သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင်သမ္မတ အမေရိကန်မှာ ဆေးကုသခွင့်ရ


ယီမင်သမ္မတ အမေရိကန်မှာ ဆေးကုသခွင့်ရ
ယီမင်သမ္မတ အမေရိကန်မှာ ဆေးကုသခွင့်ရ

ယီမင်နိုင်ငံမှာ ရာထူးကထွက်ပေးတဲ့ သမ္မတ အလီအက်ဘ်ဒူလာ ဆာလေးကို သတ်မှတ်တဲ့ အချိန်ကာလ အပိုင်းခြားအတွင်း အမေရိကန်ပြည်ထောင်စုမှာ ဆေးကုသမှု ခံယူခွင့် ပြုမှာဖြစ်တယ်လို့ သိရပါတယ်။

မစ္စတာဆာလေးရဲ့ ဆေးဝါးကုသမှု ခံယူဖို့အတွက် လာရောက်ခွင့် လျှောက်ထားချက်ကို အတည်ပြုလိုက်ပြီလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ထုတ်ပြန် ကြေညာလိုက်တာပါ။ မစ္စတာဆာလေးဟာ အမေရိကန်နိုင်ငံမှာ ခေတ္တ အချိန်တိုကာလတစ်ခုပဲ နေထိုင်မှာဖြစ်တယ်လို့ မျှော်လင့်ရပါတယ်။

တနင်္ဂနွေနေ့ စောစောပိုင်းတုန်းကပဲ မစ္စတာဆာလေးဟာ ယီမင်နိုင်ငံ မြို့တော် ဆာနာကနေ ပါရှန်ပင်လယ်ကွေ့က စော်ဘွားနိုင်ငံတစ်ခုဖြစ်တဲ့ အိုမန် နိုင်ငံကို ဂျက်လေယာဉ်နဲ့ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။ နယူးယောက်မြို့ကို မလာခင် မစ္စတာ ဆာလေးဟာ အိုမန်နိုင်ငံမှာ ခေတ္တနေထိုင် ပါလိမ့်မယ်။

ယီမင်နိုင်ငံကနေ မထွက်ခွာခင် နာရီပိုင်းအလို ရုပ်မြင်သံကြားကနေ ပြည်သူလူထုကို နှုတ်ခွန်းဆက် စကား ပြောဆိုရာမှာ မစ္စတာ ဆာလေးက သူ့ရဲ့ ၃၃ နှစ်တာ တိုင်းပြည်ကို အုပ်ချုပ်ခဲ့စဉ်အတွင်း ပြုလုပ်ခဲ့တဲ့ အမှားတွေကို ခွင့်လွှတ်ကြဖို့ ပြောခဲ့ပါတယ်။

သူ့အနေနဲ့ တိုင်းပြည်ကို ပြန်လာပြီး သူ့ရဲ့ General People Congress ပါတီကို ဆက်ပြီး ဦးဆောင်မှာ ဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။

မစ္စတာဆာလေးဟာ မနှစ်က ဇွန်လအတွင်း သမ္မတအိမ်တော်အတွင်းကို ဗုံးနဲ့တိုက်ခိုက်ရာမှာ ဒဏ်ရာ ရရှိခဲ့ပြီးနောက် ဆော်ဒီအာရေးဘီးယားနိုင်ငံမှာ လအတန်ကြာအောင် ဆေးဝါးကုသမှု ခံယူခဲ့ရပါတယ်။

XS
SM
MD
LG