သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်နဲ့ မုံရွာမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပွား


ရန်ကုန်မြို့လုံခြုံရေးတင်းကြပ်ထားတဲ့မြင်ကွင်း။ (ယခင်ပုံဟောင်း)
ရန်ကုန်မြို့လုံခြုံရေးတင်းကြပ်ထားတဲ့မြင်ကွင်း။ (ယခင်ပုံဟောင်း)

[[Zawgyi/Unicode]]

ဒီကနေ့ ဇန်နဝါရီလ ၅ ရက်နေ့က ရန်ကုန် မြောက်ဥက္ကလာပမြို့နယ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးမှာ ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ခဲ့ပါတယ်။ မုံရွာမြို့မှာတော့ ကင်းလှည့်နေတဲ့ စစ်ကောင်စီကားတစီး မိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတချို့ ထိခိုက်ဒဏ်ရာရမှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်သတင်းပေးပို့ထားတာကို မဆုမွန်က တင်ပြပေးထားပါတယ်။

ဒီကနေ့ မနက် အစောပိုင်း ၆ နာရီဝန်းကျင်လောက်က မြောက်ဥက္ကလာပမြို့နယ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေအနေကတော့ အတိအကျ မသိရသေးဘူးလို့ အဲ့ဒီအနီးဝန်းကျင်မှာ နေထိုင်သူတဦးက VOA ကို ပြောပါတယ်။

“မနက်က ၆ နာရီမထိုးခင်လေး ထပေါက်တာ။ ပေါက်ပြီးလို့ ခဏလောက်နေတော့ ဒီအာဏာပိုင်တွေ ရောက်လာတာပေါ့။ သူတို့ရောက်လာပြီးတော့ ခဏနေ ၇ နာရီလောက်ကျရင် နောက်တလုံး ထပ်ပေါက်တယ်။ ၂ လုံးပေါက် တာ၊ ပထမတလုံးက သိပ်မပြင်းဘူး။ ဒုတိယတလုံးက တော်တော်ပြင်းတယ်။ ထိခိုက်တဲ့အနေအထား သိရသလောက်ကတော့ ရုံးရှေ့မှာ ကားတွေပျက်စီးတာရှိတယ်။ ရုံးရဲ့တဘက်ခြမ်းမှာရှိတဲ့ မုန့်စားနေတဲ့သူတွေ၊ အဲဒါတွေ ရှိတယ်လို့တော့ သိရတယ်။ ကားတွေကတော့ ပျက်စီးသွားတယ်။ ရုံးထဲကသူတွေ ဘယ်လောက်ထိလဲ မထိလဲတော့ အတိအကျတော့ မသိသေးဘူး။”

ပေါက်ကွဲမှု ဖြစ်ပြီးတဲ့နောက် အမှတ် ၃ လမ်းမကြီးကို စစ်ကောင်စီတပ်တွေက ပိတ်ဆို့လိုက်ပြီး တားဆီးစစ်ဆေးတာတွေလုပ်တယ်လို့ အဲ့ဒီအနီးမှာ နေထိုင်သူတဦးက ပြောပါတယ်။ ဒီလို ပိတ်ဆို့ ရှာဖွေပြီးတဲ့နောက် ပေါက်ကွဲမှု ဖြစ်တဲ့အနီးမှာပဲ နောက်ထပ် မပေါက်ကွဲသေးတဲ့ ဗုံးတလုံး ထပ်တွေရတယ်လို့ ပြောပြပါတယ်။

မြောက်ဥက္ကလာပမြို့နယ်မှာ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့ဖြစ်တဲ့ မနေ့ကလည်း ည ၉ နာရီဝန်းကျင်လောက်က ငမိုးရိပ်တံတားအနီးမှာရှိတဲ့ စစ်ကောင်စီကင်းစခန်းတခုမှာ ပေါက်ကွဲမှုဖြစ်ခဲ့သလို သုဓမ္မာလမ်းနဲ့ ခေမာသီ လမ်းထောင့်က ကန်သာယာလမ်းဆုံအနီးမှာလည်း ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ မြောက်ဥက္ကလာပအပြင် ရွှေပြည် သာ၊ လှိုင်သာယာ၊ မရမ်းကုန်း၊ သာကေတ၊ တာမွေ စတဲ့ နေရာတချို့မှာလည်း လွတ်လပ်ရေးနေ့မှာ ပေါက်ကွဲမှုအသေးစားတွေရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာလည်း ဒီကနေ့မနက်ပိုင်းက အောင်သပြေလမ်းနဲ့ အာဇာနည်လမ်းဆုံမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီကားတစီး မိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတချို့ ထိခိုက်မှုတွေရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ပေါက်ကွဲမှုအပြီးမှာ စစ်ကောင်စီတပ်သားတွေက အနီးဝန်းကျင်မှာရှိတဲ့ ပြည်သူတချို့ကို ဖမ်းဆီးသွားတာမျိုး ရှိတယ်လို့ ပြောပြပါတယ်။

“အာဇာနည်လမ်းပေါ့၊ အဲ့ဒီနဲ့ အောင်သပြေလမ်းထောင့်မှာ မိုင်းရှင်းလာရင်းနဲ့ ကွဲတာလို့ပြောတယ်။ သုံးယောက် ထိတယ်လို့ ပြောကြတယ်။ တချို့ကလည်း ၅ ယောက်ထိတယ်ပြောတယ်။ ဒါပေမယ့် (လူနာတင်ကားပေါ်ကို) တင်သွားတာတော့ ၃ ယောက်ပဲ။ တကြိမ်ပဲ ပေါက်တယ်။ အဲ့နောက်ပိုင်း သေနတ်တွေ ဘာတွေ ပစ်တာတော့ ကြားရတယ်။ အဲ့လမ်းက ပိတ်ခံရတယ်။ ၂ နာရီလောက် ကြာပြီးမှ ပြန်ပွင့်သွားတယ်။ အဲ့နားလေးက တားဖမ်းပြီး ပါသွားတာတွေ ရှိတယ်။ စစ်ဖို့ဆိုပြီး ပါသွားတာတွေ ရှိတယ်။ မုံရွာမှာ ပေါက်ကွဲမှုကတော့ နေ့တိုင်းနီးပါးရှိတယ်၊ ဒီ New Year ကနေ စပြီးတော့။”

စစ်အာဏာရှင်ဆန့်ကျင်ရေး လျှပ်တပြတ်ဆန္ဒပြမှုတွေရော ဗုံးကွဲမှုတွေပါ ရှိနေတဲ့ မုံရွာမြို့ဝန်းကျင်မှာတော့ လုံခြုံရေးတွေ အထူးတင်းကြပ်ထားပါတယ်။ စစ်ကိုင်းတိုင်း မုံရွာမြို့အနီးဝန်းကျင်က မြို့တွေမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေရှိနေသလို အနီးဝန်းကျင်ကျေးရွာတွေမှာ စစ်ကောင်စီက နယ်မြေရှင်းလင်းစစ်ဆင်ရေးတွေလည်း ဆောင်ရွက်နေပါတယ်။

တိုက်ရိုက် လင့်ခ်

=========

[[Unicode]]










#MyanmarViolence #MyanmarSecurity #VOABurmese


=========

XS
SM
MD
LG