သုံးရလွယ်ကူစေသည့် Link များ

ယီမင် နိုင်ငံရေး မတည်ငြိမ်ချိန် အစွန်းရောက်တွေ မြို့တမြို့ကို သိမ်းပိုက်

  • ဗွီအိုအေ (မြန်မာဌာန)

ယီမင် နိုင်ငံရေး မတည်ငြိမ်ချိန် အစွန်းရောက်တွေ မြို့တမြို့ကို သိမ်းပိုက်

ယီမင်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေး ပြဿနာတွေ အရှိန်မြင့်လာတာကို ယီမင်သမ္မတက မနိုင်မနင်းနဲ့ ဖြေရှင်းဖို့ ကြိုးစားနေချိန်မှာပဲ ယီမင်တောင်ပိုင်း အဘီယန် (Abyan) ခရိုင်က ဂျား (Jaar) မြို့ကို အစ္စလာမ် စစ်သွေးကြွတွေ သိမ်းပိုက်လိုက်ပြီး အလယ်ပိုင်း ခရိုင်မှာလည်း ယီမင်စစ်သားတွေ ခြုံခိုတိုက်ခိုက်လို့ သေဆုံးစေခဲ့တယ်လို့ ယီမင် အရာရှိတွေက ပြောပါတယ်။

ဂျားမြို့က အစိုးရ အဆောက်အဦးတွေနဲ့ လက်နက်စက်ရုံတွေကို အစ္စလာမ် စစ်သွေးကြွတွေက သိမ်းပိုက်တာပါ။ အစောင့်တချို့က အစပိုင်းမှာ ခုခံမှု ရှိပေမဲ့ နောက်ပိုင်း အကုန်စွန့်ခွာ ထွက်ပြေးသွားပုံ ရပါတယ်။

ဒါပေမဲ့ တနင်္ဂနွေနေ့မှာ အစိုးရတပ်တွေက ပြန်လည် တိုက်ခိုက်ခဲ့လို့ စစ်သားတဦး သေဆုံးခဲ့ရတယ်လို့ ယီမင် အရာရှိတွေက ပြောပါတယ်။ ယီမင် တိုက်လေယာဉ်တွေလည်း အဲဒီဒေသမှာ ပျံဝဲနေတယ်လို့ ဆိုပါတယ်။

အလယ်ပိုင်းဒေသက မာရစ် (Marib) ခရိုင်မှာတော့ တနင်္ဂနွေနေ့မှာ အယ်လ်ကိုင်းဒါး စစ်သွေးကြွလို့ ထင်ရတဲ့သူတွေ တိုက်ခိုက်ခဲ့တဲ့အတွက် ယီမင်စစ်သား ၆ ဦးထက်မနည်း သေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့တဲ့အပြင် ယီမင် စစ်ကားတစီးကိုလည်း သိမ်းသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ယီမင်နိုင်ငံမှာ နှစ်ပေါင်း ၃၂ နှစ်ကျော် အာဏာဆုပ်ကိုင်ထားတဲ့ သမ္မတ အလီ အဗ္ဗဒူလာ ဆာလေး (Ali Abdullah Saleh) နှုတ်ထွက်ပေးဖို့ သီတင်းပတ်နဲ့ချီပြီး လူထု ဆန္ဒပြပွဲတွေ နေ့စဉ် တွေ့နေရပါတယ်။

ဒီလို မငြိမ်မသက် ဖြစ်နေတဲ့ ယီမင်နိုင်ငံမှာ အယ်လ်ကိုင်းဒါး အဖွဲ့တွေဟာ ယီမင်စစ်တပ်နဲ့ အနောက်နိုင်ငံသားတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေပါတယ်။

XS
SM
MD
LG