သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၀-၂၀၁၁ ခုနှစ် ကမ္ဘာ့စီးပွားရေး သုံးသပ်ချက်


ဒီကနေ့ခေတ်မှာ အဆိုးရွားဆုံး ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းတွေ ကို ကုန်ဆုံးတော့မယ့် ၂၀၁၀ ပြည့်နှစ်ထဲမှာ တွေ့မြင်ကြရတာပါ။
ဒီကနေ့ခေတ်မှာ အဆိုးရွားဆုံး ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းတွေ ကို ကုန်ဆုံးတော့မယ့် ၂၀၁၀ ပြည့်နှစ်ထဲမှာ တွေ့မြင်ကြရတာပါ။

ဒီဇင်ဘာ ၂၀၊ ၂၀၁၀-ကမ္ဘာ့စီးပွားရေး အခြေအနေတွေ နာလန်ထစ လက္ခဏာတချို့တွေ့ရပေမဲ့ ရှေ့နှစ်ထဲ စိမ်ခေါ်မှုတွေလည်း ရှိနေဆဲပါ။

ကမ္ဘာနဲ့အဝန်း စီးပွားရေးကျဆင်းမှုတွေ အရှိန်ကျသွားပေမဲ့၊ အလုပ်လက်မဲ့ ပြဿနာတွေ၊ ဥရောပက ကြွေးမြီအကျပ်အတည်းတွေ ကြီးထွားနေသလို စီးပွားရေး နာလန်ထစ အခြေအနေတွေဟာလည်း တပြေးညီ ရှိမနေတဲ့အတွက် လာမယ့်နှစ်ထဲမှာလည်း အခက်အခဲတွေ ကြုံရဦးမယ်လို့ စီးပွားရေး ပညာရှင်တွေကတော့ ဆိုနေကြပါတယ်။

ကုန်လွန်တော့မယ့် ၂၀၁၀ ပြည့်နှစ်ထဲမှာ ကြုံခဲ့ရတဲ့ စီးပွားရေး အတက်အကျတွေနဲ့အတူ ရှေ့လာမယ့်နှစ် ကမ္ဘာ့စီးပွားရေး ရှေ့အလားအလာတွေအပေါ် ဗွီအိုအေ သတင်းထောက် Mil Arcega ရဲ့ သတင်းပေးပို့ချက်နဲ့အတူ ကမ္ဘာတဝန်းက စီးပွားရေး ဖွံ့ဖြိုးမှု အခြေအနေတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။

ဒီကနေ့ခေတ်မှာ အဆိုးရွားဆုံး ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းတွေ ကနေ ၂၀၁၀ ပြည့်နှစ်ထဲမှာ လွန်မြောက်လာတဲ့ လက္ခဏာတချို့ကို တွေ့မြင်ကြရပါတယ်။ ဒါပေမဲ့လည်း ၂ နှစ်လောက် ကြုံခဲ့ရတဲ့ ပြဿနာတွေကြောင့် စီးပွားရေး အခြေအနေဟာ အတိမ်းအစောင်း မခံနိုင်တဲ့ အခြေအနေမှာပဲ ရှိနေဆဲ ဖြစ်သလို၊ ပြန်လည်နာလန်ထူလာရာမှာလည်း ချိန်ခွင်လျှာမညီတဲ့ အဖြစ်တွေနဲ့ ကြုံနေရတာပါ။ ဒီအတွက်လည်း ရှေ့လာမယ့် ၂၀၁၁ ခုနှစ်ထဲမှာ အာရှတိုက်နဲ့ တောင်အမေရိကတိုက်က နိုင်ငံတွေလိုမျိုးကလွဲလို့ စီးပွားရေးတွေ ဆက်လက်ကျဆင်းနေဦးမယ်လို့ ကျွမ်းကျင်သူတွေက တွက်ဆနေကြတာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်က စီးပွားရေး ပညာရှင် တဦးဖြစ်တဲ့ Hans Timmer ကတော့ ရှေ့မှာ စီးပွားရေး တိုးတက်မှုတွေကို ဖွံ့ဖြိုးဆဲနိုင်ငံတွေက အဓိကဦးဆောင်မယ်လို့ ဆိုပါတယ်။
“လတ်တလော အနေနဲ့ အကြီးမားဆုံး ဖြစ်နေတာကတော့ စီးပွားရေး တက်သစ်စနိုင်ငံတွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဒါတွေဟာ အာရှတိုက်မှာ ဆိုပေမဲ့ လက်တင် အမေရိကတိုက်မှာလည်းပဲ သိသိသာသာ တိုးပွားလာနေပါတယ်။”

ဒါပေမဲ့လည်း တရုတ်၊ အိန္ဒိယနဲ့ ဘရာဇီးတို့လို တိုင်းပြည်တွေမှာ အလျှင်အမြန်တိုးတက်မှုတွေက စီးပွားရေး ဘက်မညီမျှမှုတွေကို ပိုပြီး သိသာစေခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ်လယ်တဝိုက်မှာပဲ အမေရိကန် ပြည်ထောင်စုက အလုပ်လက်မဲ့နှုန်းတွေ အဆမတန် ကြီးထွားလာတာ၊ ဥရောပ ယူရိုငွေသုံးစွဲတဲ့ ၁၆ နိုင်ငံအတွင်းမှာ ဘဏ္ဍာရေး အရင်းအမြစ်တွေ ပြတ်လပ်မှုတွေနဲ့ ကြုံခဲ့ရတာတွေကလည်း ကမ္ဘာနဲ့အဝန်း စီးပွားရေး ပြန်လည်ဦးမော့စေရေးဟာ လွယ်လွယ်ကူကူ ချောချောမောမော ကျော်လွှားနိုင်မယ့် ကိစ္စတခုတော့ မဟုတ်ဘူးဆိုတာကို သတိပေးသလိုလည်း ဖြစ်နေတာပါ။

ဒါတွေဟာ ရှေ့လာမယ့်နှစ်အတွက် စိန်ခေါ်မှုတွေ ဖြစ်မယ်လို့ အမေရိကန်ပြည်ထောင်စု Carnegie တက္ကသိုလ်က နိုင်ငံတကာစီးပွားရေး အစီအစဉ်ရဲ့ ညွှန်ကြားရေးမှူး Uri Dadush က ပြောပါတယ်။
“၂၀၁၀ ပြည့်နှစ်ထဲမှာ အကြီးကျယ်ဆုံး အနေနဲ့ကတော့ တကယ်တမ်း မြန်မြန်ဆန်ဆန်ပြန်ပြီး နာလံထူလာတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ၂၀၁၀ ထဲမှာ နောက်ထပ် ကြီးကြီးမားမား အနေနဲ့ကတော့ ဥရောပတိုက်က ခေါင်းထောင်ထလာတဲ့ အကြွေးပြဿနာပဲ ဖြစ်ပါတယ်။ ဒါကလည်း ဆက်လက်အရှိန်တက်နေဆဲဖြစ်ပြီး၊ လာမယ့် ၂၀၁၁ ခုနှစ် ကမ္ဘာ့စီးပွားရေးအတွက် အကြီးမားဆုံး အန္တာရာယ်တခုအဖြစ်နဲ့လည်း ရှိနေပါတယ်။”

ဂရိနိုင်ငံမှာ အပြင်းအထန် ကန့်ကွက်မှုတွေကြားက ဥရောပက အကူအညီပေးမယ့် အစီအစဉ်အတွက် သတ်မှတ်ချက်တခုအဖြစ် ချွေတာရေး အစီအစဉ်တွေ ကျင့်သုံးဖို့ အစိုးရက မူဝါဒတွေ ချမှတ်ခဲ့တဲ့အတွက်လည်း စိုးရိမ်ပူပမ်နေကြတဲ့ ရင်းနှီးမြုပ်နှံသူတွေ ယူရိုငွေအပေါ် ယုံကြည်မှုတွေ လျော့ပါးစေခဲ့တာပါ။ တချိန်တည်းမှာ အမေရိကန် ဒေါ်လာငွေကြေးဟာလည်း အခြေအနေ သိပ်ကောင်းလှတာတော့ မဟုတ်ပါဘူး။

ကမ္ဘာပေါ်ကစက်မှုဖွံ့ဖြိုးတဲ့နိုင်ငံပေါင်း ၂၀ (G-20) အဖွဲ့ရဲ့ အဓိကကျတဲ့ ထိပ်သီး အစည်းအဝေးပွဲ မတိုင်မီ တပတ်လောက် အလိုမှာပဲ အမေရိကန် ဗဟိုဘဏ်က ဒေါ်လာ ဘီလီယံ ၆၀၀ ဘိုးရှိတဲ့ အစိုးရရဲ့ အာမခံစာချုပ်စာတမ်းတွေကို ဝယ်ယူဖို့ ကြေညာခဲ့တာပါ။ အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေးကို ကျားကန်ဖို့နဲ့ အတိုးနှုန်းကို လျှော့ချနိုင်ဖို့ ရည်ရွယ်ပြီး ဗဟိုဘဏ်က ဒီလိုမူဝါဒမျိုး ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း G-20 အဖွဲ့ရဲ့ ခေါင်းဆောင်တွေကတော့ ဒီအစီအစဉ်ဟာ အမေရိကန် ပြည်ထောင်စုက သူ့ရဲ့ ပြည်ပပို့ကုန်တွေ ဈေးပေါပေါနဲ့ ကမ္ဘာ့ဈေးကွက်ထဲမှာ ရောင်းနိုင်အောင် လုပ်တာလို့ စွပ်စွဲခဲ့ကြတာပါ။

ဒီလုပ်ဆောင်မှုကြောင့်လည်း ကိုယ်ကျိုးစီးပွား ကာကွယ်တဲ့ မူဝါဒကို မီးလောင်ရာ လေပင့်ဖြစ်ရသလို၊ တရုတ်နိုင်ငံက သူ့ရဲ့ငွေကြေးတန်ဘိုးကို ထိန်းချုပ်ထားတယ်လို့ အမေရိကန်က ပြောဆိုနေတာတွေကိုလည်း မှေးမှိန်စေတယ်လို့ အမေရိကန်ပြည်ထောင်စု Brookings တက္ကသိုလ်က စီးပွားရေး ပညာရှင် Domenico Lombadi ကပြောပါတယ်။
“ဒီကြေညာချက် ထွက်ပေါ်လာတဲ့ အချိန်က သိပ်တော့ ကံမကောင်းလှပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီတုန်းကလည်း ဒီကြေညာချက်ကို စီးပွားရေး တက်သစ်စ နိုင်ငံတွေက တန်ပြန်ခဲ့ကြတာတွေ ရှိခဲ့တာမို့၊ တနည်းအားဖြင့်၊ ဒါက အပြည့်အ၀ ပူးပေါင်းပါဝင်ပြီး တွေ့ဆုံမှုတွေ လုပ်နိုင်မယ့် အခွင့်အလန်းတွေကို ထိခိုက်စေနိုင်တာမျိုးပါ။”

G-20 အဖွဲ့အနေနဲ့ အစောပိုင်း ဆွေးနွေးပွဲတွေမှာတုန်းက ဦးစားပေး အစီအစဉ်အဖြစ် သတ်မှတ်ထားပေမဲ့၊ ငွေကြေးထိန်းချုပ် ခြယ်လှယ်မှုတွေကို ဟန့်တားရေးအတွက် ဆောင်ရွက်မယ့် အစီအစဉ်တွေကိုတော့ ခိုင်ခိုင်မာမာ မချမှတ်ခဲ့ကြပါဘူး။ ဒါပေမဲ့လည်း ဒီလို G-20 အဖွဲ့က ဘုံရပ်တည်ချက်တွေ မရနိုင်ပဲ ဖြစ်နေချိန်မှာ၊ ဥရောပက ကြွေးမြီပြဿနာတွေ အကြီးအကျယ် ကြုံလာရတဲ့အတွက် စိုးရိမ်မှုတွေကလည်း နောက်ဆက်တွဲ ထွက်ပေါ်လာတာပါ။ အကြွေးတွေ ပြန်မဆပ်နိုင်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရလို့ အကူအညီတွေ တောင်းခံလာရတဲ့ ဥရောပယူရိုငွေသုံးစွဲတဲ့ နိုင်ငံတွေအနက် အိုင်ယာလန်နိုင်ငံဟာ ဒုတိယမြောက် ဖြစ်လာခဲ့ပါတယ်။ ပြင်ပက အကူအညီတွေသာ အကြီးအကျယ်မရနိုင်ဘူးဆိုရင် တခြားကြွေးမြီတွေ အကြီးအကျယ်တင်နေတဲ့ နိုင်ငံတွေမှာ စီးပွားရေး ပြိုကွဲမှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ စီးပွားရေးပညာရှင်တွေက သတိပေးကြပါတယ်။

American Enterprise တက္ကသိုလ်က စီးပွားရေးပညာရှင် Desmond Lachman ကတော့ ကြွေးမြီပြဿနာတွေ ရင်ဆိုင်ရမယ့် နောက်ထပ် နိုင်ငံတွေအဖြစ် ပေါ်တူဂီ၊ စပိန်နိုင်ငံတွေ ဖြစ်မယ်လို့ ဟောကိန်းထုတ်ခဲ့တာပါ။ လတ်တလော ဥရောပသမဂ္ဂ (EU) အတွက် အကြီးမားဆုံး စိန်ခေါ်မှုက စပိန်နိုင်ငံဖြစ်တယ်လို့လည်းဆိုပါတယ်။ ဥရောပမှာ စီးပွားရေးအင်အား တတိယအကြီးဆုံးဖြစ်တဲ့ စပိန်နိုင်ငံ ပြိုကွဲလို့ မဖြစ်နိုင်ဘူးလို့လည်း အကဲခတ်တွေက မြင်နေကြတာပါ။
“ကျနော့်အမြင်ကတော့ ပေါ်တူဂီ၊ ဂရိ၊ စပိန်၊ အိုင်ယာလန် တို့လို နိုင်ငံတွေ အနေနဲ့ ယူရိုအဝန်းအဝိုင်းထဲမှာ ရပ်တည်ဖို့ဆိုတာ သိပ်တော့ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။”

အိုင်ယာလန်နိုင်ငံရဲ့ ဘဏ္ဍာရေး အကျပ်အတည်းတွေကို ဖြေရှင်းရေးအတွက် EU ရဲ့ မတည်မှု အပါအဝင် ဒေါ်လာ ၁၁၂ ဘီလီယံ အကူအညီပေးရေး အစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ဒေါ်လာဘီလီယံ ၃၀ ကို ၃ နှစ်ကြာ ချေးပေးဖို့ သဘောတူခဲ့တာပါ။ အိုင်ယာလန်နိုင်ငံက ငွေကြေးအကူအညီတွေ ရရှိဖို့ ဂရိနိုင်ငံလိုပဲ တိုင်းပြည်မှာ ချွေတာရေး အစီအမံတွေကိုလည်း ချမှတ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီလို ယူရိုငွေကြေးသုံးစွဲတဲ့ နိုင်ငံတွေမှာ အစိုးရက ကြွေးမြီပြဿနာတွေ ရင်ဆိုင်လာနေရတာမို့ ယူရိုငွေကြေးအပေါ် စိုးရိမ်မကင်းဖြစ်မှုတွေ ထွက်ပေါ်လာပေမဲ့လည်း ကမ္ဘာ့ဘဏ်က စီးပွားရေး ပညာရှင် Timmer ကတော့ ဒါဟာ ပုံကြီးချဲ့ စဉ်းစားချက်သာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ဥရောပက မူဝါဒချမှတ်သူ ဥပဒေပြုအမတ်တွေက ယူရိုငွေကိုပဲ ဆက်လက်ဆုပ်ကိုင်ထားဖို့နဲ့ ဒါကိုကာကွယ်ဖို့အတွက် ဘာမဆို လုပ်မယ်ဆိုတဲ့ ပိုင်းဖြတ်ချက်မျိုးရှိနေတာကို သူက လျှော့တွက်ထားတယ်လို့ပဲ ကျနော်ကတော့ ချေပရပါလိမ့်မယ်။”

ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာ့စီးပွားရေး ပြန်လည် နာလန်ထူလာစေဖို့အတွက် ဥရောပမှာ အခြေအနေတွေ တည်ငြိမ်ဖို့က အရေးကြီးတယ်လို့ စီးပွားရေး အကဲခတ်တွေက ယုံကြည်ထားကြတာပါ။ ဒီလိုပဲ ကမ္ဘာ့စီးပွားရေး တခုလုံးအနေနဲ့ ပြန်လည်ဦးမော့လာစေဖို့အတွက် စီးပွားရေး ချိန်ခွင်လျှာညီဖို့ လိုတယ်လို့လည်း ဆန်းစစ်သူတွေက တညီတညွတ်တည်း ဆိုနေကြတာပါ။ အထူးသဖြင့်ကတော့ ကမ္ဘာနဲ့အဝန်း ဆက်နွယ်မှုတွေ ကြီးထွားလာနေတာနဲ့အမျှ စီးပွားရေးအင်အားကြီး အနောက်နိုင်ငံတွေမှာ တိုးတက်မှုတွေ မရှိပဲနဲ့တော့ တက်သစ်စ တိုင်းပြည်တွေရဲ့ ဈေးကွက်တွေ အလျှင်အမြန် ချဲ့ထွင်လာပေမဲ့ ဒါတွေဟာ ရေရှည်အတွက် မသေချာလှဘူးလို့ ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေး ပညာရှင် Timmer တို့လို ကျွမ်းကျင်သူတွေက သတိပေး ပြောဆိုထားတဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG