ယီမင်နိုင်ငံမှာ ၃ လကြာနိုင်ငံရေး မတည်မငြိမ် ဖြစ်နေရတာတွေ အဆုံးသတ်စေရေး အစီအစဉ်တရပ်ကို ပင်လယ်ကွေ့ အာရပ်နိုင်ငံများ အဖွဲ့ရဲ့ အကြီးအကဲက သမ္မတ အလီအဘ်ဒူလာဆာလေး (Ali Abdullah Saleh) ထံ တင်ပြလိုက်ပါတယ်။ အဆိုပြုချက်ကို ပေးအပ်ဖို့ မြို့တော် ဆာနား (Sanaa) မှာ ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက်ရေး ကောင်စီ အတွင်းရေးမှူးချုပ် အဘ်ဒူလာတစ်ဖ် အယ်လ်-ဇယာနီ (Abdullatif al-Zayani) က ဒီကနေ့ပဲ ယီမင်သမ္မတနဲ့ တွေ့ဆုံခဲ့သလို အတိုက်အခံတွေနဲ့ တွေ့ဆုံသွားလိမ့်မယ်လို့လည်း မျှော်လင့်ထား ကြပါတယ်။
အဆိုပြုချက် အသေးစိတ်ကိုတော့ ထုတ်ပြန်ပြောဆိုတာမျိုး မရှိပါဘူး။ ဒါပေမဲ့လည်း အစီအစဉ်ထဲမှာ တလ အတွင်း သမ္မတ ဆာလေး နှုတ်ထွက်ပေးဖို့နဲ့ သူ ရာထူးက ထွက်ပေးပြီး ၂ လအတွင်း သမ္မတရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ ပါဝင်တဲ့အကြောင်း ရိုက်တာစ်သတင်းက ဖော်ပြပါတယ်။
ယီမင်သမ္မတကတော့ ရာထူးကထွက်ပေးရေး တောင်းဆိုချက်တွေ ကြီးထွားလာနေတာကို လက်မခံဘဲ တင်းခံ နေတာပါ။ မနေ့တုန်းကတော့ သမ္မတက အတိုက်အခံတွေဟာ ပူးပေါင်းကြံစည်မှုတွေနဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းနေတယ်လို့ စွပ်စွဲပြောဆို သွားပါတယ်။
အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေ ဒီနှစ်ဇန်န၀ါရီလမှာ စတင်ဖြစ်ပွားရာက ဆန္ဒပြသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေကြား ပဋိပက္ခတွေ ဖြစ်ပွားတဲ့အတွက် သေဆုံးသူ အရေအတွက်ဟာ ၁၂၀ ကျော်အထိ ရှိနေပြီဖြစ်ပါတယ်။