သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

al-Qaida အကြမ်းဖက် အစီအစဉ် ယေမင်ဖယ်ရှား


ယီမင်နိုင်ငံ တောင်ပိုင်းမှာရှိတဲ့ မြို့ ၂ မြို့ကို သိမ်းပိုက်ပြီး အနားက မဟာဗျူဟာကျတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ စက်ရုံတွေကို ဝင်ရောက်သိမ်းပိုက်မယ့် အယ်လ်ကိုင်းဒါး အကြမ်းဘက်အဖွဲ့ရဲ့ အစီအစဉ်ကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ ယီမင် အာဏာပိုင်တွေက ပြောပါတယ်။ သူတို့ရဲ့ အစီအစဉ်တွေထဲမှာ အဲဒီဒေသမှာ အလုပ်လာလုပ်နေတဲ့ နိုင်ငံခြားသားတွေကို ပြန်ပေးဆွဲတာတို့၊ သတ်ပစ်တာတို့အထိ လုပ်ဆောင်ဖို့ ပါဝင်နေတယ်လို့လည်း ပြောပါတယ်။

ယီမင်အစိုးရအနေနဲ့ နိုင်ငံတွင်းမှာ အလုပ်လာရောက် လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေကို အကာအကွယ်ပေးဖို့ လိုအပ်တာမှန်သမျှ လုပ်ဆောင်မယ်လို့ ယီမင်ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် မိုဟာမက် နာစာ အာမက် (Mohammad Nasser Ahmad) က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

အရှေ့အလယ်ပိုင်းနဲ့ အာဖရိကဒေသတလွှားမှာ အကြမ်းဖက် တိုက်ခိုက်ခံရမှုတွေ ရှိလာနိုင်တာအတွက် သတိပေးချက်တွေနဲ့အတူ အမေရိကန်အစိုးရက သံတမန်ဌာနတွေကို ပိတ်ထားမယ်လို့ ကြေညာခဲ့ပြီး တဲ့နောက် ယီမင်နိုင်ငံမှ al-Qaida အဖွဲ့ဝင် ၇ ဦးထက်မနဲ အမေရိကန်တွေဆီကလို့ ယူဆရတဲ့ မောင်းသူမဲ့လေယာဉ်နဲ့ အတိုက်ခိုက်ခံရပြီး သေဆုံးခဲ့ချိန်မှာပဲ ယီမင်အစိုးရက အခုလို al-Qaida တွေရဲ့ အကြမ်းဖက်မယ့်အစီအစဉ်ကို ဖော်ထုတ်နိုင်ကြောင်း ကြေညာလိုက်တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ အကြမ်းဖက် အန္တရာယ်အတွက် ခြိမ်းခြောက်ခံရမှုတွေကို အလေးထားပေမဲ့ ကြောက်လန့်ပြီး နောက်ဆုတ် သွားမှာမဟုတ်ကြောင်း အမေရိကန်သမ္မတ Barack Obama က ကြာသပတေးနေ့ အမေရိကန် မရိန်းတပ်သားတွေကို မိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေ ရှိလာနိုင်တာမို့ အရေးပါတဲ့ ဝန်ထမ်းတွေမှတပါး ကျန်ဝန်ထမ်းအားလုံး ယီမင်နိုင်ငံကနေ ထွက်ခွာကြဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့က အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ယီမင်နိုင်ငံက ထွက်ခွာလာတဲ့ ဝန်ထမ်းတွေဟာ အခုအခါမှာ ဂျာမဏီနိုင်ငံမှာရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံးကို ရောက်နေကြြ ပီဖြစ်ပါတယ်။
XS
SM
MD
LG