သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်္ဂလာဒုံလေဆိပ်အနီးပေါက်ကွဲမှုဖြစ်၊ လုံခြုံရေးတပ်ပစ်ခတ်လို့တဦးသေဆုံး


ရန်ကုန် နိုင်ငံတကာလေဆိပ်။ (ယခင်ပုံဟောင်း)
ရန်ကုန် နိုင်ငံတကာလေဆိပ်။ (ယခင်ပုံဟောင်း)

[[Zawgyi/Unicode]]

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်ထဲက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နားမှာ ဒီနေ့မနက်ပိုင်းက ပေါက်ကွဲ၊ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ လေဆိပ်နားက လုံခြုံရေးစခန်းတခုအပေါ်တယောက်ယောက်က ဗုံးနဲ့ လှမ်းပစ် ဖေါက်ခွဲခဲ့ပြီးနောက် လုံခြုံရေးတွေက ပစ်ခတ်ခဲ့တာလို့ အခင်းဖြစ်တဲ့နားမှာနေသူက ပြောပါတယ်။ ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတယောက်သေဆုံးခဲ့တဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကိုမဆုမွန်က တင်ပြပေးထားပါတယ်။

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ထဲမှာရှိတဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နားမှာ ဒီဇင်ဘာ ၂၁ ရက် ဒီနေ့ မနက် ၇ နာရီကျော်လောက်က အသေးစားပေါက်ကွဲမှု၊ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ရန်ကုန်လေဆိပ်နဲ့မဝေးတဲ့ ဆယ်မိုင်ကုန်းထိပ်နားက လုံခြုံရေးကင်းစခန်းရှိရာကို ဗုံးလာပစ်တဲ့အတွက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ခဲ့ပြီးနောက် လုံခြုံရေးယူထားတဲ့ တပ်ဖွဲ့ဝင်တွေဘက်က သေနတ်နဲ့ ၁၅ ချက်ထက်မနည်း ပစ်ခတ်တဲ့အတွက် လူငယ်အမျိုးသားတဦး အဲ့ဒီနားမှာ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ အဲဒီနားမှာနေသူက ခုလိုပြောပြပါတယ်။

“ကျနော်က ဖြစ်ပြီးမှ အဲ့ဒီနေရာကို အခြေအနေသွားကြည့်တယ်ဆိုတော့ သွားတုန်းက ကားတွေလည်း ပိတ်ထားတယ်။ လမ်းပေါ်မှာ စစ်တာဆေးတာလောက်ပဲ ရှိတော့တာ။ ဘေးကို မေးကြည့်သလောက်ဆိုရင် အဲ့ ၇ နာရီကျော်လောက်ပေါ့။ ၇ နာရီ ၁၅ ဝန်းကျင် အဲ့ဒီလောက်ပဲရှိမှာပေါ့။ အဲ့ဒီနားမှာ အသံကြားလို့ သွားကြည့်တော့ ဗုံးပစ်သံလို့ ပြောတယ်။ ပြီးတော့ ပစ်ကြတာ ၁၅ ချက်ကျော်လောက်တော့ ရှိတယ်ပေါ့နော် ပစ်တာ။ အပြန်အလှန်ပစ်တာ မဟုတ်ဘူး။ ဟိုဘက်ကပဲ ပစ်တာပေ့ါနော်။ ကောင်လေးဘက်က ဒီ ဗုံးတစ်လုံးပဲ လာပစ်သွားတယ်ပေါ့နော်။ ပစ်ပြီးတော့ ဟိုဘက်ကနေ လှမ်းပစ်တယ်၊ ကင်းထဲကနေ လှမ်းပစ်တာပေါ့။ ကင်းထဲကနေ လှမ်းပစ်တော့ ထိသွားတယ်၊ ထိတဲ့ဟာကိုမှ ထပ်ပစ်တာ။ ထိပြီးတော့ ကောင်လေးလဲသွားတဲ့အချိန်မှာ ဝိုင်းပစ်တော့ အဲ့နားမှာ ပွဲချင်းပြီး သေတယ်လို့တော့ ပြောတယ်။ ဒါပေမယ့် အဲ့လူက ဗုံးလာပစ်တဲ့ လူလား၊ ဘယ်သူလဲဆိုတာ ဘယ်သူမှတော့ မတွေ့ဘူးပေါ့နော်။ သူကတော့ ထိသွားတော့ လဲသွားတော့ ထပ်ပစ်တယ်၊ သေတော့မှ ဒါဗုံးပစ်တယ်လို့ သူတို့ ခန့်မှန်းပြောကြတာပဲရှိတာ။”

ပေါက်ကွဲမှုအတွင်း သေဆုံးထိခိုက်မှုရှိသလား၊ ဘယ်လောက် အတိုင်းအတာ အပျက်အစီး ဖြစ်ခဲ့တယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူဟာလည်း ဗုံးလာပစ်တဲ့ သူဟုတ် မဟုတ် ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ခုလို ပေါက်ကွဲပစ်ခတ်မှုတွေဖြစ်ခဲ့ပြီးနောက် Double cab စစ်ကားတွေရောက်လာပြီး လမ်းပိတ်စစ်ဆေးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

“ဖြစ်ဖြစ်ခြင်းကို လမ်းပိတ်လိုက်တယ်၊ ပြီးတော့ ကျနော်တို့ ၈ မိုင်ဘက်ကဆိုရင် (စစ်ကား) DC ကားတွေ ဆင်းလာတယ်။ ဆင်းပြီးတော့ လမ်းပိတ်ပြီးတော့ နာရီဝက်လောက်တော့ စစ်လိုက်တယ်ပေ့ါနော်။ အဲ့ဒီစစ်နေတဲ့အချိန်မှာပဲ အလောင်းလာကောက်သွားတယ်။ ကောက်ပြီးတော့ လမ်းပြန်ဖွင့်ပေးလိုက်တယ်၊ ကျနော်တို့ သိသလောက်ကတော့။”

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ လက်နက်ကိုင် ဆန့်ကျင်လှုပ်ရှားမှုတွေရှိနေတဲ့ မြန်မာနိုင်ငံမှာ ခုလို ဖေါက်ကွဲ ပစ်ခတ်တိုက်ခိုက်မှုတွေ မကြာခဏဆိုသလိုဖြစ်နေပါတယ်။ စစ်တပ်လုံခြုံရေး တင်းကြပ်တဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နားမှာ လုံခြုံရေးတွေအပေါ် တိုက်ခိုက်မှုကတော့ အခုပထမဆုံးအကြိမ်လို့ ပြောလို့ရနိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]

မငျ်ဂလာဒုံလဆေိပျအနီးပေါကျကှဲမှုဖွဈ၊ လုံခွုံရေးတပျပဈခတျလို့တဦးသဆေုံး







#MyanmarViolence #YangonSecurity #VOABurmese


=============

XS
SM
MD
LG