သုံးရလွယ်ကူစေသည့် Link များ

မငြိမ်သက်မှုကြောင့် ယီမင်ရှိ အမေရိကန်သံရုံး ယာယီပိတ်


ယီမင်နိုင်ငံမှာ လွန်ခဲ့တဲ့လက သမ္မတ ရာထူးက နှုတ်ထွက်သွားခဲ့ပြီးနောက်ပိုင်း နိုင်ငံတွေမှာ လုံခြုံရေးအခြေအနေတွေ ယိုယွင်းပျက်ပြားလာတဲ့အတွက် ယီမင်နိုင်ငံက အမေရိကန်သံရုံးကို ပိတ်ထားလိုက်ပါတယ်။

စောစောပိုင်းတုန်းက ယီမင်နိုင်ငံ စာနာမြို့မှာရှိတဲ့ အမေရိကန် သံရုံးဝန်ထမ်းတွေက သံရုံးကို ပိတ်သိမ်းလိုက်ပြီလို့ သံအမတ်ကြီးက ဝန်ထမ်းတွေကို အကြောင်းကြားခဲ့ပြီး သူကိုယ်တိုင်လည်း ဗုဒ္ဓဟူးနေ့မှာ ယီမင်နိုင်ငံကနေ ထွက်ခွာမယ်လို့ အသိပေးကြောင်း ပြောပါတယ်။ သံရုံးဝန်ထမ်းတွေရဲ့ ပြောဆိုချက် မှန်ကန်ကြောင်း အမည်မဖော်လိုတဲ့ အမေရိကန် ထိပ်တန်း တာဝန်ရှိသူတဦးက အင်္ဂါနေ့မှာ အတည်ပြုပြောဆိုပါတယ်။

ဝါရှင်တန်မှာရှိတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Jen Psaki ကတော့ အတည်ပြုချက်ပေးဖို့ ငြင်းဆိုပါတယ်။ အခြေအနေတွေကတော့ မတည်မငြိမ်ဖြစ်နေပြီး အမေရိကန် ပြည်ထောင်စုဟာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ထိတွေ့ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ဖို့ ကြိုးပမ်းနေတယ်လို့ သူမက ပြောပါတယ်။

ကျမတို့ ဝန်ထမ်းတွေအတွက် လုံခြုံမှုနဲ့ ဘေးအန္တရာယ် ကင်းဝေးရေး ကိစ္စဟာ ဦးစားပေးတဲ့ အချက် ဖြစ်တယ်ဆိုတာကတော့ ရှင်းပါတယ်လို့ Jen Psaki က ပြောပါတယ်။ ယီမင်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အဓိကရုဏ်းဟာ အမေရိကန် ပြည်ထောင်စုရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး အစီအစဉ်အပေါ် သက်ရောက်မှုရှိတယ်လို့ ပင်တာဂွန် စစ်ဌာနချုပ်ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

ဒါပေမဲ့ အမေရိကန်စစ်တပ်ဟာ ယီမင်တပ်ဖွဲ့တွေကို သင်တန်းတွေ ပေးနေဆဲဖြစ်ကြောင်းနဲ့ ယီမင်နိုင်ငံအတွင်းမှာ အယ်လ်ကိုင်းဒါး အကြမ်းဖက်သမားတွေအပေါ် စစ်ဆင်ရေးတွေ ဆက်လုပ်နေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

XS
SM
MD
LG