သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆေးနဲ့ ဓါတုသိပ္ပံထူးချွန်ဆုရ မြန်မာအမျိုးသမီး Dr. ရည်မွန်အေး


ကင်ဆာဇီဝဗေဒပညာရှင် ဒေါက်တာရည်မွန်အေး
ကင်ဆာဇီဝဗေဒပညာရှင် ဒေါက်တာရည်မွန်အေး

ကင်ဆာရောဂါနဲ့ ပတ်သက်ပြီးအရင်လို ဓါတ်ကင်စရာမလိုပဲ အခြားနည်းလမ်းနဲ့ ပျောက်ကင်း သက်သာစေနိုင်မယ့် ဖြစ်နိုင်ချေနည်းလမ်းတွေကို သူ့ရဲ့ သုတေသနပြုချက်ကနေ ရှာဖွေတွေ့ရှိထားကြောင်း အမေရိကန်သိပ္ပံဘာသာရပ်မှာ ထိပ်တန်းပညာရှင်တဦးဖြစ်တဲ့ မြန်မာအမျိုးသမီး ကင်ဆာဇီဝဗေဒပညာရှင် ဒေါက်တာရည်မွန်အေးက ဗွီအိုအေကို ပြောပါတယ်။

အခုလို ကင်ဆာရောဂါနဲ့ ပတ်သက်ပြီး ပျောက်ကင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖေါ်ထုတ် သုတေသနပြုနေတဲ့အတွက် ၂၀၁၇ ခုနှစ် Pershing Square Shon ဆုရှင် ၆ ဦးထဲမှာ တဦးအဖြစ် ချီးမြှင့်ခံခဲ့ရပါတယ်။ ကင်ဆာ သုတေသန နဲ့ ပတ်သင်ရင် ထူးထူးချွန်ချွန်လုပ်ဆောင်နေတဲ့ အမေရိကန် လူငယ် သိပ္ပံပညာရှင်တွေကို Pershing Square Shon ကင်ဆာ သုတသနအဖွဲ့က ရွေးချယ်ပြီး ချီးမြှင်တဲ့ ဆုမှာ ဆုကြေးငွေအဖြစ် ကင်ဆာ သုတေသနလုပ်ငန်းအတွက် တနှစ်ကို အမေရိကန် ဒေါ်လာ ၂ သိန်းနဲ့ ၃ နှစ် ဆက်တိုက်ချီးမြှင့်တာဖြစ်ပါတယ်။ ဒေါက်တာ ရည်မွန်အေးဟာ နာမည်ကျော် Cornell တက္ကသိုလ်ရဲ့ ဓာတုဗေဒနဲ့ ှဇီဝဓာတုဗေဒ ဌာနမှာ တွဲဖက်ပါမောက္ခအဖြစ်နဲ့လည်း တာဝန်ထမ်းဆောင်နေပါတယ်။

မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာ လက်ရှိ ကင်ဆာသုတေသနပြုလုပ်ချက်ကနေ ဘာတွေအထောက်အကူပြုနိုင်သလဲဆိုတာကို ဒေါက်တာရည်မွန်အေးက အခုလို စပြောပါတယ်။

“ကျူမာအကြိတ်ကို ပျောက်ကင်းစေနိုင်မယ့် ဖြစ်နိုင်စရာ လမ်းကြောင်းကို ကျမတို့တွေ့ထားပါတယ်။ ဒါကြောင့် ကင်ဆာနဲ့ သက်ဆိုင်တာပဲဖြစ်ဖြစ်၊ ကျူမာနဲ့ သက်ဆိုင်တာပဲဖြစ်ဖြစ် ပျောက်ကင်းသက်သာစေနိုင်တဲ့ လမ်းကြောင်းဖြစ်လာမှာပါ။

ကင်ဆာရောဂါပျောက်ကင်းနိုင်မယ့် ဆေးဝါးဖေါ်ထုတ်နိုင်ဖို့ ကျမတို့ သုတေသနပြုချက်ကရလာမယ့် နည်းလမ်းတွေကအထောက်အကူပေးမှာဖြစ်တာကြောင့် Sohn ဆုက ကျမတို့ သုတေသနဓါတ်ခွဲခန်းအတွက် ထောက်ပံ့တာဖြစ်ပါတယ်။

မအင်ကြင်းနိုင်။ ။ အဲဒီဆုမှာ တနှစ်ကို အမေရိကန်ဒေါ်လာ ၂ သိန်း ထောက်ပံ့မှာဆိုတော့ သုတေသနလုပ်ငန်းအတွက် အမေရိကန်မှာ ဘာလို့ အဲဒီလောက်တောင် အကုန်အကျခံတာလဲရှင့်။

ဒေါက်တာရည်မွန်အေး။ ။ သုတေသနလုပ်ငန်းတွေက လူ့အသိုင်းအဝိုင်း တိုးတက်ဖို့အတွက်အရေးကြီးတယ်။ ဖွံဖြိုးတဲ့ နိုင်ငံတွေမှာဆို သုတေသနလုပ်ငန်းတွေရဲ့ အရေးကြီးမှုကို အထူး အသိအမှတ်ပြုတယ်။ မြန်မာနိုင်ငံမှာ ဖွံဖြိုးဆဲနိုင်ငံမှာတော့ သုတေသနလုပ်ငန်းကို အသိအမှတ်ပြုဖို့က အခက်အခဲအများကြီးရှိနေတယ်။ ဒါပေမယ့် သုတေသနလုပ်ငန်းကြောင့် အကျိူးကျေးဇူးတွေကတော့ တကမ္ဘာလုံးကို ထိရောက်မှာ ပဲဖြစ်ပါတယ်။

မအင်ကြင်းနိုင်။ ။ ဆုရရှိခဲ့ပုံကို ပြောပြပါလားရှင့်။

ဒေါက်တာရည်မွန်အေး။ ။ ဒီဆုရတာကတော့ အရမ်းကိုထူးခြားပါတယ်။ ဒီဆုကိုပေးဖို့ အင်တာဗျူးမယ့် သူတွေဟာ တကယ့်ကို ထိပ်တန်း နိုဘယ်လ်ဆုရ သိပ္ပံပညာရှင်တွေဖြစ်ပြီးတော့ စကားလက်ဆုံပြောဖို့မပြောနဲ့ တွေ့ဖို့ အခွင့်အရေးရဖို့တောင် တကယ်မလွယ်တဲ့ သူတွေပါ။ ဒီတော့ ကျမကို အင်တာဗျူးခေါ်တော့ သူတို့နဲ့ တွေ့ရဖို့ အရမ်းကို စိတ်လှုပ်ရှားခဲ့ရပါတယ်။ နောက်ပြီး ကျမတတ်ထားတဲ့ ဓါတုဗေဒပညာရပ်ကို ဆေးပညာလောကအတွက် အသုံးချဖို့ စိတ်ဝင်စားခဲ့တာပါ။

အင်ကြင်းနိုင်။ ။ ဒေါက်တာရည်မွန်အေးအနေနဲ့ အခုလို အမေရိကန်နိုင်ငံမှာ ထိပ်တန်းသိပ္ပံပညာရှင်တဦးဖြစ်လာဖို့ ဘယ်လိုကြိုးစားခဲ့လဲရှင့်။

ဒေါက်တာရည်မွန်အေး။ ။ ကျမ ဆယ်တန်း ကို မြန်မာတစ်နိုင်ငံလုံး တတိယ ရရှိခဲ့သူဖြစ်ပြီး ၁၉၉၈ မှ ၂၀၀၀ ခုနှစ်အထိ အင်္ဂလန်နိုင်ငံ ရဲ့ Cambridge Tutors College (CTC) မှာ တက်ရောက်ဖို့ ပညာတော်သင်ဆုရရှိခဲ့သူလဲဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ် ဇွန်လမှာဖြေဆိုခဲ့တဲ့ A-level စာမေးပွဲမှာ ဓာတုဗေဒပညာရပ်နဲ့အင်္ဂလန် တနိုင်ငံလုံးမှာ အမှတ်အများဆုံး ရရှိခဲ့ပြီး Royal Society of Chemistry’s National ဆုကို ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Oxford တက္ကသိုလ်မှာ ဓာတုဗေဒနဲ့ ဘွဲ့ယူခဲ့ပါတယ်။ Oxford တက္ကသိုလ်ကို အဓိက တက်ခဲ့ရတဲ့အကြောင်းအရင်းကလည်း ကျမတို့ နိုင်ငံရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို အားကျခဲ့လို့ပါ။

အဲဒီနောက် အမေရိကန်ပြည်ထောင်စု Harvard တက္ကသိုလ်မှာ ဘွဲ့လွန်ဆက်တက်ပြီး PhD ဘွဲ့ကို ၂၀၀၉ ခုနှစ်မှာ ရရှိခဲ့ပါတယ်။ Harvard ကနေ ကျောင်းပြီးတဲ့အခါ Massachusetts Institute of Technology (MIT) ကျောင်းမှာ Damon Runyun Cancer Research Postdoctoral Fellow တစ်ဦးအဖြစ်နေခဲ့ပြီး Cellular and Biochemical regulatory mechanisms of the enzyme ribonucleotide reductase (RNR) သုတေသနတွေ လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဇူလိုင်လက စပြီး Cornell တက္ကသိုလ်ရဲ့ ဓာတုဗေဒနဲ့ ဇီဝဓာတုဗေဒ ဌာနမှာ တွဲဖက်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

မြန်မာနိုင်ငံအတွက်လည်း ပြန်ပြီးအကျိုးပြုနိုင်အောင် ကြိုးပမ်းနေကြောင်း ဒေါက်တာရည်မွန်အေးက ပြောပါတယ်။

"ကျမက သာမန်မိသားစုက လာတာပါ။ ကျမ အမေက ကျမကို အမြဲပဲ ပံပိုးပေးပါတယ်။ ငယ်ငယ်ကတည်းက ပညာရေးမှာ ထူးချွန်အောင် ပြုစုပျိုးထောင်ပေးခဲ့တယ်။ ကျမ ပညာတော်သင်ဆုတွေရလို့ နိုင်ငံခြားကိုသွားပြီး ပညာသင်လို့ရတာပါ။ ဒါကလည်း ငယ်ငယ်ကတည်းက အမေက ဒီလိုဖြစ်လာအောင် ပြုစုပျိုးထောင်ခဲ့လို့ပါ။ ကျမတို့ မြန်မာနိုင်ငံမှာ ပညာရေးအဆင့်အတန်း ဆိုးနေတဲ့ အချိန်မှာ ရည်မှန်းချက်တွေနဲ့ အောင်မြင်အောင် ကြိုးစားမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ ကြိုးစားခဲ့တာ။ ဒါကြောင့် မြန်မာကျောင်းသူ၊ ကျောင်းသားတွေလည်း စိတ်ဓါတ်ခိုင်ခိုင်မာမာနဲ့ ကြိုးစားကြပါလို့ ကျမတိုက်တွန်းချင်ပါတယ်။ အမိမြန်မာနိုင်ငံကို တချိန်မှာ အကျိုးပြန်ပြုနိုင်ဖို့စိတ်လည်းရှိတယ်။ ဒီအတွက်လည်း ကြိုးစားနေတာပါ။"

ဇီဝဗေဒနဲ့ ဓါတုဗေဒ ပညာရပ်တွေ ပေါင်းစပ်သုတေသနလုပ်ထားတဲ့ ထူးခြားဆန်းသစ်တဲ့ သုတေသနလုပ်ငန်းကြောင့် ဒေါက်တာရည်မွန်အေးကို ၂၀၁၄ ခုနှစ်မှာ အမေရိကန်အမျိုးသားကျန်းမာရေး တက္ကသိုလ်ကနေ New Innovator Award ဆု ပေးအပ်ခဲ့ပါတယ်။ ဆုကြေးငွေအဖြစ် သူ့ရဲ့ သုတေသနလုပ်ငန်းတွေအတွက် ၅နှစ်စာ အမေရိကန်ဒေါ်လာ ၂.၂၉ သန်း ချီးမြှင့်ခဲ့ပါတယ်။

IV with Dr Yimon Aye
please wait

No media source currently available

0:00 0:04:58 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG