သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယင်းမာပင်မြို့နယ်နဲ့ အနီးတိုက်ပွဲကြောင့် ကျေးရွာ ၄ ရွာနီးပါးက ဒေသခံ ထောင်ကျော် တိမ်းရှောင်


ယင်းမာပင် စစ်ရှောင်ဒုက္ခသည်များ။ (ယခင်ပုံဟောင်း)
ယင်းမာပင် စစ်ရှောင်ဒုက္ခသည်များ။ (ယခင်ပုံဟောင်း)

[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ အနီးဝန်းကျင် ကျေးရွာတွေရှိရာဘက်မှာ ဒီကနေ့ မနက်ပိုင်းကတည်းက စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ထိတွေ့ တိုက်ပွဲတွေ ဖြစ်ခဲ့ကြပါတယ်။ တည်ပင်ကန်ကျေးရွာနားမှာ တိုက်ပွဲပြင်းထန်တယ် လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က ပြောပါတယ်။ ကျေးရွာတချို့ကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ရှာဖွေ ရှင်းလင်းမှုတွေလုပ်ခဲ့တဲ့အတွက် ကျေးရွာ ၄ ရွာထက်မနည်းက ရွာသား ထောင်ကျော် ထွက်ပြေးနေကြရပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းအပြည့်အစုံကို မဆုမွန်က တင်ပြပေးထားပါတယ်။

ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတချို့မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေ ဒီနေ့မနက်ပိုင်းက တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ စစ်ကောင်စီတပ်တွေ ယင်းမာပင်မြို့ဘက် ဝင်ရောက် ပစ်ခတ်ခဲ့ပြီးနောက် မြို့ပြင်ကျေးရွာတွေဘက် နယ်မြေရှင်းလင်းခဲ့ရာမှာ ဖိုလ်ဝင်တောင်နဲ့ အင်ကြင်းတောင်ကြား၊ တည်ပင်ကန်ကျေးရွာနားမှာ ဖြစ်ခဲ့တဲ့တိုက်ပွဲက ပြင်းထန်ခဲ့တယ်လို့ ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက VOA ကို အခုလိုပြောပြပါတယ်။

“မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက ယင်းမာပင်မြို့ရဲ့အရှေ့ဘက်မှာရှိတဲ့ မြို့သစ် ရွာကို ဝင်ရောက်ပြီးတော့ မွှေနှောက်ခဲ့တယ်ပေါ့ဗျာ။ အဲ့ဒီမှာ နေအိမ်တချို့ကိုလည်း ဖျက်ဆီးတယ်လို့ ကျနော်တို့ သတင်းရတယ်။ လက်ရှိအနေအထားကတော့ ဒီအကြမ်းဖက် စစ်ကောင်စီက အရပ်သားပြည်သူတွေကို ဓားစာခံအဖြစ်၊ လူသားဒိုင်းအဖြစ်ခေါ်ပြီးတာ့ အရပ်သားပြည်သူတချို့ ဖမ်းခံရတယ်လို့လည်း ကြားပါတယ်။ လက်ရှိတိုက်ပွဲက တည်ငြိမ်မှုမရှိတဲ့ခါကျတော့ လက်ရှိဖြစ်နေတဲ့တိုက်ပွဲပေါ်မှာ ပြောဖို့က နည်းနည်းတော့ ခက်တယ်။ ခက်တယ်ဆိုတာက ကျနော်တို့ PDF တွေရဲ့ အခြေအနေပေါ့ဗျာ၊ နောက်ပြီး အပြစ်မဲ့ အရပ်သားပြည်သူတွေရဲ့ အခြေအနေတွေပေါ့။ လက်ရှိ အနေအထားမှာကတော့ ဒီ အကြမ်းဖက် စစ်ကောင်စီနဲ့ ကျနော်တို့ ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲကြောင့် ဒေသခံတွေကတော့ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးနေကြရတဲ့ အခြေအနေပေါ့ဗျာ။ အဲ့တော့ လက်ရှိ ဒီအကြမ်းဖက် စစ်ကောင်စီက တည်ပင်ကန်ရွာနားကို ရောက်သွားပြီ။ အဲ့မှာလည်း တိုက် ပွဲတွေ ဆက်ဖြစ်သေးတယ်။ လက်ရှိ ဒီနေ့တိုက်ပွဲကတော့ တော်တော်ပြင်းထန်နေတယ်။ သူတို့ဘက်က (စစ်ကောင်စီ) အထိအခိုက် အကျအဆုံးရှိတယ်။ ကျနော်တို့ဘက်ကတော့ ခုအချိန်ထိအောင် ထိခိုက်စာရင်း ရောက်လာတာတော့ မရှိသေးဘူး။”

ရွာသားဘယ်နှစ်ယောက်ဖမ်းဆီးခံသွားရသလဲဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ ယင်းမာပင်မြို့နယ် ကောင်းဆင့်ရွာက စိတ်မနှံ့တဲ့ အမျိုးသားတဦးကို စစ်ကောင်စီတပ်တွေက ပစ်သတ်ပြီး နေအိမ်ပါမီးရှို့သွားတယ်လို့လည်း ဒေသခံတဦးက ပြောပြပါတယ်။

မနက် ၉ နာရီဝန်းကျင်လောက်ကတည်းက ယင်းမာပင်၊ ဘုတလင်၊ ပုလဲ၊ ကနီ စတဲ့ နေရာတွေမှာ ဖုန်းလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေအားလုံး ပြတ်တောက်ခဲ့ပေမယ့် ညနေပိုင်း ၃ နာရီဝန်းကျင်လောက်မှာတော့ ဆက်သွယ်ရေးလိုင်းတစ်ချို့ ပြန်အသုံးပြုလို့ ရတယ်လို့ ရခဲ့ပါတယ်။ စစ်ကောင်စီတပ်တွေက ဝင်ရောက်လာချိန်မှာ ဖုန်းလိုင်းတွေ ပြတ်တောက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိ ယင်းမာပင်မှာ ဖြစ်နေတဲ့ တိုက်ပွဲကြောင့် တိုက်ပွဲဖြစ်ပွားရာနေရာနဲ့ အနီးဝန်းကျင်မှာ ရှိကြတဲ့ ကျေးရွာ ၅ ရွာလောက်က ဒေသခံရွာသားတွေ အားလုံး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ စစ်ဘေးရှောင်နေကြရသူ အရေအတွက်က ထောင်နဲ့ချီရှိနေတယ်လို့ စစ်ရှောင်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ယင်းမာပင်မြို့နယ်က ဆရာတော်တပါးက ခုလို မိန့်ပါတယ်။

“စစ်ဘေးရှောင်က လောလောဆယ် ဘုန်းဘုန်းကျောင်းမှာကို ၁၀၀ ကျော် ၂၀၀ နီးပါး ရှိတယ်။ နောက် ဒီဘက်အနီးအနားက ရွာကြီးတွေမှာလည်း အဲ့ကို ပြေးလွှားရှောင်နေရတဲ့သူတွေ ရှိတယ်။ လူဦးရေက ဘုန်းဘုန်းတို့ ရွာတွေရဲ့ လူဦးရေနဲ့ သတ်မှတ်ကြည့်မယ်ဆိုရင်တော့ ၃,၀၀၀ လောက်ပေါ့၊ အဲ့လောက်ရှိမယ်။ ရွာတွေမှာရှိတဲ့လူတွေလည်း အကုန် ထွက်ပြေးတိမ်းရှောင်နေရတယ်။ အားလုံး ရုတ်ရုတ်သဲသဲနဲ့၊ ဘုန်းဘုန်းတို့လည်း တတ်နိုင်တဲ့ဘက်က အကူအညီပေးနေရပါတယ်။”

ယင်းမာပင်မြို့နယ်ထဲမှာ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် အဲဒီဘက်က ရွာတွေကို စစ်တပ်က နယ်မြေရှင်းလင်းရေးတွေလုပ်နေတာဖြစ်ပါတယ်။ ဒီလို တိုက်ပွဲတွေ တဘက်မှာဖြစ်နေသလို ယင်းမာပင်အရှေ့ခြမ်းနဲ့ ဆားလင်းကြီးမြောက်ခြမ်းက ရွာပေါင်းစုံ စုပေါင်းဆန္ဒပြပွဲလည်း ဒီနေ့ရှိခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တာအပြင် မြန်မာနိုင်ငံကို ရောက်တဲ့ ကမ္ဘာဒီယားဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒပြသူ ဆယ်ဂဏန်းလောက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

=============

[[Unicode]]











=============

XS
SM
MD
LG