အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေမှာ အကြမ်းဖက် နှိမ်နင်းခံခဲ့ရပြီးတဲ့နောက် ထောင်သောင်းချီတဲ့ ယီမင်ပြည်သူတွေက သမ္မတ အလီ အဗ္ဗဒူလာ ဆာလေး (Ali Abdullah Saleh) ကို နုတ်ထွက်ပေးဖို့ ဗုဒ္ဓဟူးနေ့က ထပ်မံ တောင်းဆိုလိုက်ပါတယ်။
ဖေဖော်ဝါရီလ ကတည်းက အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ကျင်းပခဲ့တဲ့ တောင်ပိုင်း တိုက်ဇ် (Taiz) မြို့ရဲ့ လမ်းတွေပေါ်မှာနဲ့ မြို့တော် ဆာနာ (Sana'a) တို့မှာ ဆန္ဒပြသူ ထောင်ပေါင်းများစွာက ဆက်ပြီး ဆန္ဒပြနေကြပါတယ်။ ဒီနှစ် အစောပိုင်းကစပြီး ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ အကြမ်းဖက် လူစုခွဲခဲ့လို့ လူပေါင်း ၁၂၀ ကျော် သေဆုံးခဲ့ရပါတယ်။
ဆန္ဒပြသူတွေအပေါ် သွေးထွက်သံယို အကြမ်းဖက် နှိမ်နင်းမှုကို အနောက်နိုင်ငံတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ပြစ်တင်လိုက်ပြီး နိုင်ငံရေးအရ ဖြေရှင်းဖို့ တောင်းဆိုနေကြပါတယ်။
EU ဥရောပသမဂ္ဂ အဖွဲ့ရဲ့ နိုင်ငံခြားရေးရာဆိုင်ရာ အကြီးအကဲ ကက်သရင်း အက်ရှ်တွန် (Catherine Ashton) က အင်္ဂါနေ့မှာ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး ယီမင်မှာ နိုင်ငံရေး အပြောင်းအလဲကို အချိန်မဆိုင်းဘဲ လုပ်ရမယ်လို့ ပြောခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုကလည်း အလားတူ တိုက်တွန်းခဲ့ပါတယ်။