ယီမင်မှာ အစိုးရတပ်ဖွဲ့တွေနဲ့သူပုန်တွေကြား တရက်ကြာတိုက်ပွဲအဆုံးသတ်ဖို့ အပစ်ရပ်သဘောတူညီမှုရရှိပြီး နာရီအနည်းငယ်အကြာမှာ မြို့တော် ဆိုင်နိုင်းရှိ ဝန်ကြီးချုပ်ရဲ့အိမ်တော်ကို Houthi စစ်သွေးကြွတွေက ဝိုင်းထားတယ်လို့ ယီမင်အစိုးရက ပြောပါတယ်။ အဲဒီဝိုင်းထားချိန်မှာ ဆနိုင်း တဟီရာ ရင်ပြင်ရှိ ဝန်ကြီးချုပ်အိမ်တော်အတွင်းမှာ ဝန်ကြီးချုပ် Khaled Bahah ရှိနေတဲ့အကြောင်း အစိုးရပြောခွင့်ရက ထုတ်ဖော်ပြောကြားပါတယ်။
Houthi စစ်သွေးကြွတွေရဲ့တောင်းဆိုချက်တွေကိုတော့ လူသိရှင်ကြား ချက်ခြင်း ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။ အဲဒီနေ့စောစောပိုင်းကတော့ သမ္မတရဲ့နန်းတော်ကနေ ဝန်ကြီးချုပ်ရဲ့ကားတန်းရှည် ထွက်ခွာလာခဲ့စဉ် ဝန်ကြီးချုပ်ဗဟားရဲ့ကားတန်းရှည်ကို ဟိုသီစစ်သွေးကြွတွေက တိုက်ခိုက်ခဲ့ ကြတယ်လို့သိရပါတယ်။ ထိုစဉ်က ဝန်ကြီးချုပ်အနေနဲ့ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သေနတ်ပစ်ခတ်မှုနဲ့ ပေါက်ကွဲမှုတွေ အပြင်းအထန်ဖြစ်ပွားခဲ့လို့ အဲဒီနေရာကနေ အရပ်သားတွေ ထွက်ပြေးခဲ့ကြရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
လူအနည်းဆုံး သုံးဦးသေဆုံးခဲ့တယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။ အစိုးရသတင်းဌာန အဆောက်အဦးကို သူပုန်တွေသိမ်းပိုက်ထားတယ် ဆိုတဲ့ အတည်မပြုနိုင်တဲ့သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ယီမင်နဲ့Zaidi Shi'ite တွေရဲ့အခွင့်အရေးတိုးပေးဖို့ တောင်းဆိုနေတဲ့ ဟိုသီ သူပုန် တွေဟာ မြို့တော်ကို ပြီးခဲ့တဲ့စက်တင်ဘာလက သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း အစိုးရသစ်ဖွဲ့ပေးဖို့တောင်းဆိုထားတဲ့ သဘောတူညီမှုကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
စနေနေ့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲတဲ့ အစည်းအဝေးပွဲကို နှောင့်ယှက်တဲ့အနေနဲ့ ဟိုသီသူပုန်တွေက သမ္မတ Abed Rabbo Mansour Hadi ရုံးရဲ့ အရာရှိချုပ်ကို ပြန်ပေးဆွဲသွားခဲ့ပါတယ်။