သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွားဖွယ် ရန်ကုန် စည်ပင်ရွေးကောက်ပွဲ


ဒလမြို့နယ်အတွင်း စည်ပင်သာယာကော်မတီဝင်အဆင့်ဆင့်ရွေးကောက်ပွဲအတွက် မဲစာရင်းစစ်ဆေးသူ အရပ်ဘက်ဝန်ဝမ်းများ။ (ဒီဇင်ဘာ ၂၇၊ ၂၀၁၄)
ဒလမြို့နယ်အတွင်း စည်ပင်သာယာကော်မတီဝင်အဆင့်ဆင့်ရွေးကောက်ပွဲအတွက် မဲစာရင်းစစ်ဆေးသူ အရပ်ဘက်ဝန်ဝမ်းများ။ (ဒီဇင်ဘာ ၂၇၊ ၂၀၁၄)

နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ်ကျင်းပခဲ့တဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်အဆင့်ရွေးကောက်ပွဲဟာ ရွေးကောက်ပွဲဆိုင်ရာ နည်းစနစ်မှားယွင်းမှုတွေ၊ လုပ်ထုံးလုပ်နည်းအားနည်းမှုတွေများစွာရှိတယ်လို့ ဝင်ရောက်ယှဉ်ပြိုင်သူတွေက ဝေဖန်ပြောဆိုသလို ပြည်သူတွေအကြား ဆန္ဒပြကန့်ကွက်မှုတွေ ရှိနေပါတယ်။ မဲဆန္ဒရှင်စာရင်း အငြင်းပွားစရာတွေရှိသလို ရွေးကောက်ပွဲ ကျင်းပနေချိန်အထိ မဲဆွယ်စည်းရုံးမှုတွေလုပ်တဲ့ စည်းကမ်းဖောက်ဖျက်မှုတွေရှိတယ်လို့ ထောက်ပြကြပါတယ်။ ဒီစည်ပင်ရွေးကောက်ပွဲကို နမူနာယူပြီး လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပြည်သူတွေကြား စနစ်တကျ ပြင်ဆင်ထားသင့်တယ်-လို့လည်း အကြံပြုကြပါတယ်။ အသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးအချက်အခြာမြို့ဖြစ်တဲ့ ရန်ကုန်မြို့ရဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်အဆင့်ရွေးကောက်ပွဲကို နှစ်ပေါင်း (၆၀) အတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၁၄၊ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက် စနေနေ့မှာ ရန်ကုန်တမြို့လုံးအတိုင်းအတာနဲ့ မြို့နယ်အသီးသီးမှာ ကျင်းပခဲ့ပါတယ်။ မဲဆွယ်စည်းရုံးရေးကာလကစလို့ မဲဆန္ဒရှင်ပြည်သူတွေ မဲပေးတဲ့အထိ ရွေးကောက်ပွဲ လုပ်ငန်းစဉ် အဆင့်ဆင့်မှာ ချမှတ်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေ လိုက်နာမှုအားနည်းတယ်လို့ ရန်ကုန် အနောက်ပိုင်းခရိုင် ကိုယ်စားပြု မြို့တော်စည်ပင် ကော်မတီဝင်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံခဲ့တဲ့ ဦးဝင်းချိုက ပြောပါတယ်။

“လူဦးရေ သိန်း ၅၀ ကျော်ရှိတဲ့ရန်ကုန်မြို့တော်ကို အခု (၄) သိန်းနဲ့ (၁) ထောင်ကျော်လို့ ပြောတဲ့အခါမှာလည်း ရန်ကုန်မြို့လူဦးရေရဲ့ (၁.၅ %) တောင် မပြည့်တဲ့အခါကျတော့ ဘယ်သူပါတယ်ဆိုတာကိုလည်း မဲစာရင်းတွေ ကပ်မထားဘူး။ အဲဒီတော့ သူတို့ ပေးရမယ်ဆိုတာလည်းမသိဘူး၊ မပေးရဘူးဆိုတာလည်း မသိဘူး။ ပြည်သူတွေက ဘာဆို ဘာမှကို မသိတာ။ မသိတဲ့အပြင် ထင်သာမြင်သာလည်းမရှိ၊ တာဝန်ယူမှု၊ တာဝန်ခံမှုလည်း မရှိတဲ့အခါကျတော့ မဲရုံတွေ ဘယ်နားရှိမှန်းမသိဘူး။ မဲစာရင်းတွေမှာ ဘယ်သူတွေပါမှန်းမသိဘူး။ ကျနော်တို့ မနေ့ကအတွေ့အကြုံအရဆိုရင် သေဆုံးသွားပြီးသားလူတွေကိုလည်း မဲစာရင်းထဲမှာ ထည့်ထားတယ်။ နောက်တခါ မဲစာရင်းမှာပါတဲ့နာမည်က လွဲနေတယ်။ အိမ်ထောင်စုစာရင်းထဲမှာပါတဲ့ နောက်ထပ်အသက် ၁၈ နှစ် ပြည့်ပြီးသားလူတယောက်ကိုလည်း ကိုယ်စားမဲပေးခွင့် မပြုဘူး။ သန်းကောင်စာရင်းလည်းယူလာတယ်၊ မှတ်ပုံတင်လည်း ယူလာတယ်။ အမှန်တကယ် မဲပေးခွင့်ပေးထားတဲ့နာမည်က ဘယ်လိုမှ အကျိုးအကြောင်းရှင်းပြလည်း လက်မခံဘူး။ အစရှိတဲ့ ကန့်သတ်ချုပ်ခြယ်မှုတွေ အရမ်းများတဲ့အခါကျတော့ တကယ်လာပေးချင်တဲ့သူတွေက စာရင်းထဲမှာ မပါဘူး။ လာပေးဖို့အတွက် သူတို့ စာရင်းထုတ်ပြန်ထားတာကလည်း ထင်သာမြင်သာမှု မရှိတဲ့အခါကျတော့ လာမပေးကြဘူး၊ မဲစာရင်းက (၄၀၈) ဦးရှိတယ်။ အဲဒါကို လာပေးတာ (၇) ဦး၊ (၇) ဦးပဲ လာပေးတယ်ဆိုတဲ့ စံချိန်တွေတောင် ရှိတယ်။”

စည်ပင်သာယာကော်မတီဝင်အဆင့်ဆင့် ရွေးကောက်ပွဲကို လာရောက်မဲပေးသူ မဲဆန္ဒရှင်ပြည်သူတစ်ဦး။
စည်ပင်သာယာကော်မတီဝင်အဆင့်ဆင့် ရွေးကောက်ပွဲကို လာရောက်မဲပေးသူ မဲဆန္ဒရှင်ပြည်သူတစ်ဦး။

ဒါ့အပြင် မဲဆန္ဒရှင်ပြည်သူတွေကြား စည်ပင်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သတင်းအချက်အလက်မှန်ရရှိမှု မဲပေးစနစ်ပညာပေးမှု လိုအပ်ချက် အားနည်းမှုတွေရှိသလို အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင်စာရင်း ခွင့်ပြုချက် ချထားပေးတာတွေမှာလည်း အငြင်းပွားစရာတွေ ရှိတယ်လို့ ရန်ကုန်စည်ပင်ကော်မတီဝင် ရွေးကောက်ပွဲယှဉ်ပြိုင်သူ ဒေါ်စူဆန်နာလှလှစိုးအတွက် ရွေးကောက်ပွဲ လှုံ့ဆော်စည်းရုံးရေး Campaignမန်နေဂျာအဖြစ် ဆောင်ရွက်ပေးခဲ့တဲ့ ဒေါ်နော်အဲလစ်စဘက်ကလည်း သူ့အတွေ့အကြုံပြောပြပါတယ်။

“မနေ့ကရွေးကောက်ပွဲမှာဆိုလို့ရှိရင် မဲရုံအတွင်းမှာတောင်မှ လာပြီးတော့မှ မဲဆွယ်စည်းရုံးတာတွေ တွေ့တယ်။ အဲဒီ တခြား ကိုယ်စားလှယ်လောင်းတွေရဲ့ ပုံကို ပေးပါဆိုပြီးတော့ မဲရုံအတွင်းမှာတောင်မှ လာပြီးတော့ မဲဆွယ်တာတွေ ရှိသေးတယ်။ နောက်တခုကကျ မဲရုံရှေ့မှာ ဘီနိုင်းတွေကပ်ထားတာ။ ဥပဒေအရ ဒါတွေက မလုပ်ရတော့ဘူးဆိုတာ ပြောထားပြီးသားလေ-နော်၊ ဒီနှစ် ဒီပုံစံနဲ့သွားမယ်ဆိုလို့ရှိရင် ကျမတို့ လိုချင်တဲ့ ဒီမိုကရက်တစ်နိုင်ငံက ဘယ်လိုမှ ဖြစ်လာမှာမဟုတ်ဘူး။ အဲဒါကြောင့်မို့လို့ လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲကြီး ၂၀၁၅ မှာ ကျမတို့ပြည်သူတွေ အားလုံး aware ဖြစ်ဖို့ လိုတယ်ပေါ့နော်။ ကျမတို့ သင်ခန်းစာ အများကြီးရတယ်၊ ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့-”

အခုလို ၂၀၁၄ခုနှစ် နှစ်ကုန်ပိုင်း ရန်ကုန်မှာ ကျင်းပခဲ့တဲ့ စည်ပင်ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ အတွေ့အကြုံပေါ် အခြေခံပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပမယ့် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အတွက် နမူနာယူစရာ ကြိုတင်ပြင်ဆင်ထားရမယ့် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ၊ ကော်မတီတွေ လုပ်ဆောင်ချက်၊ မဲဆန္ဒရှင်တွေကြား ရွေးကောက်ပွဲဆိုင်ရာ ပညာပေးမှုလိုအပ်ချက်တွေ အများကြီးတွေ့ခဲ့ရတယ်လို့လည်း ဦးဝင်းချိုက ဆိုပါတယ်။

“စည်ပင်သာယာကော်မတီက ထုတ်ပြန်တဲ့ဥပဒေတွေ၊ နည်းဥပဒေတွေ ကိုယ်နှိုက်ကိုက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်းမညီ၊ နိုင်ငံသား အခွင့်အရေးတွေလည်း မပေး၊ လူ့အခွင့်အရေးတွေလည်း ချိုးဖောက်၊ စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲမှာ ဒီလိုရှိခဲ့ရင် လာမယ့် အထွေထွေရွေးကောက်ပွဲကြီးကျရင်လည်း အဲသလိုမျိုး တရားမမျှတတဲ့ဥပဒေတွေ ကော်မရှင်က ထုတ်ပြီးတော့ ဒါတွေကို ငြင်းပယ်ခွင့်မရဘဲနဲ့ ကျနော်တို့ ထပ်ပြိုင်ရအုံးမယ်ဆိုရင် ကျနော်တို့လိုချင်တဲ့စံနှုန်းက တော်တော်ကို ဝေးနေအုံးမယ်ဆိုတဲ့အကြောင်းလေး ကျနော် ရှင်းပြတာပါ။”

ရန်ကုန်မြို့တော် ခရိုင်လေးခရိုင်မှာ ကိုယ်စားလှယ်လောင်း ၃၀၀ နီးပါး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ စည်ပင်ကော်မတီဝင်ရွေးကောက်ပွဲ မဲရလဒ်စာရင်းကို ၄၈ နာရီအတွင်း ထုတ်ပြန်ပေးမှာဖြစ်တယ်လို့ ရန်ကုန်စည်ပင်ကော်မတီဝင ်ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ ရွေးကောက်ပွဲရလဒ်တွေအရ ခရိုင်လေးခရိုင်က ကိုယ်စားလှယ်အသစ်လေးယောက်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရက တိုက်ရိုက်ခန့်ထားတဲ့ ကိုယ်စားလှယ်လေးဦးနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်းမှာဖြစ်ပါတယ်။ ရန်ကုန်မြို့တော်ဝန်ကိုတော့ သမ္မတက တိုက်ရိုက်ခန့်အပ်မှာဖြစ်ပါတယ်။

XS
SM
MD
LG