[[Zawgyi/Unicode]]
အာဆီယံ အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ အမေရိကန် အထူးသံတမန်အဖြစ် စတင်တာဝန်ထမ်းဆောင်ဖို့ သံအမတ်ကြီး Yohannes Abraham မနေ့က အမေရိကန် ဒုသမ္မတ Kamala Harris ရှေ့မှောက်မှာ ကျမ်းသစ္စာကျိန်ဆိုပါတယ်။
Yohannes Abraham ကို အာဆီယံဆိုင်ရာ အထူးသံအမတ်ကြီးအဖြစ် ခန့်အပ်ဖို့ ပြီးခဲ့တဲ့ မေလမှာ သမ္မတဘိုင်ဒန် အဆိုပြုခဲ့ပြီး သြဂုတ်လဆန်းမှာ အမေရိကန် အထက်လွှတ်တော်က အသံနဲ့ မဲခွဲအတည်ပြုခဲ့ပါတယ်။ Yohannes ဟာ သမ္မတ Biden အစိုးရရဲ့ အမျိုးသားလုံခြုံရေးကောင်စီမှာ တာဝန်ယူခဲ့သလို သမ္မတဘိုင်ဒန်နဲ့ ဒုသမ္မတ Harris တို့ တာဝန်ယူစ၊ အသွင်ကူးပြောင်းရေးအဖွဲ့မှာလည်း ပါဝင်ခဲ့ပါတယ်။ သမ္မတဟောင်း ဘရက်အိုဘားမား ရဲ့ အိုဘားမား ဖောင်းဒေးရှင်းမှာ တာဝန်ယူခဲ့ဖူးသလို အရင် အိမ်ဖြူတော် အမျိုးသား စီးပွားရေးကောင်စီ ထိပ်တန်း အကြံပေးတဦးလည်း ဖြစ်ခဲ့ပါတယ်။
ဗာဂျီးနီးယားပြည်နယ် Alexandria မြို့မှာနေထိုင်ပြီး Yale တက္ကသိုလ်က ဘွဲ့ရခဲ့သူ တဦးဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ အာဆီယံနိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာချိန်မှာ ဒေသတွင်း တရုတ်ရဲ့သြဇာလွှမ်းမိုးမှုတွေကို ချိန်ခွင်လျှာညှိ့ဖို့ ကြိုးစားလာချိန်မှာ အာဆီယံနိုင်ငံဆိုင်ရာ သံအမတ် ကြီးတာဝန်ကို ထမ်းဆောင်တာပါ။
မြန်မာနိုင်ငံ ဒီမိုကရေစီအရေး အမေရိကန်ပြည်ထောင်စုက ဖိအားပေးမှုတွေတိုးလာပြီး ဒေသတွင်းနိုင်ငံတွေ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ရေး ဝိုင်းဝန်း တိုက်တွန်းနေချိန်မှာပဲ သမ္မတ Biden အစိုးရရဲ့ အာဆီယံနိုင်ငံဆိုင်ရာ သံအမတ်ကြီးတာဝန်ကို Yohannes Abraham စတင်တာဝန်ယူတာ ဖြစ်ပါတယ်။
=============
[[Zawgyi/Unicode]]