သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအတွက် တိုက်ပွဲ ဆက်ဝင်သွားမည်ဟု သမ္မတဟောင်းပြော


Hindistanda 48 dərəcə isti
Hindistanda 48 dərəcə isti
ရာထူးကဖယ်ရှားခံခဲ့ရတဲ့ ယူကရိန်း သမ္မတ Viktor Yanukovych က သူ့ဟာ နိုင်ငံထဲက ထွက်ခွာအောင် တွန်းအားပေး ခံခဲ့ရတယ်လို့ ဆိုပြီး ယူကရိန်းနိုင်ငံ အနာဂတ်အတွက် တိုက်ပွဲဝင်သွားဖို့ အဆင်သင့်ရှိနေတယ်လို့ ပြောလိုက်ပါတယ်။ သောကြာနေ့က ရုရှားနိုင်ငံ Rosto-on-Don မြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ Yanukovych က အတိုက်အခံတွေဟာ အကြမ်းဖက်မှုတွေနဲ့ အကြောက်တရား ကြီးစိုးအောင်လုပ်ပြီး ယူကရိန်းနိုင်ငံကို ထိန်းချုပ်ဖိ့ုကြိုးစားနေတယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

ကီးယပ်ဖ်မြို့မှာရှိနေတဲ့ ကြားဖြတ်အစိုးရ ဟာ တရားဝင်မှုမရှိဘူးလို့လည်း သူက ပြောလိုက်ပါတယ်။ အာဏာကို သူ့အဆို လူနည်းစုဖြစ်တဲ့ ဖက်ဆစ်ဝါဒီ လူငယ်တွေက သိမ်းယူခဲ့ကြ တာလို့ ဆိုပါတယ်။ လက်ရှိ အခြေအနေကို ဖြေရှင်းဖို့နည်းလမ်းဟာ ဒီနှစ်အစောပိုင်း ရွေးကောက်ပွဲတွေ အစောတလျင် ကျင်းပနိုင်ဖို့ အတွက် သူနဲ့ အတိုက်အခံတွေကြား အစောပိုင်းကရရှိခဲ့တဲ့ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ဖြစ်တယ်လို့ မစ္စတာ Yanukovych က ပြောပါတယ်။

ယူကရိန်းနိုင်ငံမှာ သိပ်မကြာခင်ကဖြစ်ခဲ့တဲ့ အဓိကရုန်းတွေအတွင်း အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရလိမ့်မယ် လို့လည်း သူ ပြောသွားပါတယ်။ ကီးယပ်ဖ်မြို့ လမ်းမတွေနဲ့ ရင်ပြင်တွေမှာရှိတဲ့ အဟန့်အတားတွေကို ချက်ချင်း ဖယ်ရှားပေးပြီး လက်နက်ကိုင် တပ်ဖွဲ့တွေ မြို့တော်ကနေ ထွက်ခွာပေးရလိမ့်မယ်လို့လည်း ဆိုပါတယ်။

တိုင်းပြည်မှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေအတွက် သူ စိတ်မကောင်း ဖြစ်ရကြောင်း ယူကရိန်းပြည်သူတွေကို ပြောခဲ့ပြီးတော့၊ တရားမဲ့လုပ်ရပ်တွေကို ဟန့်တားပြီး တိုင်းပြည်ကို တည်တည်ငြိမ်ငြိမ် ဖြစ်အောင် ထားနိုင်တဲ့ စွမ်းအား သူ့မှာ မရှိခဲ့ဘူးလို့ မစ္စတာ Yanukovych က ပြောပါတယ်။ မစ္စတာ Yanukovych ဟာ ပြီးခဲ့တဲ့သီတင်းပတ်က ကီးယပ်ဖ်မြို့တော်ကနေ ထွက်ခွာသွားခဲ့ပြီး သူ ဘယ်ရောက်နေတယ်ဆိုတာကို ဘယ်သူမှ သေချာမသိခဲ့ရပါဘူး။

ကြားဖြတ်အစိုးရကတော့ သူနဲ့ တခြားအရာရှိတွေကို ဆန္ဒပြသူတွေ အများအပြားကို သတ်ဖြတ်မှုနဲ့ စွပ်စွဲထားပြီး ပြီးခဲ့တဲ့သီတင်းပတ်က သူ့အပေါ် ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ ပါတယ်။
XS
SM
MD
LG