သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင်စစ် ပါဝင်မှုအဆုံးသတ်ရေး ကန်လွှတ်တော်မဲခွဲ


Yemen နိုင်ငံမှာ Saudi အစိုးရဦးဆောင်တိုက်နေတဲ့ စစ်ပွဲမှာ အမေရိကန်ပါဝင်မှုအဆုံးသတ်ရေး ဥပဒေကြမ်းကို အမေရိကန်အထက်လွှတ်တော်မှာ ထောက်ခံမဲ ၆၃ မဲ ကန့်ကွက်မဲ ၃၇ မဲနဲ့ ဗုဒ္ဓဟူးနေ့က အတည်ပြုခဲ့ပါတယ်။

ဒီမဲခွဲထောက်ခံမှုကို ကြည့်ခြင်းဖြင့် Saudi Arabia နိုင်ငံနဲ့ပတ်သက်လို့ လွှတ်တော်အမတ်တွေနဲ့ အိမ်ဖြူတော်ကြား သဘောထားကွဲနေပြီဆိုတာကို ပြသနေပါတယ်။ Trump အစိုးရရဲ့ အမျိုးသားလုံခြုံရေးထိပ်တန်းတာဝန်ရှိသူ ၂ ယောက်က Yemen စစ်ပွဲနဲ့ပါတ်သက်တဲ့ကိစ္စတွေကို အထက်လွှတ်တော်ကို တခါးပိတ်ရှင်းလင်းပြောပြခဲ့ပေမဲ့ ဒီစစ်ပွဲကနေ အမေရိကန်ထွက်ဖို့ လွှတ်တော်အမတ်တွေ ဆုံးဖြတ်ခဲ့ကြတာပါ။

တူရကီနိုင်ငံက Saudi ကောင်စစ်ဝန်ရုံးထဲမှာ Saudi သတင်းထောက် Jamal Khashoggi အသတ်ခံရတာ ၂ လနီးပါးရှိလာနေပေမဲ့ Saudi အစိုးရနဲ့ အမေရိကန်အစိုးရကြား သမိုင်းဝင်ရင်းနှီးတဲ့ဆက်ဆံရေးကို ထိန်းသိမ်းထားဖို့လိုတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ရော ကာကွယ်ရေးဝန်ကြီး Jim Mattis ကပါတိုက်တွန်းနေကြပါတယ်။

Yemen နိုင်ငံက Houthi သူပုန်တွေကို Saudi ဦးဆောင် ခြေမှုန်းတဲ့စစ်ဆင်ရေးမှာ အမေရိကန်က ထောက်ခံပံ့ပိုးဖို့လိုတယ်လို့လည်း ပြောနေပါတယ်။ အထက်လွှတ်တော်အမတ်တွေကို တံခါးပိတ် ရှင်းလင်းပြောကြားပွဲမှာ CIA အကြီးအကဲ Gina Haspel မပါတဲ့ကိစ္စကိုလည်း Democrat လွှတ်တော်အမတ်တွေရော Republican လွှတ်တော်အမတ်တွေပါ အတော်လေး မကျေမနပ်ဖြစ်ခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ သတင်းထောက် Khashoggi ကို လုပ်ကြံဖို့ Saudi အိမ်ရှေ့မင်းသား Mohammed bin Salman အမိန့်ပေးခဲ့တာလို့ CIA ကစုံစမ်းမှုတွေအရ သိရကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG