သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင် အတိုက်အခံ ခေါင်းဆောင်ကို ဖမ်းမိန့်ထုတ်


ယီမင် အတိုက်အခံ ခေါင်းဆောင်ကို ဖမ်းမိန့်ထုတ်

ယီမင်နိုင်ငံမှာ တနင်္လာနေ့ကတည်းက အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ အတိုက်အခံ လူမျိုးစု တိုင်းရင်းသားတွေရဲ့ ခေါင်းဆောင်ကို ဖမ်းဆီးဖို့ ယီမင်သမ္မတ အလီ အဗ္ဗဒူလာ ဆာလေး (Ali Abdullah Saleh) က အမိန့်ပေးထားပါတယ်။

ဟာရှစ်ဒ် (Hashid) လူမျိုးစု တိုင်းရင်းသားတွေရဲ့ ခေါင်းဆောင် ရှိတ်ခ် ဆာဒစ်က် အယ်လ် အာမာ (Sheikh Sadiq al-Ahmar) ကို သစ္စာခံသူတွေဟာ ဆာနာ (Sana'a) မြို့တော်မှာ ယီမင် အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အလျောက် မစ္စတာ အယ်လ် အာမာကို ဖမ်းဆီးဖို့ ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာသွားတာပါ။

ယီမင်သမ္မတ ဆာလေးဟာ နိုင်ငံကို ပြည်တွင်းစစ်ဖြစ်အောင် ဖန်တီးတယ်လို့ မစ္စတာ အယ်လ် အာမာက အယ်လ်ဂျာဇီးယား (Al Jazeera) ရုပ်မြင်သံကြားနဲ့ မေးမြန်းခန်းမှာ စွပ်စွဲသွားပါတယ်။ သမ္မတ ဆာလေး ရာထူးကနေ နှုတ်ထွက်ပေးဖို့ တခြား အာရပ်နိုင်ငံတွေ ဖိအားပေးကြပါလို့ သူက တိုက်တွန်းသွားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ ညပိုင်းနဲ့ ကြာသပတေးနေ့ အစောပိုင်းတွေက တိုက်ပွဲတွေကြောင့် လူအနည်းဆုံး ၂၄ ဦး သေဆုံးသွားရတယ်လို့ အစိုးရ သတင်းရပ်ကွက်နဲ့ မျက်မြင်သက်သေတွေကို ကိုးကားပြီး အနောက်တိုင်းက သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒီသီတင်းပတ် အစောပိုင်းက တိုက်ခိုက်မှုတွေကြောင့်လည်း စစ်သားတွေနဲ့ တိုင်းရင်းသားတွေ အများကြီး သေဆုံးသွားရပါသေးတယ်။

နောက်သီးခြားဖြစ်ရပ်မှာတော့ မြို့တော်က လက်နက်သိုလှောင်ရုံမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၂၈ ဦး သေဆုံးသွားရတယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ ဒါပေမဲ့ အတိုက်အခံတွေကတော့ အစိုးရက လူနေရပ်ကွက်ထဲကို အပြင်းအထန် ပစ်ခတ်လို့ လူတွေ သေဆုံးရတာဆိုပြီး ငြင်းနေတယ်လို့ AP သတင်းတရပ်မှာ ဖော်ပြထားပါတယ်။

ကြာသပတေးနေ့ အစောပိုင်းကတော့ ဆာနာမြို့တော်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်သံတွေ၊ ပေါက်ကွဲသံ အကျယ်ကြီးတွေ ကြားနေရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

လျှပ်စစ်မီးက ပျက်တခါ လာတလှည့် ဖြစ်နေပြီး အတိုက်အခံ တိုက်ခိုက်ရေး သမားတွေက အစိုးရ သတင်းဌာန ဆာဘာ (Saba) ရဲ့ ရုံးခန်းတွေ အပါအဝင် အစိုးရ အဆောက်အဦး အများအပြားကို ထိန်းချုပ်ထားတယ်လို့လည်း ဆိုပါတယ်။ မြို့ခံတွေကတော့ ဗုဒ္ဓဟူးနေ့တည်းက ကားတွေနဲ့ ထွက်ပြေးသွားခဲ့ကြပါတယ်။

XS
SM
MD
LG