သုံးရလွယ်ကူစေသည့် Link များ

အနိမ့်ဆုံးလုပ်အားခ ကျပ် ၄,၀၀၀ သတ်မှတ်ရေး ဆန္ဒပြတောင်းဆို


လှိုင်သာယာစက်မှုဇုန်အလုပ်သမားတွေ အနိမ့်ဆုံးလုပ်အားက တောင်းဆိုဆန္ဒပြကြစဉ်။ (ဇူလိုင် ၁၂၊ ၂၀၁၅။)

မြန်မာနိုင်ငံကအလုပ်သမားတွေအတွက် အနိမ့်ဆုံးအခြေခံလုပ်အားခကို တနေ့ ၃,၆၀၀ ကျပ်အဖြစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ အနည်းဆုံး အခကြေးငွေဆိုင်ရာ အမျိုးသားကော်မီတီကနေ အဆိုပြုသတ်မှတ်လိုက်တာကို ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာအထည်ချုပ်စက်ရုံက အလုပ်သမားတွေ ဒီကနေ့ချီဆက်ဆန္ဒပြကြပါတယ်။ ရိုက်တာသတင်းတပုဒ်ကိုအခြေခံပြီး နန်းလောင်ဝ် က တင်ပြထားပါတယ်။

အလုပ်သမားတွေရဲ့ အနိမ့်ဆုံး အခြေခံလုပ်ခလစာကို သတ်မှတ်နိုင်ဖို့ အစိုးရကိုယ်စားလှယ်တွေ ၊အလုပ်ရှင် အလုပ်သမား ကိုယ်စားလှယ်တွေဟာ ဇွန်လ ၂၄ နဲ့ ၂၅ ရက်နေ့တွေ မှာတွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး နောက်ဆုံးမှာတော့ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေး အမျိုးသားကော်မီတီက အနိမ့်ဆုံး လုပ်ခလစာအဖြစ် တရက်ကို ကျပ် ၃,၆၀၀ အဖြစ်အဆိုပြုသတ်မှတ် ပေးနိုင်ခဲ့ပါတယ်၊ ဒီအဆိုပြုချက်ကို အလုပ်ရှင်၊ အလုပ်သမားနှစ်ဘက်စလုံး ဇူလိုင်လ ၁၃ ရက်၊ မနက်ဖြန်တနင်္လာနေ့နောက်ဆုံးထားကန့်ကွက် အကြံပြုနိုင်တယ်လို့ ကော်မီတီက ခွင့်ပြုထားပါတယ်။ လောလောဆယ်အလုပ်သမားတွေရဲ့အခြေခံလုပ်အားလစာက ကျပ် ၃,၀၀၀ ဖြစ်ပါတယ်၊ ဒါပေမယ့်လည်း တနေ့ကျပ် ၃,၆၀၀ သတ်မှတ်လိုက်ရင် သူ့တို့ရဲ့စီးပွါးရေးထုတ်လုပ်မှုကိုထိခိုက်နိုင်တဲ့အတွက် တရုတ်နဲ့ ကိုးရီးယားပိုင် အထည်ချုပ်ကုမ္ပဏီတချို့က အလုပ်ပိတ်ပြီး ပြန်ရုပ်သွားဖို့ ခြိမ်းခြောက်တဲ့သဘောနဲ့ ပြောဆိုမှုတွေလည်းရှိလာခဲ့ပါတယ်။

အခုလိုအနိမ့်ဆုံးအခြေခံလုပ်ခလစာကို တနေ့ ၃,၆၀၀ ကျပ်သတ်မှတ်လိုက်တာကို နဂိုတောင်းဆိုခဲ့တဲ့ကျပ် ၄,၀၀၀ ပေးဖို့ အလုပ်သမားတွေ ဘက်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ ကအလုပ်သမား၂၅၀ လောက် ဒီကနေ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဒါဟာ တနေ့လုပ်အားခ ကိုတရားဝင်သတ်မှတ်လိုက်ပြီးတဲ့နောက်အထည်ချုပ်စက်ရုံ က အလုပ်သမားတွေ ပထမဆုံးအကြိမ် စုဝေး ဆန္ဒပြကြတာလည်း ဖြစ်ပါတယ်။ ဒီလိုဆန္ဒပြရတဲ့အကြောင်းရင်းနဲ့ပတ်သက်လို့ ဆန္ဒပြအလုပ်သမားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုအောင်မျိုးမင်းက ခုလိုပြောပါတယ်။

“ကျနော်တို့တောင်းဆိုတာက ၃,၆၀၀ ပဲဖြစ်ဖြစ်၊ ၄ ထောင်ပဲဖြစ်ဖြစ် အခြေခံလစာကိုပဲတောင်းဆိုတာဖြစ်တယ်။ OT မပါ၊ အခြေခံလစာ ကျပ်တခုတည်း ၃,၆၀၀ ဆိုလို့ရှိရင်တော့ ဘယ်လိုပဲပြောပြော၊ မလောက်ငပေမယ့် နောက်ဆုံး ၄ ထောင်မရတဲ့အဆုံးတော့ လက်ခံပေးရမယ့် အနေအထားတခုပေါ့လေ။”

ဒီအဆိုပြုချက်ကို အလုပ်ရှင်ဘက်ကရော၊ အလုပ်သမားဘက်က ပါကန့်ကွက်မှုတွေ၊ ထောက်ခံမှုတွေ နှစ်မျိုးလုံးရှိနေခဲ့တာပါ။ ဒီလို ကန့်ကွက်မှုတွေ၊ အကြံပြုတာတွေအားလုံးကို ဇူလိုင်လ ၁၃ ရက်နေ့အထိလက်ခံသွားမယ်လို့ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရေး ကော်မီတီရဲ့အတွင်းရေးမှူးလည်းဖြစ်၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက တိုင်းဦးစီးမှုး ဒေါ်မိုးမိုးသွင်က VOA နဲ့ ဇူလိုင်လ ၁၀ ရက်နေ့က မေးမြန်းခန်းတခုမှာ အတည်ပြု ပြောဆိုသွားခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာလည်း အလုပ်သမားတွေရဲ့ အနိမ့်ဆုံးလုပ်ခလစာကို သတ်မှတ်နိုင်ဖို့ အလုပ်သမား အဖွဲ့ အစည်းတွေရော အလုပ်သမားတွေ ကိုယ်တိုင်ကပါ ဆန္ဒပြတောင်းဆိုမှုတွေ တောက်လျှောက်ဆိုသလို ရှိလာခဲ့ကြတာပါ။ အခြားအာဆီယံနိင်ငံတွေနဲ့စာရင် တနေ့လုပ်အားခ ကျပ် ၃,၆၀၀ ဟာ နည်းနေသေးပေမယ့်လည်း ဆန္ဒပြအလုပ်သမားတယောက်ဖြစ်တဲ့ကိုအောင်ဖြိုးပိုင်က ကခုလိုပြောပါတယ်။

“အခု ၃,၆၀၀ ဆိုတာကတော့ မြန်မာနိုင်ငံမှာ အရမ်းနည်းပါတယ်။ ဘယ် အာဆီယံနိုင်ငံတွေနဲ့ပဲယှဉ်ယှဉ် ၃,၆၀၀ ဆိုတာက အရမ်းနည်း ပါတယ်။ ဒါပေမယ့် အဲလောက်ရရင်ပဲ အလုပ်သမားတွေက ကျေနပ်လောက်မယ်လို့ ထင်ပါတယ်။”

လုပ်အားလစာ တိုးမြှင့်ပေးရေး အပါအ၀င် ခုလို အလုပ်သမားအခွင့်အရေး တောင်းဆိုဆန္ဒပြမှုတွေ ၂၀၁၀ ခုနှစ်လောက်ကတည်းက နေရာ အတော်များများမှာ ရှိခဲ့ပြီးအလုပ်ရှင် အလုပ်သမားပြသနာတွေရှိခဲ့ပါတယ်။ ဒီလိုဆန္ဒပြမှုတွေကြောင့် အလုပ်သမားတွေကို အကြမ်းဖက် နှိမ်နှင်းတာတွေ၊ ဖမ်းဆီးအရေးယူမှုတွေနဲ့လည်း ကြုံခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ လူလတ်တန်းစား၊ အခြေခံလူတန်းစား၊ အလုပ်သမားတွေ အနေနဲ့ လူနေမှုစားရိတ်မြင့်တက်လာတာကိုရင်ဆိုင်နေရပြီး အနိမ့်ဆုံးလုပ်ခ ၃၆၀၀ ရရင်တောင်မှ လောက်ငှရုံအဆင့်လောက်ပဲ ရှိသေးတယ် လို့ အလုပ်သမားတွေကဆိုပါတယ်။ အစိုးရဘက်ကလည်း အလုပ်ရှင်တွေရောအလုပ်သမားတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ လိုတယ်လို့ ပြောဆိုမှုတွေရှိနေတာပါ။ ဒီလိုအငြင်းပွားမှုတွေ၊ တင်းမာမှုတွေ၊ ဆန္ဒပြမှုတွေကြားကပဲ လူနေမှုစားရိတ်နဲ့ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတဲ့ဒဏ်ကို လူများစုဖြစ်တဲ့ လူလတ်တန်းစားနဲ့ အခြေခံလူတန်းစားနေတွကတော့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG