သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင်အစိုးရနဲ့ သူပုန်တိုက်ပွဲ အနည်းဆုံး ၃၀ သေဆုံး

ယီမင်နိုင်ငံ တောင်ပိုင်းမှာ အစိုးရတပ်တွေနဲ့ အယ်ခိုင်းဒါးလို့ သံသယဖြစ်ဖွယ်ရှိတဲ့ စစ်သွေးကြွတွေအကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တဲ့အတွက် အနည်းဆုံး လူ ၃၀ လောက် သေဆုံးခဲ့ပါတယ်။

Lahij ခရိုင်အတွင်းက Mallah မြို့မှာရှိတဲ့ စစ်စခန်းတစ်ခုကို စစ်သွေးကြွတွေက စနေနေ့အစောပိုင်းမှာ ဝင်တိုက်ခဲ့ရာက တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလို့ ယီမင် အရာရှိတွေက ပြောပါတယ်။ ဒီနေရာဟာ အယ်ခိုင်းဒါးတွေ ခြေကုပ်ယူထားတဲ့ Abyan ခရိုင်အနီးမှာ တည်ရှိတာပါ။

ဒီတိုက်ခိုက်မှုကို သူတို့ ပြုလုပ်ခဲ့တာလို့ Ansar al-Sharia စစ်သွေးကြွအဖွဲ့က ပြောပါတယ်။ အခုလ အစောပိုင်းတုန်းကလည်း အမေရိကန် ကျောင်းဆရာ တစ်ဦးကို တောင်ပိုင်း Taiz မြို့မှာ သူတို့ သတ်ဖြတ်ခဲ့ကြောင်း ဒီအဖွဲ့က ဝန်ခံ ပြောဆိုဖူးပါတယ်။

ယီမင်နိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာတဲ့ သမ္မတ Ali Abdullah Saleh ရာထူးက နုတ်ထွက်ရလောက်တဲ့အထိ ဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒပြပွဲမှုတွေကနေ ပြန်နာလန်ထူအောင် ယီမင်အစိုးရက ကြိုးပမ်းနေဆဲ ကာလဖြစ်ပါတယ်။ သမ္မတ ဆာလေး ဒုသမ္မတ Abed Rabbo Mansour Hadi က ဖေဖော်ဝါရီလမှာ သမ္မတရာထူးကို လက်ခံ ရယူခဲ့တာပါ။ သမ္မတသစ်က သူ့အနေနဲ့ အယ်ခိုင်းဒါးတွေကို တိုက်ထုတ်ပြီး တိုင်းပြည် တည်ငြိမ်အောင် လုပ်ဆောင်မယ်လို့ ကတိပေးထားပါတယ်။

တချိန်တည်းမှာပဲ အယ်ခိုင်းဒါးလို့ သံသယဖြစ်ဖွယ်ရှိတဲ့ အဖွဲ့က တိုင်းပြည်တောင်ပိုင်းက ရေနံပိုက်လိုင်းကို သောကြာနေ့က ဖောက်ခွဲ ဖျက်ဆီးခဲ့တယ်လို့ ယီမင် အာဏာပိုင်တွေက ပြောပါတယ်။

This item is part of
XS
SM
MD
LG