သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် ဆန္ဒပြပွဲ နှိမ်နင်းမှု ဥပဒေနဲ့ ညီမညီ


ကျောင်းသားအရေး အကြမ်းမဖက်ဖို့ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွင်းခံရ- သတင်းဓာတ်ပုံ Credit to ငြိမ်းချမ်း-7days
ကျောင်းသားအရေး အကြမ်းမဖက်ဖို့ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွင်းခံရ- သတင်းဓာတ်ပုံ Credit to ငြိမ်းချမ်း-7days

ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ပညာရေးဥပဒေ ကန့်ကွက်ဆန္ဒပြတဲ့ကျောင်းသားတွေ
ကို ရဲတွေ ၊ လက်ပတ်နီနဲ့ အရပ်ဝတ်တွေက ဝင်ရောက် ရိုက်နှက်ပြီး ဖမ်းဆီးသွားတဲ့ လုပ်ရပ်ဟာ တရားဥပဒေနဲ့အညီ လုပ်ဆောင်ခြင်းမဟုတ်သလို ၊ လက်ရှိ အစိုးရရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အပေါ် အယုံအကြည် ကင်းမဲ့စေတယ် လို့ နိုင်ငံရေး အဖွဲ့အစည်းတွေက ဝေဖန်လိုက်ပါတယ်။ ကိုဉာဏ်ဝင်းအောင် က စုစည်း တင်ပြထားပါတယ်။

ကျောင်းသားသပိတ်ကို ထောက်ခံဆန္ဒပြကြတဲ့ ရန်ကုန်မြို့တော် ခန်းမရှေ့က ကျောင်းသားတွေ နဲ့ အရပ်သားတွေကို ညနေ ၄နာရီကျော်မှာ မိနစ် ၃၀အတွင်း လူစုခွဲပေးဖို့ လူစုမခွဲရင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၂၇/၁၂၈ အရ လူစုခွဲသွားမှာဖြစ်တယ်လို့ ကျောက်တံတားမြို့နယ် အုပ်ချုပ်ရေးမှူးက အသံချဲ့စက်သုံး ကြေညာခဲ့ပြီးနောက် အချိန်မစေ့ခင်မှာဘဲ လက်ပတ်နီနဲ့ အရပ်ဝတ်တွေက ဝင်ရောက် ရိုက်နှက်ခဲ့ကြောင်း အဲဒီနေရာမှာ ရှိခဲ့တဲ့ ဧရာဝတီ သပိတ်စစ်ကြောင်းတာဝန်ခံ ကိုအောင်အောင်ကျော်က ပြောပါတယ်။

"ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တာဟာတွေကို အနှောင့်အယှက်မပေးဖို့ ကျနော်တို့တွေ တောင်းဆိုတယ် ဆန္ဒပြကြတယ်။ ဒါပေမယ့် ဆန္ဒပြနေချိန်မှာ သူတို့က ဆယ်လေးငါးမီးနစ်လောက်ကြာတဲ့အချိန်မှာ မီးနစ် သုံးဆယ်အတွင်း လူစုခွဲဖို့ဆိုပြီး လာပြောတယ်။ အုပ်ချုပ်ရေးမှူးတွေက။ ကျနော်တို့ ဆန္ဒပြတဲ့ မီးနစ် နှစ်ဆယ်လောက် အတောအတွင်းထဲမှာပဲ စွမ်းအားရှင်တွေ က ကျောင်းသားထုကို ဝင်ဆွဲတယ်။ အဲဒီမှာ ပြည်သူက ကာပေးထားတဲ့ အတွက်ကြောင့် စွမ်းအားရှင်တွေနောက်ဆုတ်သွားတဲ့အချိန်မှာ ရဲကဝင်ရိုက်တယ်။ ရဲကဝင်ရိုက်တဲ့ အတွက်ကြောင့် စွမ်းအားရှင်တွေကလည်း ဝင်ဆွဲပြီးတော့ မနီလာသိန်းတို့ မနုနုအောင်တို့ ကိုမျိုးသန့်တို့နဲ့ ကိုခင်ဇော်တို့ ကျန်တဲ့ကျောင်းသားတွေ လေးငါးဆယ်ယောက်လောက် ပါသွားတယ်။ အဲ့ဒီမှာ သူတို့ လူစုခွဲခိုင်းတဲ့ မိနစ် ၃၀ မပြည့်ခင် အချိန်မှာဘဲ ရဲတပ်ဖွဲ့နဲ့ စွမ်းအားရှင်နဲ့ ပေါင်းပြီး အကြမ်းဖက်တာကို ကျနော်တို့ခံခဲ့ရတာပါ။ ဒါ ဒီအစိုးရရဲ့ လုပ်ရပ်တွေထဲမှာ ဒါ အဆိုးဝါးဆုံး လုပ်ရပ်လို့ပြောချင်ပါတယ် "

ဒီလိုလူစုခွဲတဲ့ လုပ်ရပ်ဟာ ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တာမျိုး မဟုတ်ဘူးလို့ NLD ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

"ကျနော် ပထမဆုံး မှတ်ချက်ပေးချင်တာက ဒီဥစ္စာဟာ ဥပဒေမဲ့လုပ်ရပ်။ ဥပဒေနဲ့ မညီသောလုပ်ရပ်ပဲ။ ဖြိုခွဲတာပဲဖြစ်ဖြစ် ဘာလုပ်တာပဲဖြစ်ဖြစ် အကုန်လုံးက ဥပဒေနဲ့အညီ လုပ်ရမယ်။ ဥပဒေနဲ့အညီ လုပ်လို့ရှိရင် ယူနီဖောင်းဝတ် ရဲ သော်လည်းကောင်း တခြားလက်နက်ကိုင်သော် လည်းကောင်း ဖြစ်ရမယ်။ အဲဒီတော့ အဲဒါမျိုးမဟုတ်သော ပုဂ္ဂိလ်များပါတယ်ဆိုရင် အဲဒါဟာ ဥပဒေမဲ့လုပ်ရပ်လို့ ကျနော်တို့ အဲလိုသုံးသပ်တယ်။ ပညာရေးဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုဟာ စတင်လှုပ်ရှားတဲ့အချိန်က စတင်ပြီး ညှိနှိုင်းပြောဆိုကြရင် ဒီလို အဖြစ်မရောက်ဘူး။ ချက်ချင်း မဆောင်ရွက်ဘဲ အချိန်ကြန့်ကြာမှုက ဒါတွေကိုဖြစ်စေတယ်လို့ ကျနော် အဲလိုပဲနားလည်တယ်။"

ဒီဖြစ်ရပ်ကိုကြည့်ရင် ပြုပြင်ပြောင်းလဲရေး လုပ်နေပါတယ်ဆိုတဲ့ လက်ရှိအစိုးရ အပေါ် အယုံအကြည် ကင်းမဲ့စေတယ်လို့ ၈၈မျိုးဆက် ငြိမ်း/ပွင့် အဖွဲ့ဝင် ကိုဂျင်မီက ပြောပါတယ်။

"ကျနော်တို့ကတော့ဗျာ ဒီဖြစ်စဉ်ကြီးကို သူတို့ထုတ်ပြန်ထားတဲ့ ဥပဒေနဲ့ကို မညီဘူးလို့ ကျနော်ကပြောချင်တယ်။ ဒီကနေ့အပြောင်းအလဲကာလလို့ပြောတယ် ဒီမိုကရေစီပြု ပြင်ပြောင်းလဲရေး လုပ်နေတယ်လို့ပြောတယ်။ ဖြေရှင်းတဲ့ပုံစံတွေက ပုံစံအဟောင်းတွေကို ပြန်ကျင့်သုံးလာခြင်းအားဖြင့် ဒါဟာ သူတို့ထုတ်ပြန်ထားတဲ့ ဥပဒေနဲ့ကို မကိုက်ညီဘူး။ ဒီကနေ့ပြောနေတဲ့ တရားဥပဒေစိုးမိုးရေးဆိုတာဟာ အဲဒါနဲ့ တခြားစီဖြစ်ပြီးတော့ စစ်အစိုးရခေတ်ကပုံစံကို ပြန်ပြီးတော့ ကျင့်သုံး လာတယ်။ အဲဒီတော့ ဒီလို ဖြေရှင်းပုံဖြေရှင်းနည်းနဲ့ကတော့ ကျနော်တို့ ဒါရှေ့ဆက်ပြီး သွားမယ့် ပြုပြင်ပြောင်းလဲရေးဆိုတာဟာ ဒါဟာ မဖြစ်နိုင်ဘူးဆိုတဲ့ အဓိပ္ပါယ် ထွက်လာပြီပေါ့"

လက်ပံတန်းမှာရောက်နေတဲ့ ပင်မ ကျောင်းသား သပိတ်စစ်ကြောင်းကို ဦးဆောင်နေသူ ဗကသခေါင်းဆောင် ကိုကျော်ကိုကိုကလည်း ဒီလုပ်ရပ်အပေါ် ရှုံ့ချလိုက်ပါတယ်။

"ဒီနေ့ကျနော်တို့ကြားတဲ့ အခြေအနေက လက်ပံတန်း မှာ ဆောင်ရွက်နေ တဲ့ မြို့ခံပြည်သူတွေထဲက တက်ကြွလှုပ်ရှားသူ သုံးဦးကို ဖမ်းဆီး သွားတယ်။ ဒီနေ့ ကြားရတဲ့ သတင်းက ရန်ကုန်မှာ ထောက်ခံ ဆန္ဒပြပွဲလုပ်တဲ့ အတွက် ကျောင်းသား ငါးယောက် အပါ အဝင် မနီလာသိန်း တို့ အပါအဝင် မနုတို့ ကိုမျိုးသန့်တို့ ၈၈မျိုးဆက်ကျောင်းသားဟောင်းတွေလည်း အဖမ်းခံရတယ် လို့ကြားတယ်။ အဲဒီတော့ ဝင်ဖမ်းတဲ့နေရာမှာ ရိုက်နှက်မှုတွေရှိတယ်။ ရိုက်နှက်မှု ဆိုတဲ့နေရာမှာလည်း စွမ်းအားရှင်တို့လို အရပ်ဝတ်တွေက ရိုက်နှက် တာဖြစ်တယ်။ ရဲတွေကနေ အဓိကရုဏ်းကို ဖြေရှင်းတဲ့ ပုံစံမျိုးနဲ့ ဖြေရှင်း တာမဟုတ်ဘူး။ EU က သင်တန်းပေးထားတာတွေနဲ့ လားလားမှ မဆိုင်ဘူး။ အခုလိုလုပ်တဲ့ လုပ်ရပ်ဟာ ဒါဟာ အကြမ်းဖက် လုပ်ရပ်တစ်ခုလို့ပဲ ကျနော်တို့ ရှုမြင်တယ်။ ဒီ အကြမ်းဖက် လုပ်ရပ်ကို လုံးဝလက်မခံသလို ကျနော်တို့ သပိတ် စစ်ကြောင်းအပေါ်မှာ ဒီလို အကြမ်းဖက်လာမယ်ဆိုလို့ရှိရင်လည်း ကျနော်တို့ လက်ခံမှာ မဟုတ်ဘူး။ ကျနော်တို့အနေနဲ့ ဒီမှာစည်းကမ်းရှိရှိနဲ့ ဆန္ဒပြနေ တာဖြစ်တယ်။ ငြိမ်းချမ်းသော နည်းလမ်းနဲ့ ဆန္ဒပြနေတာဖြစ်တယ်။ အခုဒီလို အစိုးရဖက်က စွမ်းအားရှင်ကို ထုတ်သုံးတာဟာ လုံးဝမှားယွင်းတယ်။ ဒီကိစ္စဟာ ကမ္ဘာကသိအောင် ကျနော်တို့ ဖော်ထုတ်ရမယ့် ကိစ္စဖြစ်တယ်ဆိုတာကို ကျနော်ပြောချင်တယ်"

မြို့တော်ခန်းမရှေ့ ကျောင်းသားတွေကို ဖြိုခွင်းတဲ့လုပ်ရပ်နဲ့ ပတ်သက်လို့ ရန်ကုန် အစိုးရအဖွဲ့နဲ့ နေပြည်တော်အစိုးရ တာဝန်ရှိသူတွေကို VOA က ဆက်သွယ် ခဲ့ပေမဲ့လည်း အဆက်သွယ် မရခဲ့ပါဘူး။

လူမှုကွန်ရက် facebook စာမျက်နှာတွေပေါ် ဒီလုပ်ရပ်ကို ဝေဖန်ပြောဆိုနေကြ ချိန်မှာ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး(ခေါ်) မှူးဇော်ရဲ့ facebook စာမျက်နှာမှာတော့ ကျင့်ထုံးဥပဒေပုဒ်မ ၁၂၇/၁၂၈ ကို ရဲတွေက သုံးတဲ့အခါ အရပ်သားတွေကိုခေါ်ယူပြီး လူစုဖြိုခွင်းတာမျိုးတွေ လုပ်နိုင်ကြောင်း ဥပဒေစာပိုဒ်ပါ အချက်အလက်တွေကို ကိုးကားပြီးဖေါ်ပြထားတာကို တွေ့ရပါတယ်။

XS
SM
MD
LG