သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်သစ်ကြိုတဲ့ ရန်ကုန်ည


ရန်ကုန်မြို့ မြို့မကွင်းမှာ ပထမဆုံးအကြိမ် အများပြည်သူများ ပါဝင်တဲ့ ၂၀၁၃ နှစ်သစ်ကူးကြိုဆိုပွဲမြင်ကွင်း ( ဇန်နဝါရီ ၁ရက် ၊ ၂၀၁၃။)
မြန်မာနိုင်ငံ အများပြည်သူပါဝင်နိုင်မဲ့ နှစ်သစ်ကူး ကြိုဆိုပွဲတခုကို ရန်ကုန်မြို့မှာ ဒီကနေ့ ကျင်းပဖို့ စီစဉ်နေပါတယ်။ တခြားနိုင်ငံတွေမှာလိုပဲ လူအများပါဝင်နိုင်တဲ့ နှစ်သစ်ကူး ကြိုဆိုပွဲကို မြန်မာနိုင်ငံမှာ စတင် မိတ်ဆက်တာဖြစ်တယ်လို့ ပွဲစီစဉ်တဲ့ တာဝန်ရှိသူ တယောက်က ပြောပါတယ်၊ မိုင်ဒါကွင်းလို့ အများသိကြတဲ့ မြို့မကွင်းမှာ လုပ်မဲ့ပွဲကို ဘယ်သူမဆို အခမဲ့ ပါဝင်ဆင်နွဲလို့ ရအောင် စီစဉ် ထားတယ်လို့လဲ ဆိုပါတယ်။ ဒီပွဲကို ဘယ်သူတွေက စီစဉ်ပြီး ဘယ်သူတွေက သွားဖို့ ပြင်ဆင်နေကြသလဲ ဆိုတာကို ဘန်ကောက်ရုံးက မစုမြတ်မွန်က အပြည့်အစုံ တင်ပြပေးထားပါတယ်။

ရန်ကုန်မြို့ ဦးဝိစာရလမ်းမှာရှိတဲ့ မိုင်ဒါကွင်းမှာ လူတိုင်းပါဝင်နိုင်တဲ့ နှစ်သစ်ကူးကြိုဆိုပွဲကို ဒီကနေ့ညမှာ ပြုလုပ်နေတာဖြစ်ပါတယ်။ MRTV4, Forever Blossom, Media ကမ္ဘာစတဲ့ လုပ်ငန်းတွေရဲ့ မိခင်လုပ်ငန်းကြီးဖြစ်တဲ့ Forever Group မီဒီယာလုပ်ငန်းကြီးက စီစဉ်တဲ့ပွဲဖြစ်ပါတယ်။ နှစ်သစ်ကူးကြိုဆိုပွဲ အစီအစဉ်နဲ့ ပါတ်သက်လို့ ပွဲစီစဉ်တဲ့ထဲက Media ကမ္ဘာ Company တာဝန်ရှိသူတယောက်က VOA မြန်မာပိုင်းကို အခုလို ရှင်းပြပါတယ်။

“ကျနော်တို့ ဒီနေ့ည အစီအစဉ်ကတော့ ဒီ Count Down မတိုင်ခင်မှာ ဖျော်ဖြေရေး တွေ ပါမယ်ပေါ့နော်။ အဆိုတော်ထဲမှာတော့ နံမည်ကြီးအဆိုတော်တွေဖြစ်တဲ့ ဖြိုးကြီးတို့၊ သားစိုးတို့၊ သျှီတို့၊ ကောင်းမြတ် အဲ့လို အဆိုတော်တွေပါတယ်။ နောက်ပြီးတော့ Dancers တွေပါမယ်။ Dancers တွေ ကတာပါမယ်။ ဟာသတွေ ဖျော်ဖြေဖို့ ခင်လှိုင်တို့၊ ဒိန်းဒေါင်တို့ပါတယ်။ နောက်ပိုင်းမှာ DJ တွေလည်းပါတယ်။ Count Down ရေခါနီး ၁၂နာရီ တီးခါနီး ကျလို့ရှိရင် နှစ်သစ်နဲ့ဆိုင်တဲ့ သီချင်းတွေ လုပ်ထားတယ်ခင်ဗျ။ ၁၂နာရီထိုးခါနီးကျရင် အစီအစဉ်တွေ အားလုံးရပ်ပြီးတော့ အားလုံး ဝိုင်းပြီးတော့ ကောင့် ရေမယ်ပေါ့နော်။ အထဲမှာလည်း LED-Screen ငါးချပ်ထည့်ထားတယ်။ Screen ပေါ်မှာ Count Down လုပ်ပြီးတော့ ဝိုင်းပြီးတော့ ရေ ကြမယ်။ နောက်ပြီးတော့ Theme song ကို အားလုံး ဝိုင်းဆိုပြီးတော့ ပရိတ်သတ်တွေနဲ့ အတူတူ လုပ်ဖို့ လုပ်ထားတာပါ။

မေး။ ။ မီးရှုးမီးပန်းတွေ ဖောက်ဖို့ ပါပါလားရှင့်။

အစကတော့ လုပ်ဖို့ရှိတယ်။ ဒါပေမဲ့ ဒီနားဝန်းကျင်ကျတော့ ဘေးနားမှာ ဆေးရုံရှိတယ်။ ပထမတော့ လုပ်ဖို့ ရည်ရွယ်ထားပေမယ့် လုံခြုံရေးကြောင့် မလုပ်ဖြစ်ပါဘူး။ "

ဒီလိုပွဲ လုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ နိုင်ငံတကာမှာလိုပဲ မြန်မာနိုင်ငံ ပြည်သူ အားလုံး နှစ်သစ်ကြိုဆိုပွဲကို ပါဝင်ဆင်နွဲနိုင်အောင် ရည်ရွယ်တာဖြစ်တယ်လို့ ပြောပါတယ်။

“အဓိကကတော့ အများပြည်သူ လာနိုင်တဲ့နေရာမှာ အများပြည်သူပါဝင်နိုင်မဲ့ နှစ်သစ်ကို ကြိုဆိုနိုင်တဲ့ အခမ်းအနားတစ်ခု ပါဝင်နိုင်အောင် ကျနော်တို့ လုပ်တာ။ နိုင်ငံတကာမှာလည်း ဒီလိုမျိုးပွဲ အကုန်လုံးရှိတယ်။ ကျနော်တို့ Screen မှာကို နိုင်ငံတကာတွေမှာ Count Down လုပ်တဲ့ ဗီဒီိယို Footage တွေကို ရရင် ပြမှာပါ။ ကျနော်တို့ရှေ့မှာ ဥပမာ နယူးဇီလန်ကစမယ်ဆို နယူးဇီလန် ပြီးရင် လာမယ့်နိုင်ငံ အဲ့လို အဲ့ဒီ့နိုင်ငံတွေရဲ့ အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေမှာ ပြတဲ့ဟာတွေပေါ့။ ကျနော်တို့ ပြည်သူတွေ ကလည်း နိုင်ငံတကာနဲ့ အတူတူ နှစ်သစ်ကို အတူတကွပေါင်းပြီးတော့ ဒီ Publice area မှာ စုဝေးပြီး ကြိုဆိုလို့ရတယ်ဆိုတဲ့ ပုံစံပေါ့။ အဲ့တာမျိုး လုပ်လို့ရတယ်ဆိုတာ ကျနော်တို့ ရည်ရွယ်ပြီးလုပ်တာပါ။”

ဒီနေ့ည ဒီဇင်ဘာ ၃၁ ရက်နေ့မှာ လုပ်တဲ့ပွဲအတွက် December လဆန်းပိုင်းထဲက အခမဲ့ လက်မှတ်တွေကို စတင်ဝေနေတာမှာ စုစုပေါင်း လက်မှတ်ပေါင်း ၃ သောင်းကျော်ကုန်သွားပြီလို့လဲ ဒီနေ့ညပွဲကို စီစဉ်တဲ့အထဲက Media ကမ္ဘာ Company တာဝန်ရှိသူက VOA မြန်မာပိုင်းကို ပြောပါတယ်။ လက်မှတ် ၁ စောင်ကို လူ ၂ ယောက် ဝင်ခွင့်ပြုထားတယ်လို့လဲ ဆိုပါတယ်။

ရန်ကုန်မြို့မှာ အခုလို အများပြည်သူအတွက် လုပ်ပေးတဲ့ နှစ်သစ်ကူး ကြိုဆိုပွဲမျိုး အရင်နှစ်တွေတုန်းက မရှိခဲ့တဲ့ အတွက် အခုလို ပထမဆုံးလုပ်တဲ့ ပွဲကို ဖြစ်အောင် သွားမယ်လို့ ပြောကြသူတွေ ထဲမှာ ရန်ကုန်မြို့က ကိုစောဟန်လဲ တယောက် အပါအဝင်ဖြစ်ပါတယ်။

“ New Year တွေက စင်ကာပူတို့ ထိုင်းတို့မှာလည်း လုပ်တယ်လေ။ သူတို့ဆီမှာတော့ ဒါတွေက လုပ်တာကြာလှပြီ။ ကျနော်တို့ နိုင်ငံမှာတော့ အခုမှ စလုပ်တာပေါ့နော်။ အဲ့တော့ အဲ့ဒီ့ပွဲကို တက်ချင်တာပေါ့။ ဘာရယ်လို့ မဟုတ်ဘူး။ ကျနော်တို့ နိုင်ငံအနေနဲ့ ပထမဆုံး လုပ်ရတဲ့ပွဲ၊ ပထမဆုံး လုပ်ခွင့်ရတဲ့ပွဲပေါ့နော်။ ပြည်သူတွေအကုန်လုံး Public ကို လုပ်ခွင့်ပေးတဲ့ပွဲမို့လို့ ကျနော်တို့က ပြည်သူတယောက်အနေနဲ့ သွားတက်တဲ့ သဘောပါ။ ကျနော်တို့ မြန်မာပြည်မှာက New Year Night ကို အရင် အရင်တုန်းက လုပ်တယ်ဆိုတာက ကိုယ့်ဘာသာကိုယ် အုပ်စုလေးတွေဖွဲ့တယ်။ ဒါမှမဟုတ်လည်း စားသောက်ဆိုင်သော်လည်းကောင်း၊ ကလပ်သော်လည်းကောင်း သူတို့ဘာသူတို့ သီးသန့်ကျင်းပတာပေါ့။ Public က တက်နိုင်တယ်ဆိုတာ သိပ်မရှိကြဘူး။ ဆိုလိုတာက လူချမ်းသာတွေပဲ လုပ်နိုင်တာပါ။ New Year ဆိုတာက အခုမှသာ ဒီလိုပွဲတွေကို Public ကို လုပ်လာတဲ့အတွက် Public က တက်လို့ရလာတာပေါ့နော်။ အဲ့တာမျိုးကြောင့်လည်း ကျနော်တို့က သွားတာပါ။”

နေရာတခုမှာ သတ်သတ်မှတ်မှတ် နှစ်သစ်ကူးပွဲလုပ်ပေးတဲ့အတွက် ပြဿနာဖြစ်တာတွေလဲ နည်းမယ်လို့ ကိုစောဟန်က မျှော်လင့်ပါတယ်၊ ဒီနေ့ည မိုင်ဒါကွင်းမှာလုပ်နေတဲ့ နှစ်သစ်ကူးပွဲကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့အပြင် ပုဂ္ဂလိက လုံခြုံရေးတွေကိုပါ ငှားရမ်းထားပြီး နှစ်သစ်ကူး ကြိကြမယ့်သူတွေအတွက် လုံခြုံအောင်စီစဉ်ထားပါတယ်လို့ ပွဲစဉ်သူတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG