သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရဲတံခွန် စီမံကိန်း ရဟတ်ယာဉ်ပျက်ကျ၊ လူ ၃ ဦး သေဆုံး


ရဲတံခွန် စီမံကိန်း ရဟတ်ယာဉ်ပျက်ကျ၊ လူ ၃ ဦး သေဆုံး
ရဲတံခွန် စီမံကိန်း ရဟတ်ယာဉ်ပျက်ကျ၊ လူ ၃ ဦး သေဆုံး

တနင်္သာရီကမ်းလွန် ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းမှာ တူးဖော်နေတဲ့ မလေးရှားနိုင်ငံပိုင် ပက်ထရိုးနပ်စ် (Petronas) ကုမ္ပဏီရဲ့ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တစီးဟာ ဒီနေ့မနက်ပိုင်း ပင်လယ်ပြင်မှာ ပျက်ကျသွားတဲ့အတွက် ရဟတ်ယာဉ်မောင်းသူ အပါအဝင် မြန်မာ ၃ ဦး သေဆုံးသွားခဲ့ပါတယ်။ ဒီရဟတ်ယာဉ်ကို မလေးရှား ပက်ထရိုးနပ်စ် ကုမ္ပဏီက ပြင်သစ်အခြေစိုက် ဟီလီ ယူနီယံ (Heli Union) ကုမ္ပဏီကနေ ငှားရမ်း သုံးစွဲထားတာ ဖြစ်ပါတယ်။ အဲဒီရဟတ်ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ လူပေါင်း ၁၄ ယောက်ထဲက ၁၁ ယောက်ကိုတော့ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

တနင်္သာရီ ကမ်းလွန်ဒေသမှာ မလေးရှားနိုင်ငံပိုင် ပက်ထရိုးနပ်စ် ကုမ္ပဏီက ရေနံနဲ့ သဘာဝဓာတ်ငွေ့ စူးစမ်း ရှာဖွေရေးနဲ့ တူးဖော်ရေး လုပ်ငန်းတွေအတွက် ငှားရမ်း သုံးစွဲနေတဲ့ ပြင်သစ်အခြေစိုက် ဟီလီ ယူနီယံ ကုမ္ပဏီပိုင် ရဟတ်ယာဉ်တစီး ဒီနေ့ တနင်္လာနေ့ အစောပိုင်းမှာ ပျက်ကျခဲ့ပြီး ၃ ဦး သေဆုံးခဲ့ရတယ်လို့ ကုမ္ပဏီရဲ့ ပြောခွင့်ရ အက်စ်.ဟီးပီးယပ်စ် (S. Hipeaux) က ပြောပါတယ်။

“ဒီ မတော်တဆ ဖြစ်မှုနဲ့ ပတ်သက်ပြီး သေသေချာချာ မသိကြရသေးပါဘူး။ ဒီနေ့မနက် မြန်မာနိုင်ငံမှာ ကျနော်တို့ ကုမ္ပဏီပိုင် ရဟတ်ယာဉ် S-76 မတော်တဆမှု ဖြစ်ပွားခဲ့တယ်၊ လူ ၃ ဦး သေဆုံးခဲ့တယ်၊ ဒါပဲ သိပါသေးတယ်။ ဘယ်လိုဖြစ်ပွားခဲ့တယ်ဆိုတာ မသိရသေးတဲ့အတွက် အခုလောလောဆယ် ဒီ့ထက်ပိုပြီး ပြောမပြနိုင်သေးပါဘူး။” လို့ ပြောသွားပါတယ်။

မြန်မာနိုင်ငံတောင်ဘက် ကမ်းလွန် ပင်လယ်ပြင်ထဲမှာ ရဟတ်ယာဉ် ပျက်ကျခဲ့တာနဲ့ ပတ်သက်ပြီး အကြောင်းရင်းကို စုံစမ်းဆဲဖြစ်ကြောင်း၊ သေဆုံးသူ မည်သူမည်ဝါ အသေးစိတ်ကို မသိရသေးကြောင်းလည်း ပြောပါတယ်။ ရဟတ်ယာဉ်ပေါ်မှာ ၁၀ ဦးထက်မနည်း လိုက်ပါသွားပြီး တချို့ကိုတော့ ပြန်ပြီး ကယ်ဆယ်နိုင်ခဲ့တယ်လို့ သတင်းတွေမှာ ရေးကြပေမဲ့ အတိအကျကို မသိရသေးပါဘူး။

မြန်မာနိုင်ငံ ကမ်းလွန်ဒေသက ရေနံ သဘာဝဓာတ်ငွေ့ တူးဖော်မှုနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်နေတဲ့ ရွှေဂက်စ်အဖွဲ့ တာဝန်ခံ ကိုဝင်းအောင်ကတော့ သေဆုံးသူတွေထဲမှာ မြန်မာနိုင်ငံသားပါ ပါနေတယ်လို့ ပြောပါတယ်။

“ဒီနေ့မနက်ပိုင်း ကမ်းလွန်ရေနံစင်ဘက်ကိုသွားတဲ့ ရဟတ်ယာဉ်တစီး ပျက်ကျသွားတယ်။ မြန်မာနိုင်ငံက လေယာဉ်မှူးနဲ့ တခြား နိုင်ငံခြားသားတွေ အပါအဝင် ၃ ယောက် သေဆုံးသွားတယ်လို့ သိရပါတယ်။ သိတဲ့ တချို့လူတွေတော့ ကျနော်တို့လည်း လောလောဆယ်တော့ ကြားမိတယ်။ အရင်တုန်းက အဲဒီလိုမျိုး ပင်လယ်ထဲမှာ ပျက်ကျတာမျိုးတော့ သိပ်မသိဘူး။ ဒါပေမဲ့ ကုန်းတွင်းပိုင်းမှာတော့ မတက်နိုင်တာတို့၊ အပျက်အစီး ဖြစ်တာမျိုးတွေတော့ ရှိခဲ့တယ်။ ဒါပေမဲ့ အသေအပျောက်ရှိတာ မရှိသေးဘူး။”

အခု ရဟတ်ယာဉ် ပျက်ကျခဲ့တဲ့ ရဲတံခွန် သဘာဝဓာတ်ငွေ့ လုပ်ကွက်ဟာ ထိုင်း၊ မလေးရှားနဲ့ ဂျပန်ကုမ္ပဏီတွေက အဓိက လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

“ရတနာ ရဲတံခွန် စီမံကိန်းဆိုတဲ့ မြန်မာနိုင်ငံ တောင်ဘက်မှာ ရှိတာပေါ့၊ ရဲတံခွန် စီမံကိန်းက တနင်္သာရီတိုင်းနဲ့ ကီလိုမီတာ ၈၀-၉၀ နီးပါး အကွာလောက်မှာရှိတယ်။ အဲဒီမှာ ထိုင်းနိုင်ငံက PTTE ကုမ္ပဏီရယ်၊ မလေးရှား ပက်ထရိုးနပ်စ်ရယ်၊ ဂျပန်နိုင်ငံက နစ်ကိုင်းကုမ္ပဏီနဲ့ ပေါင်းပြီး လုပ်ကိုင်နေတာ ရှိတယ်။ တချို့ ကုမ္ပဏီ အသေးလေးတွေတော့ ဖက်စပ် ဝင်လာတာ တွေ့တယ်။ ဒါပေမဲ့ လောလောဆယ် ရဲတံခွန်က ထွက်တဲ့ဟာ တော်တော်များများက ထိုင်းနိုင်ငံကို တင်ပို့တာ တွေ့ရတာပေါ့။”

ရတနာ ရဲတံခွန် ဒေသကနေ ၁၉၉၈ ခုနှစ် နောက်ပိုင်းမှာ စပြီး သဘာဝဓာတ်ငွေ့ ထုတ်လုပ် ရောင်းချနေရာမှာ ၁၀ နှစ်ကျော် ကာလအတွင်း သဘာဝဓာတ်ငွေ့ ကုဗပေ ၅ ထရီလီယံလောက် ထုတ်လုပ် ရောင်းချနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

XS
SM
MD
LG