သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင် စစ်တပ်အကြီးအကဲအချို့ ဆန္ဒပြသူတွေနဲ့ ပူးပေါင်း


ယီမင် စစ်တပ်အကြီးအကဲအချို့ ဆန္ဒပြသူတွေနဲ့ ပူးပေါင်း
ယီမင် စစ်တပ်အကြီးအကဲအချို့ ဆန္ဒပြသူတွေနဲ့ ပူးပေါင်း

ယီမင်နိုင်ငံမှာ ပြဿနာတွေ ပတ်လည်ဝိုင်းနေတဲ့ သမ္မတ အလီ အဗ္ဗဒူလာ ဆာလေး (Ali Abdullah Saleh) အပေါ် ထောက်ခံမှုတွေ သိသိသာသာ ကျဆင်းနေချိန်မှာပဲ အကြီးတန်း စစ်ခေါင်းဆောင် အများစုဟာလည်း သမ္မတ ဆာလေး အာဏာက ဖယ်ရှားရေး တောင်းဆို ဆန္ဒပြနေကြသူတွေနဲ့အတူ ပူးပေါင်းလိုက်ကြပါတယ်။

ယီမင်နိုင်ငံရဲ့ ထိပ်တန်း စစ်ခေါင်းဆောင် တဦးဖြစ်တဲ့ မစ္စတာ ဆာလေးနဲ့ အချိန်အတော်ကြာ အလုပ်လုပ်ခဲ့သူ ဗိုလ်ချုပ် အလီ မိုဆန် အယ်လ်-အာမာ (Ali Mohsen Al-Ahmar) က ငြိမ်းချမ်းတဲ့ လူထုဆန္ဒပြပွဲတွေကို သူ ထောက်ခံကြောင်း တနင်္လာနေ့က ကြေညာခဲ့သလို ဆန္ဒပြသူတွေအပေါ် နှိမ်နင်းမှုတွေကို ပြစ်တင် ဝေဖန်ခဲ့ပါတယ်။

နောက်ထပ် နာမည်ကြီး ဗိုလ်ချုပ် ၂ ဦးအပြင် အကြီးတန်း အစိုးရ အရာရှိ အတော်များများဟာလည်း ဆန္ဒပြသူတွေဘက်ကနေ ရပ်တည်လာခဲ့ကြပါတယ်။

ဗိုလ်ချုပ် အာမာ ဆန္ဒပြသူတွေနဲ့ ပူးပေါင်းခဲ့ပြီးတဲ့နောက် အတိုက်အခံနဲ့ စစ်တပ်သစ္စာခံတို့ရဲ့ အတိုက်အခံ တင့်ကားတွေကို မြို့တော်ရဲ့ လမ်းမတွေပေါ်မှာ နေရာချထားသလို မစ္စတာ ဆာလေးကို ထောက်ခံတဲ့ ရီပတ်ဘလီကန် (Republican) အစောင့်တပ်ဖွဲ့တွေကလည်း သမ္မတနန်းတော်ကို ကာကွယ် တပ်စွဲထားကြပါတယ်။

အစိုးရ အတိုက်အခံဘက်မှာ ရပ်တည်တဲ့ စစ်တပ်ဖွဲ့က တင့်ကားတွေကို မြို့တော် အဝင်ဂိတ်တွေမှာလည်း နေရာချထားပါတယ်။ သူ့ရဲ့တပ်ဖွဲ့တွေက ပြည်သူတွေကို အကာအကွယ် ပေးသွားမယ်လို့ ဗိုလ်ချုပ် အာမာက ပြောပါတယ်။ ဆန္ဒပြသူတွေကို ကာကွယ်ဖို့အတွက် သူ့ရဲ့ တပ်ဖွဲ့အင်အား ထောင်နဲ့ချီကို တနင်္လာနေ့ အစောပိုင်းက နေရာချထားခဲ့ပါတယ်။

တချိန်တည်းမှာပဲ ယီမင် ကာကွယ်ရေးဝန်ကြီး မိုဟာမက် နာဆာ အာမက် (Mohammad Nasser Ahmed) ကတော့ စစ်တပ်ဟာ သမ္မတကို သစ္စာခံဆဲဖြစ်ပြီး သူ့အဆို ဒီမိုကရေစီနဲ့ ဖွဲ့စည်းပုံအရ ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်တွေကို ဆန့်ကျင်တဲ့ ဘယ်လိုလုပ်ဆောင်ချက်ဖြစ်ဖြစ် စစ်တပ်က ဟန့်တားသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာရဲ့ ဝေဖန်ပြစ်တင်မှုတွေ ခံနေရပေမဲ့လည်း ပြည်သူအများစုဟာ သူ့ကို ထောက်ခံနေတုန်းပဲလို့ သမ္မတ ဆာလေးကလည်း ဆိုပါတယ်။

နိုင်ငံရဲ့ အရေးပါဆုံး လူမျိုးစုခေါင်းဆောင် တဦးဖြစ်တဲ့ ရှိတ်ခ် ဆာဒက် အယ်လ်-အာမာ (Sheik Sadeq al-Ahmar) ကလည်း ဆန္ဒပြပွဲတွေကို ထောက်ခံတဲ့အကြောင်း တနင်္လာနေ့က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG