ယီမင်နိုင်ငံ Sana'a မြို့တော်က မူဆလင်ဗလီ ၂ ခုမှာ အသေခံဗုံးခွဲ တိုက်ခိုက်မှု ၃ ခုကြောင့် သောကြာနေ့က ဝတ်ပြုနေသူ လူပေါင်း ၁၀၀ လောက် သေဆုံးပြီး၊ ၁၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဆေးဖက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
Sana'a မြို့တော်ကို ထိန်းချုပ်ထားတဲ့ Houthi Shi'ite သူပုန်တွေနဲ့ နီးစပ်တဲ့ Badr နဲ့ al-Hashoosh ဗလီတွေမှာ နေ့လည်ပိုင်း ဝတ်ပြုဆုတောင်းနေချိန်မှာပဲ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။ ပေါက်ကွဲမှုတွေကြောင့် ထိတ်လန့်တုန်လှုပ်နေတဲ့ လူအုပ်ထဲမှာလည်း နောက်ထပ် အသေခံဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။
တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်သူကမှာတော့ သူတို့လက်ချက်ဆိုပြီး ကြေညာတာမျိုး မရှိသေးပါဘူး။
မနေ့တုန်းကတော့ သမ္မတဟောင်း Ali Abdullah Saleh ကို သစ္စာခံတဲ့ Houthi သူပုန်တွေက နိုင်ငံတောင်ပိုင်းမှာရှိတဲ့ Aden မြို့က နိုင်ငံတကာ လေဆိပ်ကို တိုက်ခိုက်ခဲ့ရာမှာတော့ လက်ရှိသမ္မတ Abd-Rabbu Mansour Hadi ကို ထောက်ခံသူ ပြည်သူ့စစ်တွေနဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲအတွင်း သမ္မတဟောင်းကို ထောက်ခံသူ သူပုန် ၄ ယောက်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပါတယ်။
သမ္မတ Hadi ကတော့ ၂၀၁၁ ခုနှစ် အုံကြွမှုတွေမှာ ဖယ်ရှားခံခဲ့ရတဲ့ သမ္မတဟောင်းရဲ့ မဟာမိတ် Houthi သူပုန်တွေက နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထားရာက ပြီးခဲ့တဲ့ လကပဲ ပြန်လည်လွတ်မြောက်လာခဲ့တာပါ။