သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင်မှာ အယ်လ်ခိုင်းဒါး ဗုံးခွဲလက်စားချေ


ယီမင်နိုင်ငံမှာ တနင်္လာနေ့က လူပေါင်း ၉၆ ယောက်သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာ ရခဲ့ကြတဲ့ အသေခံဗုံးခွဲ တိုက်ခိုက်မှုဟာ အမေရိကန် ထောက်ခံအားပေးမှုနဲ့ အစိုးရက သူတို့အဖွဲ့ဝင်တွေကို တိုက်ခိုက်နေတာတွေအတွက် ပြန်ပြီး ကလဲ့စားချေလိုက်တာပဲလို့ အယ်လ်ခိုင်းဒါး အဖွဲ့က ပြောပါတယ်။

ယီမင်နိုင်ငံ မြို့တော် Sana’a မှာ စစ်ရေးပြ အခမ်းအနားအတွက် ရာနဲ့ချီ တပ်ဖွဲ့တွေ တန်းစီးပြီး အကြို လေ့ကျင့်မှုတွေ နေကြတုန်း သံသယဖြစ်ဖွယ် စစ်သားတစ်ယောက်က ဗုံးခွဲ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ယီမင်အစိုးရ အရာရှိတွေက ပြောပါတယ်။ ယီမင် မြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသ သွေးစည်းမှု အထိမ်းအမှတ် အင်္ဂါနေ့မှာ ကျင်းပမယ့် အခမ်းအနားအတွက် စစ်သားတွေက စစ်ရေးပြ လေ့ကျင်မှုတွေ လုပ်နေကြတာပါ။

ယီမင် ထိပ်ပိုင်း တပ်မှူးတွေကို အဓိက ပစ်မှတ်ထားပြီး ဒီတိုက်ခိုက်မှုကို လုပ်တာလို့ ယီမင်အခြေစိုက် အယ်လ်ခိုင်းဒါးအဖွဲ့က ပြောပါတယ်။ အာဏာကနေ ဖယ်ရှားခံလိုက်ရတဲ့ သမ္မတ Ali Abdullah Saleh ကို ဆန့်ကျင် ကန့်ကွက်တဲ့ ဆန္ဒပြတွေ တိုင်းပြည်မှာ ဖြစ်ပွားနေတဲ့အချိန်၊ ပြီးခဲ့တဲ့နှစ်က တောင်ပိုင်းဒေသတွေကို သိမ်းပိုက်ထားတဲ့ စစ်သွေးကြွတွေကို အမေရိကန်ရဲ့ အားပေးကူညီမှုနဲ့ ယီမင်အစိုးရတပ်တွေက ချေမှုန်းမှုတွေ လုပ်နေချိန်မှာပဲ အခုလို တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။

တနင်္လာနေ့က ဖြစ်ပွားခဲ့တဲ့ ဒီ အကြမ်းဖက်တိုက်ခိုက်မှုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချပြီး တိုက်ခိုက်သူတွေအနေနဲ့ ပြစ်မှုအတွက် တာဝန်ယူ ရလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG