သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင်သမ္မတ နုတ်ထွက်ပေးမည်


ယီမင်သမ္မတ နုတ်ထွက်ပေးမည်
ယီမင်သမ္မတ နုတ်ထွက်ပေးမည်

ပင်လယ်ကွေ့ အာရပ်နိုင်ငံများ အဖွဲ့ရဲ့ အကြံပေးချက်ကို ယီမင်သမ္မတ အလီအဘ်ဒူလာဆာလေး (Ali Abdullah Saleh) က လိုက်နာဖို့ သဘောတူလိုက်ပြီလို့ ယီမင်အစိုးရ တာဝန်ခံတွေက ပြောပါတယ်။ ညှိနှိုင်းရေးမှူးတွေက သမ္မတ ဆာလေး ရက်ပေါင်း ၃၀ အတွင်း အာဏာလွှဲပြောင်းပေးပြီး နှုတ်ထွက်ပေးဖို့ တောင်းဆိုချက်ကို လက်ခံခဲ့တာဖြစ်ပါတယ်။

နှစ်ပေါင်း ၃၀ ကျော် သမ္မတအာဏာ ဆုပ်ကိုင်ထားတဲ့ သမ္မတ နှုတ်ထွက်ပေးဖို့အတွက် GCC ပင်လယ်ကွေ့ အာရပ် ၆ နိုင်ငံရဲ့ အစီအစဉ်ကို မစ္စတာ ဆာလေးက လက်ခံလိုက်ကြောင်း ယီမင်အစိုးရအဖွဲ့ကို စနေနေ့က အကြောင်းကြားခဲ့တာပါ။ ဒီအကြံပြုချက်ကို လက်ခံဖို့ အတုံ့အလှည့် အနေနဲ့ မစ္စတာ ဆာလေး၊ သူ့မိသားစုနဲ့ တကွ သူ့ရဲ့အကြီးတန်း ရုံးတာဝန်ခံတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရမယ်လို့ မစ္စတာ ဆာလေးက တောင်းဆိုခဲ့ပါတယ်။

အစီအစဉ်အရ သမ္မတ ဆာလေးက အာဏာကို ဒုတိယ သမ္မတကို လွှဲပြောင်းပေးရမှာဖြစ်ပြီး ဒုတိယ သမ္မတက သမ္မတရွေးကောက်ပွဲတွေကို ကျင်းပပေးရမှာ ဖြစ်ပါတယ်။ အစီအစဉ်ထဲမှာ ညီညွတ်တဲ့ အစိုးရတရပ်ကို ဖွဲ့စည်းပေးဖို့လည်း ပါပါတယ်။ ဒီအစိုးရအဖွဲ့မှာ လက်ရှိအာဏာရ ပါတီက အမတ် အရေအတွက် ထက်ဝက်ရယူရမှာဖြစ်သလို အတိုက်အခံဘက်က ၄၀ % ရယူပြီး သီးခြားပါတီတွေက ကျန်အမတ်နေရာအတွက် ရယူဖို့ဖြစ်ပါတယ်။

ယီမင်နိုင်ငံမှာ အစိုးရဆန့်ကျင်ဆန္ဒပြမှုတွေ၊ မတည်ငြိမ်မှုတွေ အဆုံးသတ်စေဖို့ ကြိုးစားတဲ့ ဒီအစီအစဉ်ကို GCC အတွင်းရေးမှူးချုပ် အဘ်ဒူလာတစ်ဖ် အယ်လ်-ဇယာနီ (Abdullatif al- Zayani) က ကြာသပတေးနေ့ တုန်းက မစ္စတာ ဆာလေးကို တင်ပြခဲ့တာဖြစ်ပါတယ်။

ပါတီ ၇ ခုပါဝင်တဲ့ အတိုက်အခံ ညွှန့်ပေါင်းအဖွဲ့က ဒီအစီအစဉ်ကို လက်ခံခဲ့ပေမဲ့ မစ္စတာ ဆာလေး သမ္မတအဖြစ် ဆက်ရှိနေသရွေ့ လက်မခံဘူးလို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ မစ္စတာဆာလေးကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို စနေနေ့က ယီမင်နိုင်ငံတဝှမ်း လုပ်ခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ယီမင်နိုင်ငံ မတည်ငြိမ်တဲ့ပြဿနာ ပြေလည် စေခဲ့တဲ့ ဒီအစီအစဉ်အတွက် ကြိုဆိုလိုက်သလို အာဏာလွှဲပြောင်းပေးရာမှာ ပါတီအဖွဲ့အစည်းပေါင်းစုံ ဆွေးနွေးမှုတွေ အမြန်လုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

XS
SM
MD
LG