သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မြို့က စစ်ပွဲထောက်ခံ ဆန္ဒပြမှု


နယ်စပ်မှာ တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ စစ်ပွဲတွေနဲ့ မြန်မာတပ်မတော်ကို ထောက်ခံတဲ့ ဆန္ဒပြပွဲတရပ် ရန်ကုန်မြို့မှာ ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။ ရာဂဏန်းရှိတဲ့ ဆန္ဒပြသူတွေဟာ မြန်မာ့တပ်မတော်ကို လိုလားထောက်ခံတဲ့ ဆိုင်းပုဒ်တွေ ကိုင်ဆောင်ပြီး၊ ရန်ကုန်မြို့တွင်း လှည့်လည်ချီတက်ကာ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ စုဝေး ဟောပြောမှုတွေ လုပ်ခဲ့ကြပါတယ်။

သံဃာတော်အချို့နဲ့ အမျိုးသားရေးလှုပ်ရှားသူတွေက ဒီဆန္ဒပြပွဲကို ဦးဆောင်စီစဉ်တာဖြစ်ပြီး အရင်ကြံခိုင်ရေးလွှတ်တော်အမတ်ဖြစ်တဲ့ ဦးလှဆွေလည်း တတ်ရောက် ဟောပြောတာ တွေ့ရပါတယ်။ ကချင်နဲ့ ရှမ်းပြည်နယ်ဖက်မှာဖြစ်နေတဲ့ စစ်ပွဲမှာ တိုက်နေတဲ့ မြန်မာ့တပ်မတော်ကို ထောက်ခံပြီး ဒီစစ်ဟာ တရားသောစစ်ဖြစ်တယ်ဆိုပြီး စီစဉ်ဟောပြောသူတွေက ပြောခဲ့ပါတယ်။

နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်လာပြီးတဲ့နောက် ဆန္ဒထုတ်ဖော်မှုတွေ မကြာမကြာတွေ့လာရပေမယ့် အခုလို စစ်ကိုထောက်ခံတဲ့ ဆန္ဒပြမှုကတော့ ဒါ ပထမဆုံး ကြီးကြီးမားမားပြုလုပ်တာဖြစ်ပါတယ်။ ဒီမတိုင်ခင်ကတော့ အလံဖြူလှုပ်ရှားမှုဆိုပြီး စစ်ဆန့်ကျင်ရေးဆန္ဒပြမှု ရှိခဲ့ပါတယ်။

ကချင်နဲ့ ရှမ်းပြည်မှာဖြစ်နေတဲ့စစ်ပွဲတွေ ပိုပြီး အရှိန်မြင့်လာတာကြောင့် ဒုက္ခသည်တွေအခြေအနေဟာ ပိုပြီး စိုးရိမ်စရာဖြစ်လာတယ်လို့ ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်သူတွေက ပြောနေပါတယ်။ ကချင်ပြည်နယ် ဝိုင်းမော်အနီးက KIA ကချင်လွတ်လပ်ရေးတပ် စခန်းအချို့ကို မြန်မာ့တပ်မတော်က သိမ်းယူခဲ့ပြီး၊ နယ်မြေရှင်းလင်းရေးတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။ တိုက်ပွဲတွေအတွင်း နှစ်ဖက်စလုံးမှာ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပေမယ့် အတိအကျ တရားဝင် ထုတ်ပြန်ပြောဆိုမှုတွေ မရှိသေးပါဘူး။

XS
SM
MD
LG