သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင် လမ်းပေါ်တိုက်ပွဲ ၄၀ ကျော် သေဆုံး


ယီမင် လမ်းပေါ်တိုက်ပွဲ ၄၀ ကျော် သေဆုံး

ယီမင်နိုင်ငံမြို့တော် ဆာနာ (Sana’a) မှာ အစိုးရရဲ့ တပ်တွေနဲ့ အတိုက်အခံ လူမျိုးစု အကြီးအကဲဖြစ်သူ ရှိတ်ခ် ဆာဒက်ခ် အယ်လ် အာမာ (Sheik Sadeq al-Ahmar) ကို သစ္စာခံသူတွေကြား လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားနေပါတယ်။

စစ်ဒဏ်ခံနေရတဲ့ တိုင်းပြည်ကနေ နိုင်ငံခြား သံတမန်တွေ ထွက်ခွာနေချိန်မှာပဲ အချက်အချာ နေရာတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းရင်း တိုက်ပွဲတွေဟာ ဗုဒ္ဓဟူးနေ့ အရုဏ်တက်ချိန်ကစလို့ တနေကုန် ဖြစ်ပွားနေတာပါ။

ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ မျက်မြင်တွေ့သူတွေကတော့ တိုက်ခိုက်မှုတွေအတွင်း လူပေါင်း ၄၁ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း ပြောပါတယ်။

လူမျိုးစု အတိုက်အခံ အဖွဲ့တွေ သိမ်းပိုက်ထားတဲ့ အစိုးရ ဝန်ကြီးရုံးတွေနဲ့ အဆောက်အဦး နေရာ အတော်များများရှိရာ မြို့တော်မြောက်ပိုင်းက ဟာဆာဘာ (Hasaba) အရပ်မှာ တိုက်ခိုက်မှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့တာပါ။

အစိုးရတပ်တွေရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် သမ္မတ အလီ အဗ္ဗဒူလာ ဆာလေး (Ali Abdullah Saleh) ရဲ့ အဓိက ပြိုင်ဘက်ဖြစ်သူ အယ်လ် အာမာရဲ့ နေအိမ်ခြံဝန်း အကြီးအကျယ် ပျက်စီးသွားခဲ့သလို ဒီနေရာမှာ အစိုးရက ရေနဲ့ လျှပ်စစ်မီးတွေကိုလည်း ဖြတ်တောက်ထားပါတယ်။

ယီမင်နိုင်ငံရဲ့ အာဏာအရှိဆုံး စစ်တပ်ခေါင်းဆောင် တဦးဖြစ်တဲ့ ဗိုလ်မှူးချုပ် အလီ မိုဆန် အယ်လ် အာမာ (Ali Mohsen al-Ahmar) ရဲ့ ဌာနချုပ်ရုံးရှိရာ နေရာကိုလည်း ဗုဒ္ဓဟူးနေ့တုန်းက သမ္မတရဲ့ သစ္စာခံတဲ့ တပ်တွေက မော်တာတွေ၊ RPG တွေနဲ့ ပစ်ခတ်ခဲ့တာပါ။

ဗိုလ်မှူးချုပ် မိုဆန်ဟာ ယီမင်နိုင်ငံမှာ သြဇာကြီးမားတဲ့ ဟာရှစ်ဒ် (Hashid) လူမျိုးစုဝင်ဖြစ်ပြီး သမ္မတ ရာထူးက ထွက်ပေးရေး ၄ လနီးပါးကြာ ဆန့်ကျင် အုံကြွနေသူတွေနဲ့ မတ်လထဲမှာပဲ ပူးပေါင်းသွားခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG