သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ ဘဏ္ဍာရေး ကိစ္စတွေမှာ တရုတ်နဲ့ လက်တွဲဖြေရှင်းလို (ကန်ဘဏ္ဍာရေးဝန်ကြီး)


Janet Yellen - India G20 Finance - US - U.S. - Yellen India G20
Janet Yellen - India G20 Finance - US - U.S. - Yellen India G20

အိန္ဒိယနိုင်ငံမှာ ကျင်းပနေတဲ့ G-20 စီးပွားရေးအင်အားကြီးနိုင်ငံတွေရဲ့ ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်လာတဲ့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ကြွေးမြီ ကိစ္စနဲ့ အခြားကမ္ဘာစိန်ခေါ်မှုတွေအတွက် တရုတ်နဲ့ လက်တွဲလုပ်ဆောင်ဖို့ အမေရိကန်က စိတ်အားထက်သန်နေကြောင်း ပြောကြားလိုက်ပါတယ်။

အစည်းအဝေးမတိုင်ခင် တနင်္ဂနွေနေ့ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို တုံ့ပြန်ရာမှာ ပြီးခဲ့တဲ့သီတင်းပတ်က သူသွားခဲ့တဲ့ တရုတ်နိုင်ငံခရီးစဉ်ဟာ အမေရိကန်နဲ့ တရုတ်ဆက်ဆံရေးကို ပိုမိုသေချာအောင် အထောက်အကူ ဖြစ်စေခဲ့တယ်လို့ အခုလို ပြောဆိုခဲ့ပါတယ်။

“ကျမတို့ ရင်ဆိုင်နေရတဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေအတွက် နှစ်နိုင်ငံ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ အရေးပါကြောင်း တရုတ်နိုင်ငံခရီးစဉ်အတွင်း ဆွေးနွေးပွဲတွေမှ ကျမ အလေးပေးပြောဆိုခဲ့ပါတယ်။ အပြန်အလှန်အလေးထားရမယ့် နယ်ပယ်တွေမှာ ကမ္ဘာ့ပြည်သူတွေအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နှစ်နိုင်ငံလုံးမှာ တာဝန်ရှိနေပါတယ်။”

ဒါအပြင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အရင်းအနှီးတွေကို တိုးမြှင့်ဆောင်ရွက်မှုမတိုင်ခင် ဖွံဖြိုးမှုအနည်းဆုံးနိုင်ငံတွေအတွက် ကြွေးမြီတွေ ပြန်ဆပ်တဲ့အခါမှာ သက်သာစေရေး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဘဏ်တွေအနေနဲ့ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေကြောင်းလည်း ဝန်ကြီး Yellen က ပြောဆိုခဲ့ပါတယ်။

တဘက်မှာလည်း တရုတ်ရဲ့ တရားမျှတမှုမရှိတဲ့ ကုန်သွယ်ရေးကျင့်ထုံးတွေကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်က တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန်စည်းကြပ်ထားတဲ့အပေါ်မှာ စိုးရိမ်မှုတွေဆက်ပြီးရှိနေတာပါ။

ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်နေတဲ့ G-20 အဖွဲ့ဝင် ရုရှားနိုင်ငံအပေါ်မှာ စစ်လက်နက်ပစ္စည်းတွေနဲ့ နည်းပညာတွေနဲ့ ပတ်သက်လို့ အမေရိကန်က ဖြတ်တောက်ပိတ်ဆို့ထားတယ်လို့ ဝန်ကြီး Yellen က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ G-20 အလှည့်ကျဥက္ကဋ္ဌ အိန္ဒိယနိုင်ငံကတော့ ရုရှားကျူးကျော်စစ်နဲ့ ပတ်သက်လို့ ဘက်မလိုက်ပဲ ကြားနေမူဝါဒကို စွဲကိုင်ထားပါတယ်။

XS
SM
MD
LG