သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရဲတံခွန် ရဟတ်ယာဉ် ပျက်ကျမှု မြန်မာ ၃ ဦး သေဆုံး


ရဲတံခွန် ရဟတ်ယာဉ် ပျက်ကျမှု မြန်မာ ၃ ဦး သေဆုံး
ရဲတံခွန် ရဟတ်ယာဉ် ပျက်ကျမှု မြန်မာ ၃ ဦး သေဆုံး

တနင်္သာရီကမ်းလွန် ပင်လယ်ပြင်က ရဲတံခွန် ကမ်းလွန် သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းအတွက် အသုံးပြုနေတဲ့ ရဟတ်ယာဉ်တစင်း မနေ့ ဇူလိုင်လ ၁၁ ရက်နေ့က ပျက်ကျခဲ့တဲ့အထဲ မြန်မာဝန်ထမ်း ၃ ဦး သေဆုံးသွားတယ်လို့ ဒီကနေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်မှာ ဖော်ပြ ရေးသားထားပါတယ်။ ရန်ကုန်အခြေစိုက် ပက်ထရိုနာ့စ် (Petronas) ကုမ္ပဏီကတော့ ပျက်ကျခဲ့တဲ့ အဲဒီ ရဟတ်ယာဉ်မှာ ၃ ဦး သေတယ်လို့သာ ပြောပြီး ဘယ်သူတွေ သေဆုံးတယ် ဆိုတာကိုတော့ အတည်ပြုခြင်း မရှိသေးပါဘူး။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

မနေ့ ဇူလိုင်လ ၁၁ ရက် တနင်္လာနေ့ မနက်က မုတ္တမပင်လယ်ထဲ ပျက်ကျခဲ့တဲ့ ရဲတံခွန် ကမ်းလွန် သဘာဝဓာတ်ငွေ့ လုပ်ငန်းသုံး ရဟတ်ယာဉ်မှာ မြန်မာဝန်ထမ်း ၃ ဦး သေဆုံးခဲ့တယ်လို့ ဒီကနေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်မှာ ဖော်ပြ ရေးသားထားပါတယ်။

ရဟတ်ယာဉ်မှူး ၂ ဦးနဲ့ ခရီးသည် ၉ ဦး တင်ဆောင်လာတဲ့ ရဟတ်ယာဉ် ပျက်ကျခဲ့တဲ့ အထဲမှာ မြန်မာဝန်ထမ်း ၃ ဦး သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းကို တိကျတဲ့ သတင်းအရင်းအမြစ်က ရရှိတာမို့ ဒီနေ့ ဖော်ပြ ရေးသားလိုက်တာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းမ် ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ကိုကို (စက်မှုတက္ကသိုလ်) က ပြောပါတယ်။

“သေဆုံးတဲ့သူ ၃ ဦးကတော့ တွဲဖက် ရဟတ်ယာဉ်မှူး ဦးအုန်းသိန်း၊ နောက် Uniteam လို့ခေါ်တဲ့ သင်္ဘောကုမ္ပဏီက Assistant Operator ဦးဝင်းကြည် ဖြစ်ပါတယ်။ နောက်တယောက်က Smart Technical Service က စားဖိုမှူး ဦးသန်းထွန်း ဖြစ်ပါတယ်။ ကျနော်တို့ ပြောနိုင်တာကတော့ ခိုင်လုံသော သတင်း Source ပါ။ အဲဒီဒေသ တဝိုက်မှာ တကယ်ကို နီးနီးစပ်စပ် လုပ်ခဲ့တဲ့ Source ကနေ ရရှိခြင်း ဖြစ်ပါတယ်။”

ဒါပေမဲ့ ရန်ကုန်အခြေစိုက် ပက်ထရိုနာ့စ် ကုမ္ပဏီကတော့ ၁၁ ဦး တင်ဆောင်လာတဲ့ ရဟတ်ယာဉ် ပျက်ကျတဲ့အထဲ လူ ၃ ဦးသေပြီး ၄ ဦး ဒဏ်ရာရတယ် ဆိုတာသာ အခုအချိန် ပြောနိုင်သေးပြီး သေဆုံးသူတွေ ဘယ်သူလဲဆိုတာ သူတို့ဘက်က အတည်ပြု ပြောနိုင်ခြင်း မရှိသေးဘူးလို့ ရန်ကုန် ပက်ထရိုနာ့စ် ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက ဗွီအိုအေ (မြန်မာပိုင်း) ကို ပြောပါတယ်။

“မနေ့က ပျက်ကျတာနဲ့ ပတ်သက်ပြီး ၃ ဦး သေသွားတယ်ဆိုတာ သိရတယ်။ ၄ ဦးက ဒဏ်ရာရပြီး ကျန်တဲ့ ၄ ဦးကတော့ ထိခိုက်ဒဏ်ရာ မရှိဘူး ဆိုတဲ့အထိပဲ သိရပါသေးတယ်။ ပြီးတော့ ဒဏ်ရာရတဲ့သူတွေကို တာဝန်ကျ ဆရာဝန်တွေက ပြုစုစောင့်ရှောက်ပြီး သူတို့ PC မြန်မာကုမ္ပဏီက ရန်ကုန်ကို ပြန်ပို့ပြီးပါပြီ။ သေဆုံးတဲ့ သူတွေကိုလည်း ရန်ကုန်ကို အမြန်ဆုံး ပြန်ပို့ဖို့အတွက် စီစဉ်နေပါတယ်။

“ရဟတ်ယာဉ်မှူး ၂ ယောက်နဲ့ ခရီးသည် ၉ ဦး ပါသွားပါတယ်။ ချက်ချင်းလည်း ပြန်ပြီး ဆယ်ယူနိုင်ခဲ့ပါတယ်။ လောလောဆယ်တော့ ဒီလောက်ပဲ သိရပါသေးတယ်။ Confirm မလုပ်နိုင်ပါဘူး။ ပျက်ကျတဲ့ အကြောင်းကိုတော့ အခု စုံစမ်းမှုတွေ လုပ်နေတုန်းပါပဲ။ အခု ရဲတံခွန် ကမ်းလွန် ရေနံစင်လည်း တခါမှ ဒီလုပ်ငန်း စလုပ်လာတဲ့ ၂၀၀၁ ခုနှစ်ကစပြီး ဒီလို မတော်တဆမှု မရှိခဲ့ပါဘူး။”

ရန်ကုန်အခြေစိုက် PC မြန်မာ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက မနေ့က ရဟတ်ယာဉ် ပျက်ကျခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ ပြောပြခဲ့တာပါ။

ဘာကြောင့် ရဟတ်ယာဉ် ပျက်ကျခဲ့သလဲဆိုတဲ့ အခြေအနေကို စုံစမ်းစစ်ဆေးဆဲ ဖြစ်ပေမဲ့ ရာသီဥတုကြောင့်တော့ မဟုတ်ဘူးလို့ ကိုကို (စက်မှုတက္ကသိုလ်) က ပြောပါတယ်။

“ကျနော် ဒီသတင်းရရှိတဲ့ Source ရဲ့ ပြောကြားချက် အရတော့ ရာသီဥတုကြောင့် ပျက်ကျတာမျိုးတော့ မဟုတ်ဘူးခင်ဗျ။ ဖြစ်နိုင်ချေတွေ ဆွဲကြည့်တာတော့ Technical Problems လည်း ဖြစ်နိုင်တယ်၊ သို့မဟုတ် Pilot Error လည်း ဖြစ်နိုင်ပါတယ်။ အဲဒါကတော့ သူတို့ အတိအကျ စုံစမ်းစစ်ဆေးတဲ့ အခါမှာသော်လည်းကောင်း၊ ရဟတ်ယာဉ်နဲ့ ပတ်သက်တဲ့ Black Box လိုဟာမျိုး ပြန်တွေ့လျှင် သော်လည်းကောင်း ပြောနိုင်ပါလိမ့်မယ်။ လောလောဆယ် ကျနော် ပြောနိုင်တဲ့ တချက်ကတော့ ရာသီဥတု ဆိုးရွားလို့ ပျက်ကျတာမျိုးတော့ မဟုတ်ပါဘူးခင်ဗျ။”

ရန်ကုန်တိုင်းမ် ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ကိုကို (စက်မှုတက္ကသိုလ်) ပြောပြခဲ့တာ ဖြစ်ပါတယ်။

တနင်္သာရီကမ်းလွန် ပင်လယ်ပြင်က ရဲတံခွန် သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းကို မလေးရှားနိုင်ငံက ပက်ထရိုနာ့စ် ကုမ္ပဏီ၊ ဂျပန်နိုင်ငံက နီပွန်ကုမ္ပဏီ၊ ထိုင်းနိုင်ငံက PTT စွမ်းအင်ကုမ္ပဏီနဲ့အတူ မြန်မာအစိုးရရဲ့ စွမ်းအင်ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG