သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Yanukovych ကီယက်ဗ်မြို့ က ထွက်ခွာပြီဟု ယူကရိန်းအတိုက်အခံဆို


ယူကရိန်းအစိုးရဆန့်ကျင်ကန့်ကွက်သူတွေ ဒိုင်းအကာများနဲ့ ပါလီမန်အဆောက်အဦးဆီသို့ ချီတက်နေစဉ်။ (ဖေဖော်ဝါရီ ၂၂၊ ၂၀၁၄)
ယူကရိန်းအစိုးရဆန့်ကျင်ကန့်ကွက်သူတွေ ဒိုင်းအကာများနဲ့ ပါလီမန်အဆောက်အဦးဆီသို့ ချီတက်နေစဉ်။ (ဖေဖော်ဝါရီ ၂၂၊ ၂၀၁၄)
ယူကရိန်းနိုင်ငံမှာ သမ္မတ Yanukovych မြို့တော်ထဲကနေ ထွက်သွားပြီလို့ အတိုက်အခံတွေကနေ ပြောပြီးတော့ သမ္မတရွေးကောက်ပွဲကို စောပြီး ကျင်းပပေးဖို့ တောင်းဆိုနေပါတယ်။ ဒါပေမယ့် သမ္မတကတော့ သူ့အနေနဲ့ ရာထူးကနေ နုတ်ထွက်ပေးမှာ မဟုတ်ဘူးလို့ ပြောလိုက်ပြီးတော့ သူဆင်းသွားဖို့ အကြမ်းဖက် တောင်းဆိုနေတာဟာ အာဏာသိမ်းတာနဲ့အတူတူပဲလို့လည်း ဥပမာ ပေးလိုက်ပါတယ်။

ရွေးကောက်ပွဲကို မေလမကုန်ခင် ကျင်းပနိုင်အောင်လို့ သမ္မတ ယန်နိုကော်ဗစ်ချ် ရာထူးကနေ နုတ်ထွက်ပေးပါလို့ အတိုက်အခံခေါင်းဆောင် Vitaly Klitschko က ဒီကနေ့ စနေနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒီကနေ့မှာပဲ ယူကရိန်းလွှတ်တော်ဥက္ကဌသစ်ကို ရွေးချယ်ခဲ့ပါတယ်။ လွှတ်တော် ဥက္ကဋ္ဌသစ်
Oleksandr Turchynov ဟာ ထောင်ကျနေတဲ့ အတိုက်အခံခေါင်းဆောင် Yulia Tymoshenko နဲ့ ဟိုးအရင်ကတည်းက မဟာမိတ်ဖွဲ့ထားသူ ဖြစ်ပါတယ်။

အရင်အစိုးရလိုလားသူ လွှတ်တော်ဥက္ကဋ္ဌဟောင်းက ကျန်းမာရေးအကြောင်းပြချက်နဲ့ တာဝန်ကနေ နုတ်ထွက်သွားပြီး မကြာခင်မှာပဲ ဥက္ကဋ္ဌသစ်ကို ဒီကနေ့ ရွေးချယ်ခန့်အပ်တာလည်း ဖြစ်ပါတယ်။ Tymoshenko ပြန်လွှတ်လာနိုင်တဲ့ ဥပဒေတခုကို ပြင်ဆင်ဖို့ လွှတ်တော်အမတ်တွေ မနေ့တုန်းကလည်း မဲခွဲအတည်ပြုခဲ့ကြပါတယ်။

နိုင်ငံရေးပြဿနာတွေအဆုံးသတ်နိုင်ဖို့ သမ္မတနဲ့ အတိုက်အခံခေါင်းဆောင်တွေကြား ရရှိထားတဲ့ သဘောတူချက်ကို ကန့်ကွက်ကြသူ ထောင်နဲ့ချီဟာ Kyiv မြို့တော်ထဲက လွတ်လပ်ရေးရင်ပြင်မှာ ဆက်ပြီးရှိနေကြပါတယ်။

သမ္မတ Viktor Yanukovych ရာထူးကနေ ချက်ချင်းဆင်းပေးဖို့ ဆန္ဒပြသူအများက ဆက်ပြီး တောင်းဆိုနေကြပါတယ်။ ယူကရိန်းအစိုးရနဲ့ အတိုက်အခံတို့ သောကြာနေ့က လက်မှတ်ထိုးခဲ့တဲ့ သဘောတူညီချက်ဟာ အလွန့်အလွန်ကို အတိမ်းအစောင်းမခံနိုင်တဲ့ အနေအထားမှာ ရှိနေပြီး ကမ္ဘာတဝန်းထောက်ခံမှု လိုအပ်တယ်လို့ အမေရိကန်က ပြောကြားခဲ့ပါတယ်။

လတ်တလောဖြစ်ထားတဲ့ အကြမ်းဖက်မှုတွေ သေဆုံးမှုတွေကြောင့် ဒီသဘောတူညီချက်အပေါ် လမ်းပေါ်ထွက် ဆန္ဒပြသူတွေ လက်ခံနိုင်အောင် လုပ်ဖို့တော့ ခက်ခဲလိမ့်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနပြောခွင့်ရသူက ပြောပါတယ်။

ယူကရိန်းနိုင်ငံ အရေးနဲ့ပတ်သက်လို့ သမ္မတ Barack Obama က Russia သမ္မတ Vladimir Putin ကို သောကြာနေ့က တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောခဲ့ပါတယ်။ သဘောတူညီချက်တွေထဲကအတိုင်း အမြန်ဆုံး အကောင်အထည်ဖော်ဖို့နဲ့ အကြမ်းဖက်မှုတွေ ရှောင်ရှားကြဖို့ ၂ ဘက်လုံးကို အမေရိကန်နဲ့ Russia သမ္မတတို့က တိုက်တွန်းခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG