ယီမင်သမ္မတ Ali Abdullah Saleh က တိုင်းပြည်မှာကြုံနေရတဲ့ နိုင်ငံရေး အကျပ်အတည်းတွေ အဆုံးသတ်နိုင်အောင် ပဋိပက္ခတွေ ရပ်ပြီး ဆွေးနွေးဖို့ နိုင်ငံကို ပြန်လာပြီး နာရီပိုင်းအတွင်းမှာပဲ တိုက်တွန်းလိုက်ပါတယ်။ မြို့တော် Sana’a မှာ တိုက်ခိုက်ခံရစဉ်က ဒဏ်ရာတွေကို ဆော်ဒီအာရေဗီးယား နိုင်ငံမှာ ၃ လကြာ ဆေးကုသ ခံယူနေရာက ဒီကနေ့ တိုင်းပြည်ကို ပြန်လာခဲ့ပြီးတဲ့နောက် သမ္မတရဲ့ရုံးက ကြေညာချက် ထုတ်ပြန်လိုက်တာပါ။
သမ္မတ ရာထူးက ထွက်ပေးရေး တောင်းဆိုမှုတွေ အရှိန်မြှင့် လုပ်ဆောင်လာနေတဲ့ အတိုက်အခံတွေနဲ့ အစိုးရလိုလားသူတွေကြား ပြဿနာတွေ ကြီးထွားလာနေတာတွေ အဆုံးသတ်စေဖို့ တွေ့ဆုံ ဆွေးနွေးတာကသာ တခုတည်းသော နည်းလမ်းဖြစ်တယ်လို့ သမ္မတ Saleh က ကြေညာချက်မှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
သမ္မတ ရာထူးကထွက်ပေးရေး ဆန္ဒပြသူတွေက လပေါင်းအတော်ကြာ တောင်းဆိုဆန္ဒပြနေကြတာဖြစ်ပြီး သွေးထွက်သံယို အကြမ်းဖက်မှုတွေကြောင့် လူပေါင်း ရာနဲ့ချီ သေဆုံးခဲ့တာပါ။
မကြာသေးခင် ရက်အတွင်းမှာတုန်းကတော့ ယီမင်နိုင်ငံမှာရှိတဲ့ နိုင်ငံရေးပါတီတွေက သမ္မတကို ဖယ်ရှားနိုင်ဖို့ ပူးပေါင်း စီစဉ်နေတယ်လို့ ပြောဆိုထားပါတယ်။ သမ္မတရဲ့ လက်ထောက် ဖြစ်သူကို အာဏာလွှဲပေးဖို့ ပါဝင်တဲ့ အစီအစဉ်ကို အကောင်အထည် ဖော်နိုင်ဖို့ ပင်လယ်ကွေ့ ၆ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့က ယီမင် ဒုသမ္မတ Abed Rabbo Mansour Hadi နဲ့ Sana’a မြို့မှာ ဒီတပတ် အစောပိုင်းမှာပဲ တွေ့ဆုံခဲ့တာပါ။ သမ္မတ ကတော့ ဒီအစီအစဉ်ကို ဧပြီလကစလို့ ၃ ကြိမ်တိုင်တိုင် လက်ခံခဲ့ဖူးပေမဲ့ အကြိမ်တိုင်းလိုလိုမှာ လက်မှတ် ရေးထိုးတာတွေ မလုပ်ခင်မှာဘဲ ပြန်လည် ရုပ်သိမ်းသွားခဲ့တာ ဖြစ်ပါတယ်။