ယီမင်သမ္မတ အလီ အဗ္ဗဒူလာ ဆာလိခ် (Ali Abdullah Saleh) က သူ့ရဲ့ပြိုင်ဘက်တွေ ရှိနေသ၍ အာဏာမစွန့်ဘူးလို့ ပြောလိုက်ပါတယ်။
အတိုက်အခံတွေဘက်ကို ကူးပြောင်းသွားတဲ့ အဆင့်မြင့် ဗိုလ်ချုပ်နဲ့ တောင်ပေါ် တိုင်းရင်းသား ခေါင်းဆောင် သူဌေးကြီးတို့က တိုင်းပြည်မှာ လွှမ်းမိုးမှု ရှိနေသ၍ အာဏာကို မစွန့်ဘူးလို့ The Washington Post သတင်းစာနဲ့ Time မဂ္ဂဇင်းတို့နဲ့ သီးသန့် မေးမြန်းခန်းမှာ ပြောခဲ့တာပါ။
ယီမင်နိုင်ငံအတွင်းမှာ တင်းမာမှုတွေဟာ အခု ၂ ပတ်အတွင်း ပိုပြီး များလာနေတပါတယ်။ မနေ့တုန်းက ယီမင်နိုင်ငံရဲ့ မြို့တော် ဆနားအား (Sana'a) မှာ ယီမင်သမ္မတ အလီ အဗ္ဗဒူလာ ဆာလိခ်ကို သစ္စာခံတဲ့ တပ်ဖွဲ့တွေနဲ့ အတိုက်အခံဘက်က ရပ်တည်တဲ့ လက်နက်ကိုင် တောင်ပေါ် တိုင်းရင်းသားတွေ ပဋိပက္ခ ဖြစ်ပွားခဲ့ကြလို့ အဲဒီမှာ လူ ၂ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
မနေ့က စောစောပိုင်း မြို့တော် ဆနားအားရဲ့ နေရာတော်တော်များများမှာ ပေါက်ကွဲမှုတွေရော၊ သေနတ်တွေ အကြီးအကျယ် ပစ်ခတ်တာတွေရော ရှိခဲ့တယ်လို့ မျက်မြင်တွေ့တဲ့ သူတွေက ဆိုပါတယ်။
အစိုးရတပ်ဖွဲ့တွေနဲ့ တောင်ပေါ် တိုင်းရင်းသား ခေါင်းဆောင် ရှိတ်ခ် ဆာဒိခ် အယ်လ် အာမာ (Sheikh Sadek al-Ahmar) ရဲ့ နောက်လိုက်တွေနဲ့ တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းကလည်း အစိုးရရဲ့ တိုက်ခိုက်ရေး စစ်လေယာဉ်တစီးကို တောင်ပေါ် တိုင်းရင်းသား တပ်ဖွဲ့တွေက မြို့တော် ဆနားအားနားမှာ ပစ်ချခဲ့ပါသေးတယ်။
ယီမင် နိုင်ငံခြားရေး ၀န်ကြီးကတော့ ၂၀၀၆ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲရဲ့ ရလဒ်ကို အတိုက်အခံတွေဘက်က လက်မခံလို့ အခုလို တင်းမာမှုတွေ ဖြစ်နေတာလို့ ဆိုပါတယ်။