သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်စည်ပင်ရွေးကောက်ပွဲရလဒ် လုပ်ငန်းရှင်အချို့အနိုင်ရ


ရန်ကုန်စည်ပင်သာယာကော်မတီဝင် အဆင့်ဆင့်ရွေးကောက်ပွဲအတွင်း မဲစာရင်းစစ်ဆေးသူများ။
ရန်ကုန်စည်ပင်သာယာကော်မတီဝင် အဆင့်ဆင့်ရွေးကောက်ပွဲအတွင်း မဲစာရင်းစစ်ဆေးသူများ။

ဒီဇင်ဘာလ ၂၇ ရက်နေ့က ကျင်းပခဲ့တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်အဆင့်ဆင့်ရွေးကောက်ပွဲတွေမှာ အနိုင်ရသူစာရင်းကို ဒီကနေ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။ အငြင်းပွားစရာတွေရှိခဲ့တဲ့ ဒီ ရွးကောက်ပွဲပေါ်မှာ ကန့်ကွက်မှုတွေလည်း ဒီကနေ့ထိ ရှိနေသေးတာပါ။ အရွေးချယ်ခံရပြီးဖြစ်တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်တွေကတော့ သူတို့အရွေးခံရတဲ့ ခရိုင်တွေအတွက် အကောင်းဆုံး အလုပ်လုပ် မယ်လို့တော့ ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

စည်ပင်သာယာရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ်တွေရဲ့အမည်စာရင်းကို ဒီကနေ့ မြို့တော်စည်ပင် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့တာပါ။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ခရိုင်အလိုက် ကိုယ်စားလှယ် ၄ ဦး ဒီကနေ့မှာ ထွက်ပေါ်ခဲ့သလို သက်ဆိုင်ရာခရိုင်တွေအလိုက် စည်ပင်သာယာရေး ကော်မတီ ရပ်မိရပ်ဖ ဥက္ကဋ္ဌ၊ ခရိုင် တတ်သိပညာရှင်၊ ခရိုင်လူမှုရေး အဖွဲ့အစည်း၊ မြို့နယ်အလိုက် စည်ပင်သာယာရေး ကော်မတီ ရပ်မိရပ်ဖ ဥက္ကဋ္ဌ၊ မြို့နယ် တတ်သိပညာရှင်၊ မြို့နယ်လူမှုရေး အဖွဲ့အစည်းအတွက် အရွေးခံ ကိုယ်စားလှယ်အမည်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ရန်ကုန်အရှေ့ပိုင်းခရိုင် ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ရတဲ့ ဦးဌေးအောင်က သူရဲ့ခရိုင်မှာ ကြိုးနီစနစ်ပပျောက်ရေး၊ ရရှိထားတဲ့ဘတ်ဂျက်တွေကို စနစ်တကျသုံးပြီးတော့ အလုပ်လုပ်ဖို့ရှိတယ်လို့ သူကပြောပါတယ်။

“ပြောရရင်တော့ နှစ်ပေါင်းမြောက်များစွာ ဘတ်ဂျက်တွေက ဝန်ထမ်းတွေနဲ့ပဲ အုပ်ချုပ်လာတဲ့အခါကျတော့ ချွတ်ယွင်းချက်တွေတော့ ရှိနေမှာပေါ့လေ။ ချွတ်ယွင်းချက်တွေ ရှိနေတဲ့ဟာတွေ၊ လေလွင့်မှုတွေရှိနေတဲ့ဟာတွေ၊ အိတ်ထဲရောက်နေတဲ့ဟာတွေပေါ့..ဒါတွေက အရပ်ဘက်ကလူတွေ ဝင်လာတဲ့အခါကျရင်တော့ ကိုယ့်အနေနဲ့ကိုယ် ပြောရရင်တော့ ကိုယ့်ခရိုင်ထဲမှာတော့ ဒါမျိုးတော့ လုပ်လို့ မရတော့ဘူးလို့ ကိုယ်ကတော့ ပြောရမှာပေါ့နော်။ ဒါမျိုးလုပ်လို့ မရတော့ဘူးဆိုတာကို ပြောမှာပေါ့။”

ဒီဇင်ဘာလ ၂၇ ရက်နေ့က ကျင်းပခဲ့တဲ့ စည်ပင်ရွေးကောက်ပွဲမှာ အငြင်းပွားစရာအချို့လည်း ဖြစ်ခဲ့ပါတယ်။ မဲရုံနားမှာထိ မဲဆွယ်ဖို့ ကြိုးစားတာ၊ မဲစာရင်းတွေမှာ တကယ်မဲပေးခွင့်ရှိတဲ့သူတွေ ပါမလာတာ၊ မဲလာပေးတဲ့သူတွေကို အတင်း မဲထည့်ဖို့ စည်းရုံးကြတာ၊ စတဲ့ ပြဿနာတွေရှိခဲ့ပါတယ်။

ဒါကြောင့် ဒီလို မသမာမှုတွေရှိခဲ့တဲ့အပေါ်မှာ သက်သေ အထောက်အထားတွေနဲ့ ရွေးကောက်ပွဲ နည်းဥပဒေအတိုင်း ရက်ပေါင်း ၆၀ အတွင်းမှာ ကန့်ကွက်ဖို့ စပြင်ဆင်နေပြီလို့ မြောက်ပိုင်းခရိုင် ကိုယ်စားပြုပြီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း ဒေါ်စူဇန်နာလှလှစိုးက ပြောပါတယ်။ “မဲပေးတဲ့နေ့မှာဖြစ်သွားတဲ့ အကြောင်းအရာလေးတွေကို ကျမတို့ စုစည်းထားပါတယ်။ ဗွီဒီယိုတို့၊ နောက်ပြီးတော့ သူတို့အသုံးပြုတဲ့ စာရွက်စာတမ်းတွေနဲ့ ၊ နောက် လူသက်သေ၊ အဲဒါတွေအကုန်လုံးစုပြီးတော့ ကျမတို့ ကန့်ကွက်သွားမှာပါ။”

ပြီးစီးသွားတဲ့ ဒီရွေးကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံပါ အခွင့်အရေးတွေကိုတောင် ချိုးဖောက်ထားတဲ့အနေအထားမှာ ရှိခဲ့တယ်လို့လည်း ရွေးကောက်ပွဲ ဝင်ကိုယ်စားလှယ်လောင်း ဦးဝင်းချိုက ပြောပါတယ်။

“ကိုယ်စားလှယ်တွေရဲ့ မသမာမှုတွေကိုပါ အရေးမယူဘဲနဲ့ ဒီအတိုင်းလွှတ်ထားမှတော့ ရွေးကောက်ပွဲရလဒ်ကြီးဟာ ဘယ်လိုမှ တရားမျှတတဲ့ ရွေးကောက်ပွဲ ရလဒ်ကြီး ဖြစ်လာစရာမရှိပါဘူး။ ဒီကြားထဲမှာမှ တခါ- ရွေးကောက်ပွဲနေ့မှာ လာရောက်ပြီး မဲပေးကြတဲ့ပြည်သူတွေရဲ့ ရာခိုင်နှုန်းဟာလည်း သူတို့ဟာ (၄) သိန်းနဲ့ (၁) ထောင်ကိုပဲ၊ လူဦးရေ လေးသိန်းတထောင်ကျော်ကိုပဲ မဲပေးခွင့်ပေးထားတာ။ ရန်ကုန်မြို့မှာရှိတဲ့လူဦးရေက သိန်း (၅၀) ကျော်ရှိတယ်။ အဲဒီ သိန်းငါးဆယ်ကျော်ထဲက လေးသိန်းတထောင်ကိုပဲ မဲပေးခွင့် ပေးထားတာတောင်မှ အဲဒီ လေးသိန်းတထောင်ရဲ့ ၅၀ % တောင် မပြည့်တဲ့လူတွေပဲ မဲလာပေးတယ်။ အဲဒီတော့ အခုရွေးကောက်ပွဲမှာ နိုင်သွားတဲ့ကိုယ်စားလှယ်တွေဟာ တကယ်တန်းအမှန်ကတော့ ရန်ကုန်မြို့တော်သူ မြို့တော်သားတွေရဲ့ စိတ်တိုင်းကျ ရွေးချယ်ခန့်အပ်လိုက်တဲ့၊ ရွေးကောက်တင်မြှောက်လိုက်တဲ့ကိုယ်စားလှယ်တွေ မဟုတ်ဘူးဆိုတာ…”

ဒါပေမဲ့ အနောက်ပိုင်းခရိုင် ကိုယ်စားပြုပြီး အရွေးခံခဲ့ရတဲ့ ကိုယ်စားလှယ်ဦးခင်လှိုင် (ဇော်တိက) ကတော့ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း တစ်ယောက်အနေနဲ့ ပြည်သူတွေရဲ့ဆန္ဒမဲကို လွယ်လွယ်နဲ့ရခဲ့တာမဟုတ်ဘူးလို့ ပြောပါတယ်။

“ကျနော့်ကို ပြည်သူလူထုကနေပြီးတော့ ကျနော့်ကို ရွေးချယ်လိုက်တယ်၊ ပြည်သူလူထုက ရွေးချယ်တယ်ဆိုတော့- အဲဒီတော့ ဘာတွေ့ရလဲ ဆိုတော့ ပြည်သူလူထုက အခု ကျနော်တို့ ရန်ကုန်မြို့တော်မှာရှိကြတဲ့ပြည်သူလူထုက တကယ်ကိုပဲ capacity အရမ်းမြင့် ပါတယ်။ capacity တကယ်မြင့်တယ်။ အဲဒီတော့ လူတယောက်က သွားပြီးပြောမယ်ဗျာ၊ ကျနော့်ကို ရွေးပါ၊ ဘယ်လိုလုပ်ပါ။ ဟာ ..မရဘူး၊ ခင်ဗျား အရွေးခံထိလို့ မရဘူး။ ခင်ဗျားပြောတိုင်းလည်း ယုံမှာမဟုတ်ဘူး။ သူ့ရဲ့နောက်ကြောင်းတွေ အကုန်လုံးစစ်ပြီးတော့မှ ရန်ကုန်က ရွေးတာ။ အဲဒီတော့ အခုဗျာ၊ ခင်ဗျား ကြိုက်သလောက် မဲရုံထဲမှာ ကျနော့်ကို ရွေးပါ အော်ပေးကြလည်း မရွေးဘူးဗျာ။ ရမယ်ဆိုရင်တော့ အနည်းငယ်တော့ ရှိကောင်းရှိမှာပေါ့။ ဒီမှာ ရန်ကုန်က အဲလောက်နဲ့မရဘူးဗျ။ အဲလောက်အထိကို သွားတွေ့ရတယ်။”

ဒီကနေ့ ထုတ်ပြန်ခဲ့တဲ့စာရင်းအရတော့ အသစ်ပြန်ဖွဲ့မယ့် ရန်ကုန် စည်ပင်သာယာရေးကော်မတီမှာ အရှေ့ပိုင်းခရိုင် ကိုယ်စားပြု ဦးဌေးအောင်၊ အနောက်ပိုင်းခရိုင် ကိုယ်စားပြု ဦးခင်လှိုင်၊ တောင်ပိုင်းခရိုင် ကိုယ်စားပြု ဒေါက်တာ အေးမင်း၊ မြောက်ပိုင်းခရိုင် ကိုယ်စားပြု ဦးခင်မောင်တင့်တို့ အရွေးခံခဲ့ရတာပါ။

အခု ရွေးခံထားရတဲ့ သူ ၄ ဦးနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တိုက်ရိုက်ခံမယ့်သူလေးဦး၊ ပြီးတော့ သမ္မတအဆိုပြုလာမဲ့ မြို့တော် စည်ပင်သာယာ ကော်မတီဥက္ကဋ္ဌက မြို့တော်ဝန် ဖြစ်လာပြီး ရန်ကုန် စည်ပင်သာယာရေးကော်မတီကို ရှေ့နှစ်မှာ အသစ် ပြန်ဖွဲ့မှာပါ။ စည်ပင်ရွေးကောက်ပွဲမှာ တက်ကြွလှုပ်ရှားသူတွေထဲက ဦးဝင်းချိုနဲ့ ဒေါ်စူဇန်နာ လှလှစိုးနှစ်ဦး ဝင်ပြိုင်ခဲ့ပြီး အနိုင်မရခဲ့ပါဘူး။

အခုအနိုင်ရခဲ့တဲ့ ကိုယ်စားလှယ် ၄ ဦးထဲမှာ စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်ကြတဲ့ ဆာကူရာလုပ်ငန်းစုပိုင်ရှင် ဦးဌေးအောင်၊ ဇောတိကသင်္ကန်းတိုက်ပိုင်ရှင် ဦးခင်လှိုင်တို့ ပါဝင်ပြီး အတတ်ပညာရှင်ထဲက ဆရာဝန်တယေက်ဖြစ်တဲ့ ဒေါက်တာအေးမင်းဖြစ်ပြီး သူဟာ နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဒေါက်တာနေဇင်လတ်နဲ့ ညီအကိုဝမ်းကွဲ တော်စပ်ပါတယ်ခင်ဗျား။

XS
SM
MD
LG