သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြည့်မြင်တိုင်တဘက်ကမ်း အလတ်ချောင်းရပ်ကွက်မှာ လူငယ် ၅ ဦး လက်နက်တွေနဲ့အတူ ဖမ်းဆီးခံရ


လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့(ယခင်မှတ်တမ်းဓာတ်ပုံ) 
လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့(ယခင်မှတ်တမ်းဓာတ်ပုံ) 

[[Zawgyi/Unicode]]

ဧပြီ ၂၇ ရက်နေ့ မနက် ၁၀ နာရီခွဲ ဝန်းကျင်လောက်က စစ်ကောင်စီတပ်အင်အား ၁၀၀ လောက်နဲ့ ကြည့်မြင်တိုင်မြို့နယ် အလတ်ချောင်း ရပ်ကွက်ကို ဝင်ရောက်ရှာဖွေပြီး လူငယ် ၅ ဦးကို လက်နက်တွေနဲ့အတူ ဖမ်းဆီးသွားသလို ဘေးနားက လူ ၂ ဦးကိုလည်း ဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လာရောက်ဖမ်းဆီးစဉ်မှာ အပြန်အလှန်ပစ်ခတ်မှုတွေလည်း ဖြစ်ခဲ့ကြတယ်လို့ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်းရန်ကုန်က လာတဲ့သတင်းကို မမြသဇင်အောင်က တင်ပြပေးထားပါတယ်။

ဧပြီလ ၂၇ ရက် ဗုဒ္ဓဟူးနေ့ မနက် ၁၀ နာရီခွဲလောက်က ကြည့်မြင်တိုင်မြို့နယ် တဘက်ကမ်းမှာရှိတဲ့ အလတ်ချောင်းရပ်ကွက်ကို စစ်ကောင်စီတပ်တွေ အင်အား ၁၀၀ ကျော်နဲ့ ဝင်ရောက်လာပြီး လူငယ်တွေစုနေတဲ့ အိမ်တလုံးကို စီးနင်းဝင်ရောက်ခဲ့ကြတယ်လို့ ဒေသခံက ပြောပါတယ်။ ဝင်ရောက် စီးနင်း ဖမ်းဆီးစဉ်မှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး တချို့လွတ်မြောက်သွားတယ်လို့ ဒေသခံတဦးက ခုလိုပြောပြပါတယ်။

“အင်အားကတော့ ၁၀၀ နဲ့ လေးငါးဆယ်လောက်ရှိမယ်။ ပစ်တော့ ပြန်ပစ်ကြတော့ ကလေးတွေ တော်တော်များများ ပြန်လွတ်သွားကြတယ်။ လက်နက်တွေကတော့ မိတာပေါ့။ ဗုံးတွေဘာတွေက တော့။ ဒါပေမယ့် လက်နက်တွေနဲ့မိတော့ သူတို့က ပစ်တော့ ဟိုက ပြန်ပစ်တော့ သူတို့က အဲ့ဒီမှာတင် နည်းနည်း နောက်ပြန်ဆုတ်ကုန်တယ်။ အဲ့မှာကလေးတွေက ပြန်ပစ်လိုက်တဲ့အရှိန်နဲ့ သူတို့ ရှေ့မတိုးရဲတော့ ကလေးတွေ လွတ်ကုန်တာပေါ့။ အဲ့မှာ အဲ့လို ပစ်တာခတ်တာဖြစ်တဲ့အချိန်မှာ ရွာကတော့ ဆူညံသွားတာပေါ့။ အကုန်လုံးက မထွက်ရဲကြဘူး။ အင်အားက များတာပေါ့။ ဒီကောင်တွေ ဝင်လာတဲ့ အချိန်က ရေတပ်တွေရော ဘာတွေရာ အကုန်ပါတယ်၊ ရေတပ် ကြည်းတပ် အကုန်ပါတယ်။”

လက်နက်တွေနဲ့အတူ အသက် ၂၀ ဝန်းကျင် လူငယ် ၅ ဦးကို ဖမ်းဆီးသွားသလို အဲ့ဒီအနီးဝန်းကျင်မှာရှိနေတဲ့ ရပ်ကွက်ထဲက သက်လတ်ပိုင်း လူကြီး ၂ ဦးလည်း ဖမ်းဆီးခံရတယ်လို့ ဒေသခံတဦးက ခုလို ပြောပြပါတယ်။

“ဦးတို့ သိသလောက်တော့ ၇ ယောက်လောက်တော့ အဖမ်းခံရတယ်။ ရွာမှာတော့ ၇ ယောက်လောက်ပေါ့၊ အပြင်မှာ အဖမ်းခံရတာတော့ မသိဘူး။ အဲ့ကလေးတယောက်က ဟိုဘက်ကမ်းကနေ မိလာပြီးတော့ အိမ်ကိုလိုက်ပြတာ အတိအကျတွေချည်းပဲ။ နေရာအတိအကျတွေနဲ့ အဲ့ဒါကြောင့် ဗုံးတွေပါ မိကုန်တာပေါ့။ နောက် ၂ ယောက်ကတော့ သက်ကြီးပိုင်းတွေ၊ အရက်ထိုင်သောက်နေတုန်း သူတို့ပစ်လို့ ဝင်ပြေးရင်းနဲ့ လိုက် မသွားတာပေါ့။ တယောက်သေတယ်လို့တော့ သတင်းတက်လာတာတွေ့တယ်။ ဒီမှာကတော့ မသေဘူး။ သူတို့ဖမ်းပြီး စစ်ရင်းနဲ့မှ သေရင်တော့ မသိဘူး။”

စစ်ကောင်စီတပ်တွေက သူတို့ ဖမ်းဆီးပြီး ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေနဲ့ လူငယ်တဦးကို ခေါ်လာပြီး လူငယ်တွေ စုနေကြတဲ့ နေအိမ်ကို လိုက်ပြခိုင်းတာမြင်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့လူငယ်တွေနဲ့ပတ်သက်လို့ သူတို့ ဘာလုပ်နေသလဲ၊ ဘာကြောင့်ဖမ်းဆီးခံရသလဲဆိုတာ အသေအချာမသိဘူးလို့ အနီးဝန်းကျင်မျာနေသူတွေက ပြောပါတယ်။ ဒီဖမ်းဆီးမှုနဲ့ပတ်သက်လို့ စစ်ကောင်စီကို ဗွီအိုအေက မေးမြန်းထားပေမယ့် အကြောင်းပြန်ကြားခြင်းမရှိသေးပါဘူး။

မြန်မာနိုင်ငံ နေရာတော်တော်များများမှာ ဖောက်ခွဲမှုတွေ၊ တိုက်ခိုက်ပစ်ခတ်မှုတွေ နေ့စဉ်နဲ့အမျှရှိနေသလို စစ်ကောင်စီတပ်တွေကလည်း ပစ်ခတ် ဖောက်ခွဲ တိုက်ခိုက်မှုလုပ်တဲ့သူတွေနဲ့ မသင်္ကာသူတွေကို ပစ်ခတ်ပြီး ဆက်တိုက် ရှာဖွေဖမ်းဆီးနေပါတယ်။ နိုင်ငံတဝန်းမှာ စစ်ဆေး၊ ဖမ်းဆီးမှုတွေလည်း ရှိနေပါတယ်။ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ပါဝင်သူတွေကိုလည်း ရှာဖွေဖမ်းဆီးတာတွေ ဆက်တိုက်လုပ်နေပါတယ်။ တက္ကသိုလ်ကျောင်းသားတချို့နဲ့ သမဂ္ဂအဖွဲ့ဝင်တချို့လည်း စစ်ကောင်စီရဲ့ ဖမ်းဆီးမှုခံရပြီး မိသားစုနဲ့ ဆက်သွယ်လို့မရသူတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]










=============

XS
SM
MD
LG