သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မှာ လူငယ်တွေ လျှပ်တပြက်ဆန္ဒပြ


စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု Anti-Junta Alliance Yangon - AJAY ရဲ့ Facebook စာမျက်နှာတင်ထားတဲ့ ရန်ကုန်မြို့အတွင်း ဆန္ဒပြပွဲဓါတ်ပုံ (စက်တင်ဘာ ၁၉၊ ၂၀၂၄)
စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု Anti-Junta Alliance Yangon - AJAY ရဲ့ Facebook စာမျက်နှာတင်ထားတဲ့ ရန်ကုန်မြို့အတွင်း ဆန္ဒပြပွဲဓါတ်ပုံ (စက်တင်ဘာ ၁၉၊ ၂၀၂၄)

ရန်ကုန်မြို့ လူစည်ကားတဲ့ လမ်းမပေါ်မှာ စက်တင်ဘာလ (၁၉) ရက် ကြာသပတေးနေ့က လူငယ် အယောက် ၂၀ လောက် စုဝေးပြီး ကုန်ဈေးနှုန်းကျဆင်းရေးနဲ့ စစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း စစ်ကောင်စီကို ဆန့်ကျင်တဲ့ လျှပ်တပြက်ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြပါတယ်။ စစ်ကောင်စီရဲ့ ဖိနှိပ်မှုပြင်းထန်နေချိန် အခုလို လူငယ်တွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့တဲ့အဖြစ် လေးစားမိကြောင်း ပြည်ပအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို တင်ပြထားပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး လူငယ်အယောက် ၂၀ လောက် မနေ့ညက လမ်းပေါ်ထွက်ပြီး ကြွေးကြော်သံတွေ အော်ဟစ်၊ အလံတွေကိုင်ဆောင်ပြီး လျှပ်တပြက်ဆန္ဒပြခဲ့ကြတဲ့ ဗွီဒီယိုကို ဆိုရှယ်သတင်းမီဒီယာတွေမှာ ဒီကနေ့ ပျံနှံနေတာကို တွေ့မြင်ခဲ့ကြရပါတယ်။

သူတို့ တောင်းဆိုချက်တွေမှာ “ရေဘေးမကူတဲ့ စစ်ကောင်စီကို ပြည်သူ့အားနဲ့ ဆန့်ကျင်ကြ၊ ကုန်ဈေးနှုန်းများကျဆင်းရေး တို့အရေး၊ စစ်မှုထမ်းဥပဒေ အလိုမရှိ”စတာတွေ ပါ၀င်ပါတယ်။ ဒါ့အပြင် အဓိက လက်သည်တရားခံဟာ စစ်အာဏာရှင်စနစ် ဖြစ်တာကြောင့် ဒီစနစ်ကို အမြစ်ဖြတ်ဖို့ လိုတယ်လို့လည်း ဆန္ဒပြပွဲမှာ ပါ၀င်တဲ့ လူငယ်တွေက ကြွေးကြော်ခဲ့ကြပါတယ်။ ဒါအပြင် လူငယ်တွေဟာ မီးတုတ်တွေ ကိုင်စွဲပြီး ဆန္ဒပြခဲ့တာကိုလည်း တွေ့မြင်ကြရပါတယ်။

စစ်ကောင်စီရဲ့ ဖိနှိပ်မှုကြားက လမ်းပေါ်ထွက် စွန့်စား ဆန္ဒပြထုတ်ဖော်တဲ့ လူငယ်တွေကို လေးစားမိတယ်လို့ အာဏာရှင်စနစ်တော်လှန်ရေးနဲ့ ပြည်သူ့ကာကွယ်ရေးကွန်ရက်(DRPDN) တာဝန်ရှိသူ ကိုဇော်ထွန်းက ဗွီအိုအေကို ပြောပါတယ်။

“မနေ့ကပေါ့ဗျာ…ရန်ကုန်မြို့ တနေရာမှာ လူငယ်အယောက် ၂၀ လောက်က ဒီဖက်စစ် စစ်တပ်အမြစ်ဖျက်၊ ကုန်ဈေးနှုန်းကြီးတာတွေကို ဆန့်ကျင်ကြပေါ့နော်။ နောက်တခုက စစ်မှုထမ်း ဒီဥပဒေအလိုမရှိပေါ့ အဲ့လိုမျိုး ကြွေးကြော်သံတွေ ကြွေးကြော်ပြီးတော့ ဆန္ဒပြကြတယ်ပေါ့ဗျာ။ သတင်းကို ကျနော်တို့ ကြည့်ရတဲ့အခါမှာ ကျနော်အတော်ကြီးကို ကျနော်တို့ လေးစားမိတယ်။ ဒီလောက်ဖိနှိပ်မှုတွေ အများကြီးဖြစ်နေတဲ့အချိန်မှာ လူငယ်တွေက ဒီလိုစွန့်စွန့်စားစားလုပ်ကြတယ်ဆိုတော့ ကျနော်တို့ အများကြီး အံသြတယ် ဝမ်းသာတယ်။ ဂုဏ်လည်းယူတယ်။"

စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု Anti-Junta Alliance Yangon - AJAY ရဲ့ Facebook စာမျက်နှာတင်ထားတဲ့ ရန်ကုန်မြို့အတွင်း ဆန္ဒပြပွဲဓါတ်ပုံ (စက်တင်ဘာ ၁၉၊ ၂၀၂၄)
စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု Anti-Junta Alliance Yangon - AJAY ရဲ့ Facebook စာမျက်နှာတင်ထားတဲ့ ရန်ကုန်မြို့အတွင်း ဆန္ဒပြပွဲဓါတ်ပုံ (စက်တင်ဘာ ၁၉၊ ၂၀၂၄)

အာဏာရှင်စနစ်တော်လှန်ရေးနဲ့ ပြည်သူ့ကာကွယ်ရေးကွန်ရက်(DRPDN) ဟာ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးလှုပ်ရှားနေတဲ့ အဖွဲ့တခုဖြစ်ပါတယ်။အခုလို ဆန္ဒပြလူငယ်တွေ ဖမ်းဆီးခံရတဲ့ သတင်းကို နောက်ဆက်တွဲကြားရတဲ့အတွက် အခြေအနေတွကို စိုးရိမ်မိကြောင်း ကိုဇော်ထွန်းက ဆက်ပြောပါတယ်။

"နောက်ပြီးတော့ ဒီလူငယ်တွေအပေါ်မှာ ကျနော်တို့ အများကြီးစိုးရိမ်မှုဖြစ်ခဲ့တယ်ပေါ့နော်။နောက်ဆက်တွဲသတင်းတွေက ဘာကြားလဲဆိုတော့ အဲ့ဒီလူတွေက အဲ့ဒီလူငယ်တွေနဲ့ မဆိုင်ဘဲနဲ့ စစ်အုပ်စုက လိုက်ပြီးတော့ လူငယ်တွေကို လိုက်ဖမ်းတယ်။”

ဆန္ဒပြလူငယ်တွေ ဖမ်းဆီးခံရခြင်းရှိမရှိ ဗွီအိုအေအနေနဲ့ သီးခြားစုံစမ်းလို့ မရသေးပါဘူး။ အခုလို လူငယ်တွေ လျှပ်တပြက်ဆန္ဒပြခဲ့တဲ့ သတင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီက တစုံတရာ ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။

မနေ့ညက ရန်ကုန်မှာ လျှပ်တပြက်ဆန္ဒပြပွဲလိုမျိုး လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် လောက်ထိ နောက်ဆုံးဖြစ်ခဲ့ပြီး စစ်ကောင်စီက အပြင်းအထန်နှိမ်နင်းတဲ့ အတွက် မြို့ကြီးတွေမှာ လူငယ်တွေရဲ့ ပျောက်ကျားသပိတ်တွေ တနှစ်ကျော်ကြာ ငြိမ်သက်နေခဲ့ပြီးနောက် အခုလို ရန်ကုန်မြို့ကြီးမှာ ပြန်လည် မြင်တွေ့ခဲ့ကြရတာဖြစ်ပါတယ်။

Forum

XS
SM
MD
LG