သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

YBS ပြသနာ NLD တိုင်းအစိုးရနဲ့ တိုင်းအမတ်တွေ ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမလဲ


YBS yangon bus service

ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က ရန်ကုန်တိုင်း လွှတ်တော်မှာ အင်းစိန်မြို့နယ် တိုင်းလွှတ်တော်အမတ် ဦးဝေဖြိုးဟန် တင်သွင်းထားတဲ့ YBS ၀န်ဆောင်မှုနဲ့ ပတ်သက်တဲ့ အဆိုတစ်ရပ်ကို ဆွေးနွေးကြပါတယ်။ ဦးဝေဖြိုးဟန် တင်ထားတဲ့ အဆိုက “ ရန်ကုန်တိုင်း ဒေသကြီးအတွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်အား ယခုထက် ပိုမိုကောင်းမွန်လာစေရေးနှင့် ထိရောက်သော စည်းမျဉ်း စည်းကမ်းများနှင့်အညီ အရေးယူ ဆောင်ရွက်ပြီး လုပ်ငန်း ဆောင်ရွက်ချက်များအား အများပြည်သူ သိရှိနိုင်ရေး ပွင့်လင်းမြင်သာမှုရှိစွာ ချပြနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း” ဆိုပြီး ဖြစ်ပါတယ်။ ဒီ အဆိုနဲ့ ပတ်သက်ပြီး တိုင်းအမတ် စုစုပေါင်း ၂၆ ယောက်က တက်တက်ကြွကြွ ဆွေးနွေးခဲ့ကြပြီး YBS အကောင်အထည် ဖော်မှုနဲ့ ပတ်သက်တဲ့ အားနည်းချက် ပေါင်းစုံကို ထောက်ပြခဲ့ကြပါတယ်။ တဆက်တည်း ဧပြီလ ၂၆ ရက်နေ့မှာတော့ အဆိုနဲ့ ပတ်သက်လို့ တိုင်းအစိုးရဘက်က ပြန်ရှင်းလင်းတာတွေ လုပ်ပြီး လွှတ်တော်ကနေ အဆိုကို အတည်ပြုပေးလိုက်ပါတယ်။ ဒီ အဆိုကိစ္စ အမတ်တွေ ဆွေးနွေးတဲ့နေ့မှာရော၊ အဆို အတည်ပြုတဲ့နေ့မှာပါ YBS ကို ဦးဆောင် အကောင်အထည် ဖော်ခဲ့တဲ့ တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း မတက်ပါဘူး။ YBS ကိစ္စ ဆွေးနွေးချက်တွေမှာ ဘာတွေ ပါသလဲ၊ ဒီ ပြသနာနဲ့ ပတ်သက်ပြီး အစိုးရနဲ့ လွှတ်တော် အထင်အမြင်တွေ လွဲနေကြသလား၊ YBS စနစ် အောင်မြင်ရေး ဘာလုပ်သင့်သလဲ ဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

ဧပြီ ၂၄ ရက်နေ့က တိုင်းအမတ်တွေ ဆွေးနွေးသွားတဲ့ အချက်ပေါင်းစုံကို ခြုံငုံသုံးသပ်ကြည့်ရင် အဓိက အချက်ကြီး နှစ်ခု တွေ့ရပါတယ်။ ပထမ တစ်ချက်က တိုင်းအစိုးရဟာ ရန်ကုန် ဘတ်စ်ကားပြေးဆွဲ ၀န်ဆောင်မှုပေးတဲ့ လုပ်ငန်းကို အရင် မထသ စီမံခန့်ခွဲမှုကနေ YRTA လို့ခေါ်တဲ့ ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ က လွှဲပြောင်းရယူပြီး YBS စနစ် အကောင်အထည် ဖော်တဲ့ကိစ္စ လွှတ်တော်ဘက်ကို ကြိုတင် ညှိနှိုင်းတိုင်ပင် အကြောင်းကြားတာမျိုး မလုပ်တဲ့ကိစ္စ၊ ပွင့်လင်းမြင်သာမှု မရှိတဲ့ ကိစ္စနဲ့ အပြောင်းအလဲ မအောင်မမြင် ဖြစ်နေတဲ့ ပြသနာပဲ ဖြစ်ပါတယ်။ အပြောင်းအလဲဟာ ရည်မှန်းချက်ကို မပေါက်ရောက်ဘူး၊ မအောင်မမြင် ဖြစ်နေတယ် ဆိုတာက ရန်ကုန်ဘတ်စ်ကားစနစ်မှာ အရင်အတိုင်းပဲ ပြည်သူတွေ ကြပ်ညှပ်ပြီး စီးနေရတာ၊ ဘတ်စ်ကားတွေကို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရပြီး တစ်နေရာကနေ တစ်နေရာသွားဖို့ အချိန် အတော်ပေးရတာ၊ ဘတ်စ်ကား ဒရိုင်ဘာ စပယ်ယာတွေဟာ အရင်တုန်းကအတိုင်း ယာဉ်စီးကမ်း ချိုးဖေါက်မြဲ ချိုးဖေါက်၊ အမြန်လု မောင်းမြဲမောင်း၊ ကားခ ပိုတောင်းမြဲတောင်း၊ အများပြည်သူအပေါ် ဆက်ဆံမှု ဆိုးမြဲဆိုး စတဲ့ အခြေအနေတွေကို ဆိုလိုတာ ဖြစ်ပါတယ်။

တကယ့် အခြေအနေမှန်ကို ပြန်ကြည့်ရင် အရင် ခေတ်အဆက်ဆက်ကတည်းက မထသ အဖွဲ့ကြီးက စီမံခန့်ခွဲလာတဲ့ ရန်ကုန်ဘတ်စ်ကား စနစ်ဟာ အလွန်ဆိုးရွားပါတယ်။ ခြုံငုံပြီး ပြောရရင် မထသ အဖွဲ့ကြီးရဲ့ အဂတိလိုက်စားမှု နဲ့ ဘတ်စ်ကား စပယ်ယာ၊ ဒရိုင်ဘာတွေရဲ့ ယာဉ်စည်းကမ်း ချိုးဖေါက်မှု၊ ခရီးသည်တွေအပေါ် ဆိုးရွားတဲ့ ဆက်ဆံမှုစတာတွေ ဖြစ်ပါတယ်။ အဲဒီ အခြေအနေအောက်မှာ ပြည်သူတွေဟာ ဘတ်စ်ကားပေါ်မှာ ကြပ်ညှပ်ပြီး စီးရတာ၊ အချိန်ကြာမြင့်စွာ စောင့်ဆိုင်း စီးရတာ၊ ကားခတွေ ပိုပေးရတာ၊ ရိုင်းပျစွာ ဆက်ဆံခံရတာ၊ အိုမင်းဟောင်းနွမ်းနေတဲ့ ကားတွေကိုပဲ စီးရတာ၊ အန္တရာယ် မကင်းတာ စတဲ့ အခြေအနေဆိုးတွေကို နှစ်ပေါင်းများစွာ ခါးစီးခံခဲ့ကြရတာ ဖြစ်ပါတယ်။

ဦးဖြိုးမင်းသိန်း ၀န်ကြီးချုပ်ဖြစ်လာတဲ့အခါ အဲဒီ အခြေအနေကို ပြောင်းလဲဖို့ ကြိုးစားတာ တွေ့ရပါတယ်။ အခုလို ခရီးသွားပြည်သူတွေ နေ့စဉ် ဆိုးဆိုးရွားရွား ခံစားနေရတဲ့ ပြသနာတွေရဲ့ အရင်းခံဟာ အချက်သုံးချက်ကြောင့် ဖြစ်ပါတယ်။ ပထမ တစ်ချက်ကတော့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မထသ အဖွဲ့ရဲ့ မှားယွင်းတဲ့ စီမံခန့်ခွဲမှု၊ ဘတ်စ်ကား စပယ်ယာ ဒရိုင်ဘာတွေ အကျင့်ဆိုးရလာအောင် တွန်းပို့တဲ့ အုံနာကြေးနဲ့ ပြေးဆွဲခိုင်းတဲ့ စနစ် နဲ့ ဘတ်စ်ကား အစီးရေ မလုံလောက်မှုတို့ပဲ ဖြစ်ပါတယ်။ ဒီအခြေအနေကို ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ကလည်း ကောင်းကောင်း သိပုံရပါတယ်။

ဒါကြောင့်ပဲ ဦးဖြိုးမင်းသိန်းဟာ မထသ အဖွဲ့ကို ဖျက်သိမ်းပြီး၊ YRTA နဲ့ အစားထိုး YBS စနစ်သစ်နဲ့ ၀န်ဆောင်မှုပေးပါတယ်။ အုံနာခ ယူပြီး ဒရိုင်ဘာ စပယ်ယာတွေကို ကိုယ်ရကိုယ်ယူ စနစ်နဲ့ ပြေးဆွဲခိုင်းတာကနေ လခစား စနစ်တွေနဲ့ ပြေးဆွဲနိုင်အောင် ကြိုးစားပါတယ်။ လိုအပ်နေတဲ့ ဘတ်စ်ကားတွေ တင်သွင်းဖို့ ပြင်ဆင်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ဇန်န၀ါရီမှာ စခဲ့တဲ့ ရန်ကုန်တိုင်းဝန်နကြီးချုပ်ရဲ့ YBS အပြောင်းအလဲကို ကြည့်ရင် စေတနာလည်းမှန်တယ်၊ ပြောင်းလဲရမယ့် အဓိက အချက်တွေကိုလည်း သိသလို ပါတီဝင်တွေနဲ့ ပြည်သူလူထုကြီးရဲ့ ကူညီမှုကိုလည်း ရခဲ့ရဲ့သားနဲ့ ဘာကြောင့် မအောင်မြင်ရသလဲ ဆိုတာကတော့ မေးခွန်းထုတ်ဖို့ ဖြစ်လာပါတယ်။ ပြသနာကို ပြန်ဆန်းစစ်ကြည့်ရင် ပြောင်းလဲဖို့ လိုတဲ့ အချက်သုံးချက်အနက် ပထမအချက်ဖြစ်တဲ့ မထသ ကိုဖျက်သိမ်းတာ တစ်ခုပဲ လုံးလုံးလျားလျား အောင်မြင်ပြီး ကျန်တဲ့ တစ်ချက် မအောင်မြင်ပါဘူး။ လိုအပ်နေတဲ့ ဘတ်စ်ကားတွေ တင်သွင်းဖို့ကိုတော့ လုပ်ကိုင်နေဆဲ ဖြစ်ပြီး နောင် အဆင်ပြေသွားနိုင်မယ့် အလားအလာ ရှိပါတယ်။ အဲဒီ မအောင်မြင်တဲ့ အချက်ကတော့ ဘတ်စ်ကား ဒရိုင်ဘာ စပယ်ယာတွေကို ကိုယ်ရ ကိုယ်ယူ အုံနာကြေးနဲ့ ပြေးဆွဲခိုင်းနေတဲ့ စနစ်ကနေ လခစား စနစ်ကို အောင်အောင်မြင်မြင် မပြောင်းလဲနိုင်တာပါ။ အဲလို မပြောင်းလဲနိုင်လို့လဲ ဘတ်စ်ကား စပယ်ယာနဲ့ ဒရိုင်ဘာတွေဟာ အရင် မထသ ခေတ်တုန်းကလိုပဲ ငွေရလိုမှု၊ ခရီးသည် ရလိုမှုတွေကြောင့် အရင်တုန်းက လုပ်ခဲ့သလိုပဲ ကားအပြိုင်မောင်းတာ၊ ခရီးသည် လုတင်တာ၊ ရပ်ချင်တဲ့နေရာရပ် ချချင်တဲ့ နေရာချတာ၊ ငွေပိုတောင်းတာ၊ မချေမငံ ဆက်ဆံတာ လုပ်နေကြတုန်း ဖြစ်တယ်လို့ နားလည်နိုင်ပါတယ်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တိုင်းလမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါ်နီလာကျော်တို့ကတော့ YBS စနစ် အောင်မြင်ဖို့ အတွက် ကဒ်စနစ်နဲ့ ငွေပေးချေမှု အကောင်အထည် ဖော်မယ်၊ ကားတွေမှာ ခြေရာခံ GPS စနစ်တွေ တပ်ဆင်ပြီး ထိန်းချုပ်မယ်၊ ကားတွေ အများကြီး တင်သွင်းမယ် စတာတွေ အကောင်အထည် ဖော်မယ်လို့ ပြောဆိုနေကြပါတယ်။ တကယ့်တကယ် လိုအပ်နေတာက အဲဒါတွေ မဟုတ်ပါဘူး။ ဘတ်စ်ကား ဒရိုင်ဘာ၊ စပယ်ယာတွေကို စည်းကမ်းချိုးဖေါက်မှု ဖြစ်စေတဲ့ ကိုယ်ရကိုယ်ယူ အုံနာကြေး စနစ် နေရာမှာ လခစား စနစ်နဲ့ ပြေးဆွဲနိုင်အောင် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံထက် အများကြီးဖွံ့ဖြိုးတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတောင် ဘတ်စ်ကားခ ပေးချေတာကို ကဒ်စနစ်နဲ့ မလုပ်နိုင်သေးပါဘူး။ လက်မှတ်ဖြတ် ငွေကောက်ပါတယ်။ ဂျီပီအက်စ်တွေလည်း မတပ်ခိုင်းပါဘူး။ ရိုးရိုးစနစ်နဲ့ပဲ ကြီးကြပ်ပါတယ်။ ဒီအတွက် ရန်ကုန်တိုင်း အစိုးရ အဓိက ကြိုးစားပမ်းစား လုပ်ဖို့ လိုတာက ဘတ်စ်ကား ဒရိုင်ဘာ၊ စပယ်ယာတွေ လခစား စနစ်နဲ့ အလုပ်လုပ်တဲ့ ပုံစံဖြစ်အောင် ပြောင်းလဲပေးဖို့ပါ။

ဒါပေမယ့် အဲဒီ ကိစ္စ အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ အကြောင်းကတော့ လက်ရှိ အုံနာကြေးစနစ်နဲ့ နေသားကျနေတဲ့ ဘတ်စ်ကားပိုင်ရှင် နဲ့ ကုမ္ပဏီ အသီးသီးဟာ အဲဒီ စနစ်ကို မပြောင်းချင်ပါဘူး။ မပြောင်းချင်တော့ အကြောင်းအမျိုးမျိုး ပြပါတယ်။ လခစား စနစ်ပြောင်းပြီးနောက် ပေါ်ပေါက်လာတဲ့ ပြသနာတွေကို ဖြေရှင်းရာမှာ သူတို့ကိုယ်တိုင် တာဝန်ယူ ဖို့၊ ပါဝင်ကြီးကြပ်ဖို့ ငြင်းဆန်ပါမယ်။ အဲဒီ အခြေအနေ ဖြစ်နေသမျှ YBS စနစ် အောင်မြင်မှာ မဟုတ်ပါဘူး။ ဒီအတွက် ဦးဖြိုးမင်းသိန်းနဲ့ ရန်ကုန်တိုင်း အစိုးရဟာ အဲဒီ ပြသနာ ဖြေရှင်းနိုင်ဖို့၊ ဒီထက် ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုနဲ့ အလုပ်လုပ်ရမယ့် အပြင် တိုင်းအမတ်တွေရဲ့ အကူအညီကိုလည်း ယူရပါမယ်။ တိုင်းအမတ်တွေကလည်း ၀န်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကို အပစ်တင်နေမယ့်အစား ဘတ်စ်ကား ဒရိုင်ဘာ၊ စပယ်ယာတွေ လခစား ပုံစံနဲ့ ပြောင်းလဲ အလုပ်လုပ်တဲ့ စနစ် ပေါ်ပေါက်လာရေး တိုင်းအစိုးရကို ဘက်ပေါင်းစုံက အကူအညီပေးဖို့ပဲ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG