သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရန်ကုန်စည်ပင်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေ စတင်


၂၀၁၄ တုန်းက ရန်ကုန်စည်ပင်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမူပိုစတာတခု

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဒီကနေ့က စပြီး တစ်လတိတိ တရားဝင် မဲဆွယ်စည်းရုံးခွင့် ရတာမို့ စတင် မဲဆွယ်နေကြပါပြီ်။ ဒီရွေးကောက်ပွဲအပေါ် ပြည်သူအများရဲ့ စိတ်ဝင်စားမှုက ဘယ်လိုရှိပါလဲ။ လေ့လာစောင့်ကြည့်သူတွေကရော ဘာတွေထောက်ပြ ပြောဆိုနေကြသလဲ ဆိုတာ ကိုကောင်းစံဟိန်းက အပြည့်စုံ ပြောပြပေးမှာပါ။

ဒီကနေ့ကစပြီး မတ်လ ၃၀ ရက်နေ့အထိ တစ်လကြာ မဲဆွယ်စည်းရုံးခွင့် ပေးထားတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေထဲက လှိုင်သာယာမြို့နယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်မယ့် ဦးလှိုင်မင်းကတော့ စတင် မဲဆွယ်နေပြီဖြစ်ကြောင်း အခုလို ပြောပါတယ်။

"Door to Door ဆင်းတယ်။ပြည်သူတွေနဲ့ တွေ့တယ်။ ပန်းဖလက်လည်း ပေးတယ် ၊ ကျနော်တို့ရဲ့ အဖွဲ့အစည်းနဲ့ ကျနော်တို့ရဲ့ ၀င်ပြိုင်တဲ့ နေရာလေးတွေကို ပြောပြတယ်။သူတို့တွေ အနေနဲ့ကလည်း လက်ခံတဲ့ အနေအထားမှာ ရှိတယ်ပေါ့နော်။"

မတ်လ ၃၁ ရက်နေ့ကျရင် ရန်ကုန်တိုင်းအတွင်း မြို့နယ် ၃၃ မြို့နယ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ၆ ဦး၊ မြို့နယ်အသီးသီးက စည်ပင်သာယာရေး ကော်မတီတွေအတွက် တမြို့နယ်ကို ၃ ဦးနှုန်းနဲ့ စုစုပေါင်း ၉၉ ဦးကို သက်ဆိုင်ရာ ရန်ကုန်မြို့တော်သူမြို့တော်သားတွေ မဲပေး ရွေးချယ်ကြရမှာဖြစ်ပါတယ်။

လှိုင်သာယာမြို့နယ်က ပြည်သူတစ်ဦးဖြစ်တဲ့ ဦးသန်းထင်အောင် ကတော့ အခု ရန်ကုန်စည်ပင် ရွေးကောက်ပွဲကနေ အပြောင်းအလဲဖြစ်လာဖို့ သိပ်မမျှော်လင့်သလို၊ အများစိတ်ဝင်စားမှုလည်း သိပ်မရှိဘူးလို့ ပြောပါတယ်။

"ဘာမှမထူးဘူး နဂိုအတိုင်းဘဲ။ သူတို့လည်း မထိန်းချုပ်နိုင်ဖူး။ သူတို့ command ပေးလည်း အောက်ကဌာနက လိုက်မလုပ်နိုင်ဖူး။ ပြည်သူတွေက ယုံကြည်မှု ကင်းမဲ့တယ်ပေါ့နော်"

လေ့လာစောင့်ကြည့်သူတွေကတော့ - ပြည်သူလူထုအနေနဲ့ နေ့တဓူဝ သွားလာ နေထိုင် လုပ်ကိုင်ရတဲ့အခြေအနေတွေနဲ့ တိုက်ရိုက် သက်ဆိုင်နေတဲ့ စည်ပင်ဌာနကို စိတ်ကြိုက်ရွေးချယ်ပြီး မြို့နေပြည်သူတွေရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ပေးနိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေ ထွက်ပေါ်လာနိုင်ဖို့ ပြည်သူတွေကိုယ်တိုင် ပါဝင် မဲပေးသင့်တယ်လို့ ထောက်ပြ ပြောဆိုကြပါတယ်။

ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှု ကော်မတီဝင်တတစ်ယောက်ဖြစ်တဲ့ မသင်ဇာရွှန်းလဲ့ရည်က ခုလို တိုက်တွန်းပါတယ်။

"စည်ပင်ကော်မတီဝင်တွေရဲ့ ဆုံးဖြတ်ချက်တွေ၊ နေ့စဉ်နဲ့အမှ သူတို့ရဲ့ ဆောင်ရွက်ချက်တွေက ကျမတို့ကို ဒါ တိုက်ရိုက်ထိရောက်တယ်။ကျမတို့ အိမ်ရှေ့မှာ ဒီအမှိုက်တွေ၊ရေစီး ရေလာမကောင်းတဲ့ ဟာတွေ မီးကိစ္စတွေ ဒါတွေက သူတို့နဲ့ ဆိုင်တယ်။သူတို့ကို ကျမတို့က မဲပေးလိုက်ခြင်းအားဖြင့် ကျမတို့ကိုယ်တိုင်ကလည်း ဒီမိုကရေစီအရ ပြည်သူတစ်ယောက်ရဲ့တာဝန်ကို ကျေပွန်လိုက်ခြင်းဖြစ်တယ်။ ပြည်သူတစ်ယောက်ရဲ့ တာဝန်ဝတ္တရားအရ ကိုယ့်ကိုနေ့စဉ် သက်ရောက်မှုရှိနေမယ့် အရာတွေကို ကိုယ်က ၀င်ပြီးဆုံးဖြတ်လိုက်ခြင်းဖြစ်တယ်။ ကျမတို့ရဲ့နေ့စဉ် အိပ်ကပ်တွေက နေ့စဉ်ထွက်နေတဲ့ ပိုက်ဆံတွေကို အကောင်းဆုံး စီမံခန့်ခွဲမှုကို ကျမတို့ သက်ရောက်မှုရှိလာအောင် တကယ်ကို မဲပေးသင့်တယ်ပေါ့နော်။"

ရွေးကောက်ခံရတဲ့ မြို့တော်စည်ပင်ကော်မတီဝင် ၆ ဦးနဲ့ တိုင်းအစိုးရကခန့်ထားတဲ့ မြို့တော်ဝန်အပါအဝင် လက်ရှိ ကော်မတီဝင် ၅ ဦးပူးပေါင်းပြီး ကျန်ရှိတဲ့သက်တမ်း နှစ်နှစ်တာအတွက် တာဝန်ထမ်းဆောင်ကြရမှာပါ။ ဥပဒေအသစ်အရ ထူးခြားချက်တခုက တော့ ရွေးကောက်ခံ ၆ ဦးထဲက တဦးကို ဒုတိယမြို့တော်ဝန်အဖြစ် ကော်မတီဝင်တွေ အားလုံးက လျှို့ဝှက်မဲပေး ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။

လာမယ့်ဧပြီလအတွင်းမှာ စတင်အသက်ဝင်လာမယ့် စည်ပင်ကော်မတီအသစ်တွေ အနေနဲ့ နောက် နှစ်နှစ်တာကာလအတွင်း ရန်ကုန်မြို့ကြီး ပြောင်းလဲသွားအောင်၊ လူထုအတွက် စည်ပင် ဖြစ်လာအောင် ဘယ်လောက် စွမ်းဆောင်နိုင်ကြပါမလဲ … ရန်ကုန်သူ ရန်ကုန်သားတွေ အားလုံးက စောင့်ကြည့် အကဲဖြတ်နေကြမှာပဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG