သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆွီဒင်မှာ ကုရ်အာန်ကျမ်း မီးရှို့ မှု ယီမင် ဒေါသတကြီးတုံ့ပြန်


ကုရ်အာန် ကျမ်းစာအုပ်ကို မီးရှို့ခဲ့တဲ့လုပ်ရပ်ကို ယီမင်နိုင်ငံမှာဆန့်ကျင်ဆန္ဒထုတ်ဖော်နေသူများ၊ ဇူလိုင် ၄၊ ၂၀၂၃
ကုရ်အာန် ကျမ်းစာအုပ်ကို မီးရှို့ခဲ့တဲ့လုပ်ရပ်ကို ယီမင်နိုင်ငံမှာဆန့်ကျင်ဆန္ဒထုတ်ဖော်နေသူများ၊ ဇူလိုင် ၄၊ ၂၀၂၃

ဆွီဒင်နိုင်ငံမှာ အစ္စလာမ် ဘာသာဝင်တွေအထွတ်အမြတ်ထားရာ ကုရ်အာန်ကျမ်းစာအုပ်ကို မီးရှို့ခဲ့တဲ့ ဖြစ်စဥ်အပေါ် ကန့်ကွက်တဲ့အနေနဲ့ ယီမင်နိုင်ငံ၊ မြို့တော် Sanaaမှာ ထောင်နဲ့ချီတဲ့လူတွေက တနင်္လာနေ့က လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒီဖြစ်စဥ် အပေါ် မွတ်ဆလင်အများစုနေထိုင်တဲ့ နိုင်ငံအများ အပြားမှာ ဆက်တိုက်ဆန္ဒပြ ကန့်ကွက်နေကြတာပါ။

"ကုရ်အာန်ကျမ်းတော်မြတ်ကို မီးရှို့တာအပါအဝင် အစ္စလာမ်ဘာသာဝင်တွေရဲ့ သင်္ကေတတွေကိုထပ်ခါ တလဲလဲ စော်ကား ကျူးလွန်မှုတွေက ဇီယွန်ဝါဒီတွေက ကျောထောက်နောက်ခံပြုနေတယ်လို့ ယီမင်ပြည်သူ တွေကယုံကြည်ကြောင်း" ဆန္ဒပြသူ သူတဦးက ပြောဆိုပြီး ဂျူးတွေရဲ့ လက်ချက်လို့ လည်း စွပ်စွဲခဲ့ကြပါတယ်။

ကုရ်အာန် ကျမ်းစာအုပ်တွေ ကိုင်ဆောင်ထားတဲ့ ဆန္ဒပြသူတွေဟာအမေရိကန်နဲ့ အစ္စရေးနိုင်ငံအလံ တွေကိုလည်းမီးရှို့ခဲ့ကြပါတယ်။ ဆွီဒင်နိုင်ငံ မြို့တော် စတော့ဟုမ်းမှာ မကြာသေးခင်တုန်းက လူထုဆန္ဒ ပြပွဲတွေမှာ ကုရ်အာန် အစ္စလာမ်ဓမ္မကျမ်းစာအုပ်ကို မီးရှို့ ဖျက်ဆီးတာတွေ လုပ်ခဲ့တာပါ။ ဒါ့အပြင် ဘာသာမဲ့ တဦးအဖြစ်လက်ရှိမှာ ကြေညာထားတဲ့ ဆွီဒင်နိုင်ငံမှာ နေထိုင်နေသူ၊ အီရတ်နိုင်ငံသား ခရစ်ယာန်အနွယ်ဝင်တဦးက ကြာသပတေးနေ့မှာ စတော့ဟုမ်းက အီရတ်သံရုံးရှေ့မှာ ကုရ်အာန်ကျမ်း စာအုပ်ကို မီးရှို့ဖျက်ဆီးမယ် ဆိုပြီးကြေညာထားပါတယ်။

ဒီအဖြစ်အပျက်တွေကြောင့် အီရတ်နိုင်ငံမှာလည်း ဆန္ဒပြသူတွေဟာ ဆွီဒင်သံရုံးကို ဝင်ရောက်စီးနင်းခဲ့ပြီး အီရတ်အစိုးရက ဆွီဒင်နဲ့သံတမန်ဆက်ဆံရေး ဖြတ်တောက်ထားပါတယ်။ ဒိန်းမတ်နိုင်ငံမှာလည်း ကုရ်အာန်ကျမ်း စာအုပ်ကို မီးရှို့ဖျက်ဆီးမှု ဖြစ်ပွားခဲ့ပြီးနောက်မှာ ဒါကိုဆန့်ကျင်တဲ့ မွတ်ဆလင်နိုင်ငံတွေရဲ့ ကန့်ကွက် ဆန္ဒပြပွဲတွေပို ပြင်းထန်လာနေတာပါ။

ကမ္ဘာတဝန်းက နိုင်ငံအများအပြားမှာ ဘာသာရေး ဆိုင်ရာ ပုတ်ခတ်စော်ကားမှုတွေကို ရာဇ၀တ်မှုအဖြစ် အရေးယူနိုင်တဲ့ ဥပဒေတွေ ရှိပေမယ့် ဆွီဒင်နဲ့ ဒိန်းမတ်နိုင်ငံတွေမှာတော့ ဒါမျိုးဥပဒေမရှိသလို ဓမ္မကျမ်းတွေကို မီးရှို့တာက ဥပဒေအရအထူးတားမြစ်ထားတာမျိုးလည်း မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG