ယီမင်နိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးကို ပိတ်သိမ်းပြီး သံတမန်တွေ တိုင်းပြည်ကနေ ထွက်ခွာသွားပြီးတဲ့နောက် သံရုံးပိုင် မော်တော်ယာဉ်တွေကို Houthi သူပုန်တွေက သိမ်းပိုက်လိုက်ပါတယ်။
မော်တော်ယာဉ်တွေကို မြို့တော် စာနာရဲ့ လေဆိပ်ကနေ သိမ်းယူသွားခဲ့ကြတာ ဖြစ်တယ်လို့ CNN သတင်းဌာနက ကြေညာပါတယ်။ ယီမင်နိုင်ငံမှာ လုံခြုံရေး အခြေအနေတွေ ယိုယွင်း ပျက်ပြားလာနေတဲ့အတွက် အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတို့က သူတို့ရဲ့ သံရုံးအသီးသီးကို ပိတ်ပစ်လိုက်ကြပါတယ်။
အင်္ဂါနေ့တုန်းကတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်သံရုံး အမှုထမ်းတွေကို ယီမင်နိုင်ငံ မြို့တော် စာနာကနေ ရွှေ့ပြောင်းထားခဲ့ကြောင်း ကြေညာခဲ့ပြီး ဗြိတိန်နိုင်ငံကတော့ သူ့သံရုံးဝန်ထမ်းတွေကို ပြန်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ စောစောပိုင်းမှာ ကြေညာပါတယ်။
မကြာခင်က ပြုလုပ်ခဲ့တဲ့ တဘက်သတ်လုပ်ရပ်ဟာ ယီမင်နိုင်ငံရဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုကို အနှောင့်အယှက် ဖြစ်စေကြောင်း၊ အကြမ်းဖက်မှုတွေ ဖန်တီးပေးသလိုဖြစ်စေပြီး ယီမင်နိုင်ငံသားတွေ နိုင်ငံခြားသံရုံး ဝန်ထမ်းတွေအတွက် ခြိမ်းခြောက်မှုတွေ ဖြစ်စေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရ ပြောခွင့်ရ အမျိုးသမီး Jen Psaki က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ ငြိမ်းချမ်းပြီး သာယာဝပြောမှု စည်းလုံးမှုကို လိုလားတဲ့ ယီမင်နိုင်ငံသားတွေကို ထောက်ခံမှုပေးဆဲ ရှိပါကြောင်းလည်း ဖော်ပြထားပါတယ်။ ယီမင်နိုင်ငံမှာ အခြေအနေတွေ ကောင်းမွန်ပြီး သံရုံးပြန်လည် ဖွင့်လှစ်နိုင်ဖို့ နည်းလမ်းတွေ ရှာဖွေနေမှာ ဖြစ်တယ်လို့လည်း Jen Psaki က ပြောပါတယ်။