သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် ကျဆင်းမှုမရှိကြောင်း ဦးရဲထွဋ် ပြော


မြန်မာနိုင်ငံ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ် ဗွီအိုအေ မြန်မာပိုင်းဌာနသို့ တွေ့ဆုံမေးမြန်းခန်းအတွက် လာရောက်စဉ်။ (ဇူလိုင် ၁၉၊ ၂၀၁၄)
မြန်မာနိုင်ငံ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ် ဗွီအိုအေ မြန်မာပိုင်းဌာနသို့ တွေ့ဆုံမေးမြန်းခန်းအတွက် လာရောက်စဉ်။ (ဇူလိုင် ၁၉၊ ၂၀၁၄)

မြန်မာနိုင်ငံမှာ အခုနောက်ပိုင်း သတင်းမီဒီယာသမားတွေ ဖမ်းဆီးခံရတာ ၊ အပြစ်ပေး အရေးယူခံရတာ၊ ကန့်ချုပ်ချယ်မှုတွေ ပိုမို များပြားလာနေတာဟာ သတင်းမီဒီယာ လွတ်လပ်ခွင့် ကျဆင်းသွားခြင်းမဟုတ်ပဲ မီဒီယာသမားတွေရဲ့ကျင့်ဝတ်နဲ့ စာနယ်ဇင်း အတတ်ပညာဆိုင်ရာ ပြဿနာတွေ များလာတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။ ဝါရှင်တန် ဒီစီမြို့မှာရှိတဲ့ ဗွီအိုအေ မြန်မာပိုင်းဌာနကိုရောက်ရှိစဉ် သီးခြားပြုလုပ်ခဲ့တဲ့ တွေ့ဆုံ မေးမြန်းခန်းအတွင်း ဦးရဲထွဋ်က အဲဒီလို ပြောဆိုသွားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းက သတင်းမီဒီယာလွတ်လပ်ခွင့် အခြေအနေတွေကို ဦးကျော်ဇံသာက တွေ့ဆုံ မေးမြန်းထားပါတယ်။

ဦးကျော်ဇံသာ။ ။ ဝန်ကြီးဦးရဲထွဋ်၊ အထူး ကျေးဇူးတင်ပါတယ်၊ ဗွီအိုအေကို (လာရောက်ခဲ့တဲ့အတွက်)။ ဒီအချိန်မှာ မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ သိပ်ပြီးတော့ လူပြောသူပြော များနေတဲ့အချိန်မှာ မြန်မာ့မီဒီယာလောကအတွက် အင်မတန် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက် မီဒီယာနဲ့ အထိတွေ့ဆုံး အစိုးရတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို မေးမြန်းခွင့်ရတာဟာ ကျနော်တို့အတွက် အခွင့်ထူးလို့ ယူဆပါတယ်ခင်ဗျ။ ..ဆိုတော့ ပထမဦးဆုံးက မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က မီဒီယာလွတ်လပ်ခွင့်ဟာ အတော်လေး ကောင်းနေတယ်ဆိုပြီးတော့ တကမ္ဘာလုံးကပဲ လက်ခုပ်သြဘာတီးပြီးတော့ ကြိုဆိုခဲ့ကြပါတယ်။ အခုနောက်ပိုင်းမှာကျတော့ မီဒီယာလွတ်လပ်ခွင့်အရှိန်ဟာ လျော့နည်းလာတယ်၊ ကျဆင်းလာတယ်ဆိုပြီးတော့ ဝေဖန်လာကြပါတယ်။ အဲဒီတော့ ပထမဆုံး ဘယ်လို တုံ့ပြန်ပြောချင်ပါသလဲ။

ဦးရဲထွဋ်။ ။ ပထမဆုံး ကျနော်ပြောချင်တဲ့အချက်ကတော့ မီဒီယာလွတ်လပ်ခွင့် ကျဆင်းသွားတယ်၊ ယုတ်လျော့သွားတယ်ဆိုတာ ကျနော်တို့ လက်မခံပါဘူး၊ ငြင်းဆန်ပါတယ်။ ဘာက ပြဿနာဖြစ်တာလဲဆိုတော့ မီဒီယာသမားတွေရဲ့ ကျင့်ဝတ်နဲ့ စာနယ်ဇင်း အတတ်ပညာဆိုင်ရာ ပြဿနာတွေ ပိုများလာတယ်လို့ပဲ ကျနော်တို့ ပြောရမှာပါ။

ဦးကျော်ဇံသာ။ ။ ဒါပေမယ့် တလောတုန်းက ကမ္ဘာမှာ မီဒီယာလွတ်လပ်ခွင့်ကို စောင့်ကြည့်တဲ့ နယ်စည်းမထား သတင်းစာဆရာများအဖွဲ့ရဲ့ စာရင်းအရ ကြည့်မယ်ဆိုရင် ၂၀၁၃ မှာ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၂၀၀ နီးပါးလောက်ရှိတဲ့အထဲမှာ ၁၅၁၊ ၂၀၁၄ နှစ်စပိုင်းမှာ ၁၄၈၊ နည်းနည်း ခုန်တက်တယ်။ ဒါပေမယ့် အရှေ့တောင်အာရှမှာ ကျန်တဲ့နိုင်ငံ အတော်များများကတော့ မြန်မာနိုင်ငံအထက်မှာ ရှိနေတုန်းပါပဲ။ အဲဒီနောက်မှာမှ မြန်မာနိုင်ငံထဲမှာ ဥပမာအားဖြင့် ဖြစ်တဲ့အမှုတွေ ကျနော်တို့ရဲ့သတင်းထောက်တွေ list လုပ်ပြထားတဲ့ဟာတွေ ကြည့်မယ်ဆိုလို့ရှိရင် DVB သတင်းထောက်ကို ဝတ္တရားနှောင့်ယှက်မှုနဲ့ ထောင်ချခဲ့တယ်။ တခါ နိုင်ငံခြားသတင်းထောက်တစ်ယောက်ကို ဗီဇာကိစ္စနဲ့ ပြည်ပမောင်းထုတ်ခဲ့တယ်။ ယူနတီဂျာနယ်သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတယ်။ အတော်လေး ပြင်းထန်တဲ့ ပြစ်ဒဏ်ဆိုပြီးတော့ နိုင်ငံတကာက ဝေဖန်နေကြတယ်။ သတင်းထောက်ကို ထောင်ဒဏ် ၁၀ နှစ်တောင် ချတယ်ဆိုတာ။ နောက်ပြီးတော့ Bi မွန်းတည့်နေက လူတွေကို ဖမ်းတယ်၊ တချို့ဆို ထွက်ပြေးနေရတယ်၊ နောက် သတင်းဂျာနယ်တိုက်က လူတွေကို ခေါ်ပြီးတော့ တချို့ကို စစ်ဆေးတယ်၊ ဘာညာလုပ်တယ်၊ …ဆိုတော့ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ကော အကုန်လုံး သူတို့အပြစ်ချည့်ပဲလား၊ အာဏာပိုင်တွေဘက်က အားနည်းချက်ရော မရှိဘူးလို့ ပြောချင်ပါသလား။

ဦးရဲထွဋ်။ ။ ပထမဆုံး ကျနော်- ဦးကျော်ဇံသာ ညွှန်းတဲ့ အညွှန်းကိန်းပေ့ါနော်- စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့အညွှန်းကိန်းကို ပြောရရင် ကျနော်တို့အနေနဲ့က အဲဒီ အညွှန်းကိန်းတွေထက် ကျနော်တို့ ပြည်သူတွေဟာ ဘယ်လောက် အရည်အချင်းပြည့်တဲ့၊ ကောင်းမွန်တဲ့ သတင်းတွေကို ရနိုင်သလဲ၊ သူတို့ရဲ့ ဒီမိုကရေစီရေးမှာ၊ ပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ဆောင်ရွက်တဲ့အခါမှာ၊ သူတို့ရဲ့ ကိုယ်ပိုင် အခွင့်အရေးတွေကို ကျင့်သုံးတဲ့အခါမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ လုပ်နိုင်ဖို့အတွက်၊ ကောင်းမွန်တဲ့ သတင်းအချက်အလက်တွေ ရလား မရဘူးလားဆိုတာကိုပဲ ကျနော်တို့က ပိုစိတ်ဝင်စားပါတယ်။ သူတို့ပြောတာတွေကတော့ ကျနော်တို့ အထောက်အထားတခုအနေနဲ့ ယူမယ်၊ ဒီအပေါ်မှာ သိပ်ပြီးတော့ တန်ဖိုးမထားပါဘူး။

နောက်တခုကတော့ ဦးကျော်ဇံသာ ညွှန်းသွားတဲ့ ကိစ္စတွေပေါ့။ အဲဒီကိစ္စတွေမှာ ကျနော်တို့ ပြန်ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ သုံးနှစ်တာ ကာလအတွင်းမှာ အစိုးရရဲ့ မူဝါဒတွေကို ဝေဖန်တာတွေ အများကြီးရှိတယ်။ သမ္မတကြီးကို တချို့ဟာတွေဆို ပုဂ္ဂိုလ်ရေးဆန်ဆန် ပြောတဲ့ဟာတွေ ရှိတယ်။ ကျနော်တို့ ဘာမှ အရေးယူခဲ့တာတွေ မရှိဘူး။ ဦးကျော်ဇံသာ ပြောခဲ့တဲ့အမှုတွေကို ပြန်ကြည့်မယ်ဆိုရင် တဖက်က ယူနတီဂျာနယ်ဆိုရင် တကယ်ကတော့ သူရေးတဲ့သတင်းထက် သူ့ရဲ့လုပ်ရပ်ကြောင့် ကျနော်တို့က အရေးယူရတာ။ ဒီလိုမျိုး လျှို့ဝှက်ချက် အက်ဥပဒေအရ ကာကွယ်ထားတဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အဦးတခုထဲကို အယောင်ဆောင်ပြီးတော့ ဝင်လို့ရှိရင် - ကျနော်ထင်တယ်။ အမေရိကန်နိုင်ငံမှာလည်း ဒီလိုပဲ အရေးယူမှာပဲ။ ယူနတီ သတင်းထောက်တင် မဟုတ်ဘူး၊ ကျနော်ဝင်ရင်လည်း ကျနော် အရေးယူခံရမှာပဲ။

နောက်တခုက DVB သတင်းထောက် မခိုင်တို့ကိစ္စပေါ့။ ဒါတွေကျတော့ ပုဂ္ဂလိက တစ်ဦးချင်းနဲ့ဆိုင်သွားတယ်။ ပုဂ္ဂလိက တစ်ဦးချင်းနဲ့ဆိုင်တဲ့ ကိစ္စတွေမှာ သူများအိမ်ကိုသွားတယ်။ သွားတဲ့အခါမှာ သတင်းထောက်လို့ သူမပြောဘူး၊ အထဲရောက်မှ သူ သတင်းထောက်လို့ ပြောတယ်။ ပြီးတော့ တစ်ယောက်တည်း သတင်းသွားယူမယ့်အစား တရားပြိုင်နဲ့လိုက်သွားတယ်ဆိုတော့ သူ့ရဲ့လုပ်ရပ်တွေမှာ တဘက်က အထင်မှားစရာတွေ ရှိတယ်။ အဲဒီတော့ ဒီဟာတွေ အားလုံးကို ပြန်ခြုံကြည့်ရင် ကျနော်က မီဒီယာတွေချည့်ပဲကိုလည်း အပြစ်မတင်လိုဘူး။ အစိုးရချည့်ပဲ တာဝန်ရှိတယ်လို့လည်း မပြောလိုဘူး။ သို့သော် ဒါရဲ့ ပြဿနာအကြောင်းရင်းကို ကျနော်တို့က ရှာရမယ်ဆိုရင် တစ်- ကတော့ လူငယ် စာနယ်ဇင်းသမားတွေ အများကြီးဖြစ်လာတဲ့အခါမှာ အယ်ဒီတာတွေ၊ သတင်းထောက်တွေအနေနဲ့ ကျင့်ဝတ်တို့၊ နောက်တခါ သတင်းလုပ်ငန်း လုပ်တယ်ဆိုတာက -- လုပ်တာမဟုတ်ဘူးလေ။ သူ့မှာရှိတဲ့ ကျင့်ဝတ်တွေ၊ ဥပဒေတွေ ရှိတယ်။ ဒါတွေအားလုံးကိုလည်း နားလည်ဖို့ လိုတယ်။

နောက်တခါ အစိုးရဘက်ကလည်း ပိုပြီးတော့မှ စာနယ်ဇင်းတွေရဲ့ သဘောသဘာဝကို နားလည်ဖို့ လိုတယ်။ ဒါပေမယ့် ကျနော်ထင်တယ်။ ကျနော်တို့ဘက်ကတော့ တတ်နိုင်သမျှ အသရေဖျက်မှုတွေ ဘာတွေနဲ့ စွဲခဲ့တာ လုံးဝ မရှိဘူး။ ဝေဖန်လို့လည်း စွဲတာ မရှိဘူး။

Bi မွန်းတည့်နေ ဆို ကျနော်တို့က ဘာလို့ စွဲလဲ၊ အခမ်းအနားကျင်းပမယ့်မနက်မှာ သူက ကြိုပြီးတော့ သတင်းရေးတော့ ဒါကို လှုံ့ဆော်သလိုဖြစ်လို့ ရေးတာ။ ဒီအခမ်းအနားပြီးမှ ရေးတယ်ဆိုရင် ကျနော်တို့က ဘာမှ ပြောစရာအကြောင်းမရှိဘူး။

ဦးကျော်ဇံသာ။ ။ အဲဒီတော့ တခုပြန်မေးချင်တာက ဝတ္တရားနှောင့်ယှက်မှုနဲ့ စွဲတာလည်း ရှိတယ်။ ကျနော်က စဉ်းစားကြည့်တယ်၊ သတင်းမီဒီယာဆိုတာလည်း စတုတ္ထမဏ္ဍိုင်ပဲ၊ မီဒီယာ သတင်းထောက်တွေ သတင်းယူဖို့ သွားတာလည်း သူတို့ ဝတ္တရားပဲ။ မီဒီယာ ဝတ္တရားကို အသိအမှတ် မပြုဘဲနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေရဲ့ ဝတ္တရားကိုပဲ အသိအမှတ်ပြုရာကျနေတယ်။ အဲဒါကိုရော .

ဦးရဲထွဋ်။ ။ အခုနက DVG သတင်းထောက် ဖြစ်တဲ့ကိစ္စကိုပေါ့ဗျာ။ အဓိက ဝတ္တရားနှောင့်ယှက်မှုဆိုတာ။ ဦးကျော်ဇံသာ ကျနော့်ကို တွေ့ချင်တယ်၊ အင်တာဗျူးလုပ်ချင်တယ်။ တောင်းခံလို့ရတယ်။ ဒါပေမယ့် ကျနော်က မပေးချင်လို့ ကျနော့ရုံးခန်းထဲမှာ ကျနော်နေမယ်ဆိုရင်တော့ ခင်ဗျား အတင်းဝင်လို့ မရဘူးပေါ့။ ဒီသဘောမျိုးပေါ့။ အဲလိုဖြစ်တယ်ဆိုတာလည်း အဲလို ဖြစ်တာပဲ၊ သူ့ရဲ့ရုံးခန်းထဲကို အတင်းဝင်ဖို့ ကြိုးစားတယ်။ ဆိုတော့ ဒါကြောင့် ကျနော်ပြောတာ- တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားလည်မှု၊ တယောက်နဲ့တယောက် စည်းကမ်းရှိဖို့ လိုတယ်။ နောက် သူ့ကို တွေ့ဖို့ မေးမယ်။ အဲဒီမှာလည်း DVB သတင်းထောက်မှာလည်း အခုနက မခိုင်တို့ ဖြစ်သလိုပဲ၊ ပြဿနာက သူတစ်ယောက်တည်း သွားတာမဟုတ်ဘူး၊ သူက ဒီပညာရေးမှူးရဲ့ အဆုံးအဖြတ်ကို မကျေနပ်တဲ့ ကျောင်းသားမိဘကို အတူခေါ်သွားတယ်။ ခေါ်သွားတယ်ဆိုတော့ ဒါက သတင်းယူတာလား၊ ဒါမှမဟုတ် ဒီကိစ္စကို ကြားဝင်တာလားဆိုတာ ရှင်းရှင်းလင်းလင်း ကွဲကွဲပြားပြား မရှိဘူး။ မရှိတော့ သက်ဆိုင်ရာ အရာရှိအနေနဲ့ ဖြေဆိုဖို့ ငြင်းဆန်တယ်။ ငြင်းဆန်လို့ရှိရင် ဘယ်သူမဆို ဦးကျော်ဇံသာလည်း သိပါတယ်။ သူ့ရုံးခန်းထဲမှာ သူ့ရဲ့ ပိုင်တဲ့နေရာဖြစ်သွားပြီလေ။ ဒီထဲကို အတင်းဝင်ဖို့ ကြိုးစားလို့ သူ့ကို အတင်းရပ်ပြီးတော့မှ မေးလို့ ဒီလိုတော့ မရဘူးပေါ့။

မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို ဦးကျော်ဇံသာက တွေ့ဆုံ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံ မေးမြန်းမှု အပြည့်အစုံကို ဗွီအိုအေက နောက်ပိုင်းမှာ ဆက်လက် ထုတ်လွင့်ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျား။

XS
SM
MD
LG