သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းသားသပိတ် ထောက်ခံပွဲ ရန်ကုန်မြို့မှာကျင်းပ


ရန်ကုန်မြို့က ကျောင်းသားသပိတ် ထောက်ခံတဲ့ ကျောင်းသားလူထုလှုပ်ရှားမှု (ဖေဖော်ဝါရီ ၈-၂၀၁၅) Photo Credit to James jfe ( ဗကသ)
ရန်ကုန်မြို့က ကျောင်းသားသပိတ် ထောက်ခံတဲ့ ကျောင်းသားလူထုလှုပ်ရှားမှု (ဖေဖော်ဝါရီ ၈-၂၀၁၅) Photo Credit to James jfe ( ဗကသ)

ခရီးရှည်ချီတက်ဆန္ဒပြနေတဲ့ ဒီမိုကရေစီပညာရေးကျောင်းသား သပိတ်ကို ထောက်ခံတဲ့ လူထုလှုပ်ရှားမှုကို ဒီကနေ့ ရန်ကုန်မြို့မှာ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေက ဦးဆောင်ပြီး ဒီမိုကရေစီ အင်အားစုတွေနဲ့ ပြည်သူလူထုပါ ပူးပေါင်းပါဝင်လှုပ်ရှားခဲ့ပါတယ်။ ဒီကနေ့ အောင်လံကနေ ထွက်ခွာလာတဲ့ ကျောင်းသားပင်မသပိတ်စစ်ကြောင်းကို အာဏာပိုင်တွေဘက်က ပိတ်ဆို့တားဆီးမှုတွေ လုပ်ဖို့ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းထွက်ပေါ်နေပေမဲ့ ရန်ကုန်အထိရောက်အောင် ချီတက်ကြမှာဖြစ်တယ်လို့ သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တွေကပြောပါတယ်။ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ကျောင်းသားခေါင်းဆောင်တွေ မနက်ဖြန် ပညာရေးဌာနတာဝန်ရှိသူတွေနဲ့ တွေ့ဆုံကြဖို့ရှိပါတယ်။ အခြေအနေ အသေးစိတ် မဆုမွန်က စုံစမ်းတင်ပြထားပါတယ်။

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ မန္တလေးကနေ ရန်ကုန်အထိ ခရီးရှည်ချီတက်သပိတ်မှောက်နေတဲ့ ဒီမိုကရေစီကျောင်းသား သပိတ်စစ်ကြောင်းနဲ့ အခြားတိုင်းနဲ့ ပြည်နယ်တွေက ချီတက် လာနေတဲ့ကျောင်းသားသပိတ်လှုပ်ရှားမှုတွေကို ထောက်ခံတဲ့အနေနဲ့ တက္ကသိုလ် ကျောင်းတွေက ကျောင်းသား၊ ကျောင်းသူတွေက ဦးဆောင်တဲ့ လူထု လှုပ်ရှားမှုတရပ်ကို ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်ခဲ့တာပါ။ တာမွေအဝိုင်း ဗိုလ်စိန်မှန်ကွင်းကနေ စတင်ပြီး ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့အထိ ရာချီတဲ့ ကျောင်းသားပြည်သူလူထုက ချီတက်လမ်းလျှောက်ခဲ့ကြတယ်လို့ လူထု လှုပ်ရှားမှုမှာ ပါဝင်တဲ့ အနုပညာတက္ကသိုလ်က ကိုအောင်သောင်းက ဗွီအိုအေကိုပြောပါတယ်။

ရန်ကုန် ကျောင်းသားသပိတ်ထောက်ခံပွဲ ကျောင်းသားပြည်သူလူထုလှုပ်ရှားမှု (Credit to James jfe)
ရန်ကုန် ကျောင်းသားသပိတ်ထောက်ခံပွဲ ကျောင်းသားပြည်သူလူထုလှုပ်ရှားမှု (Credit to James jfe)

“ဒီမိုကရေစီပညာရေးလှုပ်ရှားမှုသပိတ်ကို ကျနော်တို့ ထောက်ခံပါတယ် ဆိုတဲ့ အကြောင်းရယ်၊ သပိတ်စစ်ကြောင်းအသီးသီးမှာ ပါဝင်နေတဲ့ မိဘပြည်သူတွေ၊ ကျောင်းသားပြည်သူတွေကို အကြမ်းမဖက်ဖို့ရယ်၊ နောက်တခု ကကျတော့ ရိုးသားပွင့်လင်းတဲ့၊ တကယ့်ပညာရှင်တွေပါဝင်တဲ့ ဆွေးနွေးပွဲတခုကနေ ကျနော်တို့နဲ့ ပညာရေး စနစ်ဆိုးကြီးရဲ့ အဖြေကို ပြဿနာကို အဖြေရှာဖို့ ရည်ရွယ်ချက်တွေနဲ့ တောင်းဆိုရင်းနဲ့ ကျနော်တို့ ဒီနေ့ပွဲကို ပြုလုပ်တာဖြစ်ပါတယ်။”

ရန်ကုန်မြို့တွင်း ချီတက်လာရာ လမ်းတလျှောက် မြို့နယ်တွေက ပြည်သူလူထုကို အမျိုးသားပညာရေးဥပဒေကို ကျောင်းသားတွေက ဘာကြောင့် ကန့်ကွက်ရပါသလဲဆိုတာ ဟောပြောခဲ့ကြသလို လူထု ကလည်း ထောက်ခံတဲ့အနေနဲ့ ဝိုင်းဝန်းပူးပေါင်းချီတက်လာကြတယ်လို့ သန်လျင် နည်းပညာ တက္ကသိုလ်က ကိုသင့်မြတ်ကလည်း အခုလိုပြောပါတယ်။

“ကျနော်တို့က သပိတ်ထဲသာ မလိုက်သွားတာ၊ ကျနော်တို့ရဲ့သဘောထားက ရန်ကုန်မှာ ကျန်တဲ့ကျောင်းသားတွေအားလုံးရဲ့သဘောထားက သပိတ် လမ်းကြောင်းမှာ လျှောက်နေတဲ့ (ကျောင်းသားတွေရဲ့) သဘောထားနဲ့ အကုန်လုံး အတူတူပါပဲလို့ပဲ ပြောလို့ရတယ်။ သူတို့ ရန်ကုန်ကို ရောက်လာတဲ့အခါကျရင် ရန်ကုန်မှာ သပိတ်တခုခု စုလာနိုင်မယ်လို့ ခန့်မှန်းတယ်ပေါ့။”

မန္တလေးကနေ ရန်ကုန်အထိ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသက ဦးဆောင်ချီတက်လာတဲ့ ပင်မကျောင်းသားသပိတ် စစ်ကြောင်းဟာ ဒီကနေ့မှာတော့ အောင်လံမြို့ကနေ ထွက်ခွာပြီး ပြည်မြို့ကို ခရီးဆက်နေကြပါတယ်။

မန္တလေးကရန်ကုန်ကို ခရီးရှည်ချီတက်နေတဲ့ ဒီမိုကရေစီ ပညာရေး သပိတ် စစ်ကြောင်း (ဓာတ်ပုံ-ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ)
မန္တလေးကရန်ကုန်ကို ခရီးရှည်ချီတက်နေတဲ့ ဒီမိုကရေစီ ပညာရေး သပိတ် စစ်ကြောင်း (ဓာတ်ပုံ-ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ)

ချီတက်ရာ လမ်းတလျှောက် ကျေးရွာတွေက ပြည်သူတွေက တခဲနက်ကြိုဆိုကြသလို ပြည်မြို့မှာ လုံခြုံရေးစိုးရိမ်စရာရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့အကြောင်း ဦးဆောင်ချီတက်နေသူ တစ်ဦးဖြစ်တဲ့ ဗကသကျောင်းသားကိုမြတ်သူက အခုလိုပြောပါတယ်။

“အခု စစ်ကြောင်းကတော့ စံပယ်ကိုးကွေ့နား ရောက်နေပြီဗျ။ ကျနော်တို့ အောင်လံက မနက် ကိုးခွဲလောက်က ထွက်လာတယ်ဗျ။ မနေ့ကညက အောင်လံကိုဝင်တော့ လူတွေ သိန်းချီပြီးကြိုဆိုတယ်ဗျ။ အနီးအနား ပတ်ဝန်းကျင် ရွာတွေကပါ တက်လာတယ်ပေါ့နော်၊ အောင်လံမြို့အဝင် ကနေစပြီးတော့ ကျနော်တို့တည်းခိုတဲ့ တာဝတိံသာကျောင်း ရောက်တဲ့အထိ လူတန်းက ပြတ် မသွားဘူးပေါ့၊ ပြည်သူလူထုထောက်ခံမှုကလည်း ကျနော်တို့ဖြတ်သွားတဲ့ ရွာတိုင်း ရွာလုံးကျွတ်နီးပါး ထွက်ကြိုကြတာကို တွေ့ရတယ်။ အခြေအနေကတော့ လက်ရှိမှာ သတင်းမျိုးစုံထွက်နေတယ်ပေါ့နော်၊ ကျနော်တို့ကို ပြည်ကို အဝင်မခံဘူး။ တားမယ်ဆိုတဲ့ဟာမျိုး ကြားရတယ်။ မနက်က ကျနော် လမ်းကြောင်းထွက်လာတော့ ရှေ့ပြေးကြိုထွက်လာတော့ ယုန်ဖြူတောင်နားမှာ Barricade တွေချထားတယ်။ ရဲအင်အား ၃၀ လောက် ရှိတယ်ပေါ့။ အဲဒီရဲ့အကျော် ၂ မိုင်လောက်မှာရှိတဲ့ အနားမှာလည်း ရဲတပ်ရင်း၊ အဲဒီမှာလည်း ရဲတွေလုံခြုံရေးယူပြီးတော့ ရှိနေတာ တွေ့ရတယ်။”

မန္တလေးကရန်ကုန်ကို ခရီးရှည်ချီတက်နေတဲ့ ဒီမိုကရေစီ ပညာရေး သပိတ် စစ်ကြောင်း (ဓာတ်ပုံ-ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ)
မန္တလေးကရန်ကုန်ကို ခရီးရှည်ချီတက်နေတဲ့ ဒီမိုကရေစီ ပညာရေး သပိတ် စစ်ကြောင်း (ဓာတ်ပုံ-ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ)

လေးပွင့်ဆိုင်ဆွေးနွေးမှု ခေတ္တရပ်ဆိုင်းပြီးတဲ့နောက် NNER က ကိုယ်စားလှယ် ဒေါက်တာသိန်းလွင်ကို သီးခြားတွေ့ဆုံဖို့ မြန်မာအစိုးရဘက်က ကမ်းလှမ်းခဲ့ပြီး အစိုးရပညာရေး ဒုဝန်ကြီးနဲ့ ဒေါက်တာ သိန်းလွင်တွေ့ဆုံခဲ့ပြီးနောက်မှာတော့ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး NNER ကိုယ်စားလှယ်တွေ အပါအဝင် ဒီမိုကရေစီပညာရေး ဦးဆောင်ကော်မတီဝင်ကျောင်းသား ကိုယ်စားလှယ်သုံးဦးပါ ပါဝင်နိုင်ဖို့အရေး တောင်းဆို ဆွေးနွေးခဲ့တဲ့အတွက် ဖေဖော်ဝါရီလ ၉ရက်နေ့မှာ ထပ်မံ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ ဗကသများအဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်က ပြောပါတယ်။

“အဓိကဆွေးနွေးမှာက- အဓိကဖြစ်နေတဲ့ကိစ္စက အစိုးရဘက်ကနေပြီးတော့ ပထမ ဆွေးနွေးပွဲကို တဘက်သတ်ရွှေ့ဆိုင်းတယ်၊ ရွှေ့ဆိုင်းပြီးတဲ့ နောက်ပိုင်းမှာ အကြောင်းပြချက်ပေးတာတွေက အမျိုးမျိုး ဖြစ်နေတယ်။ ဥပမာ ကျမတို့ကိုပေးတဲ့အကြောင်းပြချက်က တမျိုးဖြစ်နေတယ်။ မီဒီယာတွေကို ပေးတဲ့အကြောင်းပြချက်ကတမျိုးဖြစ်နေတယ်။ နောက် ကြေညာချက်တွေထွက်လာတော့ တမျိုးဖြစ်နေတယ်။ အဲဒီတော့ အစိုးရအနေနဲ့ ဒီဆွေးနွေးပွဲကို တကယ်ပဲ ပြည်သူတွေ၊ ကျောင်းသားတွေရဲ့ဆန္ဒကို တကယ်ပဲလိုက်နာ လေးစားလို့ တကယ်ပဲ ဆက်ပြီးတော့ ဒီဆွေးနွေးပွဲကို ရိုးရိုးသားသားနဲ့ ပြုလုပ်မှာလား၊ ဒါမှ မဟုတ်လို့ရှိရင် ဆွေးနွေးပွဲအယောင်ပြပြီးတော့ တဘက်က ကျောင်းသားထုကို၊ ကျောင်းသားသပိတ်ကို ဖြိုခွဲဖို့၊ အကြမ်းဖက်ဖို့ ဖြစ်လာမှာလားဆိုတဲ့သံသယတွေ ကျမတို့ကျောင်းသားထု၊ ပြည်သူလူထုကြားမှာ - ပြီးခဲ့တဲ့ရက်က ထွက်လာတဲ့ Statement တွေ၊ မနေ့က ပြည်ထဲရေးဝန်ကြီး ဦးကိုကိုနဲ့အင်တာဗျူးတွေမှာ အများစု သံသယဝင်စရာဖြစ်လာတဲ့စကားတွေကို တွေ့ရတယ်ရှင့်။ အဲ့တော့ ဒီဆွေးနွေးပွဲက ရိုးသားဖို့လိုပါတယ်။ ဒီဆွေးနွေးပွဲက ပွင့်လင်းမြင်သာမှုရှိဖို့လိုပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။”

အခုဆိုရင် အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ မုံရွာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကလည်း ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းနဲ့ မြို့တွင်းလှည့်လည်ဆန္ဒပြနေကြသလို၊ ပခုက္ကူမြို့ကနေ မြေလတ်စစ်ကြောင်းအဖြစ် သပိတ်မှောက်ကျောင်းသားတွေ ချီတက် လာနေသလို ဧရာဝတီဘက်ကလည်း အခြေခံ ကျောင်းသူကျောင်းသားတွေပါအပါအဝင် သပိတ်မှောက်ကျောင်းသားတွေက ချီတက်လာနေပြီ တပြည်လုံးက သပိတ်မှောက်ကျောင်းသားတွေရဲ့ လှုပ်ရှားမှုကို ဒီမိုကရေစီအင်အားစုတွေနဲ့ ဒေသခံပြည်သူလူထုကလည်း ကြိုဆိုခဲ့ကြပါတယ်။သပိတ်မှောက်ကျောင်းသားစစ်ကြောင်းတွေ အကုန်လုံး ရန်ကုန်မှာ စုစည်းပြီး လိုလားတဲ့တောင်းဆိုချက်တွေ မရမချင်း ငြိမ်းချမ်းစွာ သပိတ်မှောက် တောင်းဆိုသွားမှာဖြစ်တယ်လို့ သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တွေကပြောပါတယ်။

XS
SM
MD
LG