သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

YouTube ဌာနချုပ် ၄ ဦး ဒဏ်ရာရ အမျိုးသမီးသေနတ်သမား အဆုံးစီရင်


အမေရိကန်ပြည်ထောင်စု အနောက်ဖက် California ပြည်နယ်က YouTube ကုမ္ပဏီဌာနချုပ်ဝန်းထဲမှာ အင်္ဂါနေ့ နေ့ခင်းပိုင်းက သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ သံသယရှိသူ အမျိုးသမီးတယောက်ဟာ အဲဒီနေရာမှာပဲ သူ့ကိုယ်သူ အဆုံးစီရင်သွားပုံရပါတယ်။ အမျိုးသမီးတယောက် ကိုယ့်ကိုယ်ကိုယ်ပစ်ခတ်တဲ့ ဒဏ်ရာနဲ့ သေဆုံးနေတာကို ရဲတပ်ဖွဲ့ဝင်တွေ တွေ့ရှိတယ်လို့ San Bruno မြို့ ရဲချုပ် Ed Barberini ကပြောပါတယ်။

အဲဒီအမျိုးသမီး ဘယ်သူလဲ ဘာကြောင့်ခုလို ပစ်ခတ်ခဲ့သလဲဆိုတာကိုတော့ လောလောဆယ် ရဲက အသေးစိတ်ပြောခြင်း မရှိသေးပါဘူး။ လူ ၄ ယောက်ထိခိုက်ဒဏ်ရာ ရတယ်ဆိုတာကိုတော့ ရဲချုပ်က ပြောပါတယ်။ အနားမှာရှိတဲ့ San Francisco မြို့ ဆေးရုံတရုံ ပြောခွင့်ရသူကတော့ ဒဏ်ရာရသူတွေထဲက အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၁ ယောက်တို့ကို ကုသပေးနေတယ်လို့ ပြောပါတယ်။ အမျိုးသားရဲ့ ဒဏ်ရာပြင်းထန်တယ်လို့လည်း ပြောပါတယ်။

YouTube ကုမ္ပဏီဝန်ထမ်းတွေ နေ့လည်စာ စားနေကြချိန်မှာ ကုမ္ပဏီအဆောက်အဦးနဲ့ တဆက်ထဲ နားနေနိုင်တဲ့ ဟင်းလင်းပြင်နေရာမှာ မသင်္ကာသူက ပစ်ခတ်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။ အဆောက်အဦးထဲမှာရှိနေကြတဲ့ ဝန်ထမ်းတွေက သေနတ်သံကြားရတယ်ဆိုတာကို Twitter လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့ကြသလို ရုံးခန်းတွေထဲမှာ အကာအကွယ်ယူ ပုန်းခိုနိုင်ဖို့ အပြေးအလွှားသွားခဲ့ကြပါတယ်။ ကြမ်းပြင်ပေါ်နဲ့ လှေကားတခုမှာ သွေးစက်တွေ တွေ့ရတယ်လို့ အလုပ်သမားတယောက်က ပြောပါတယ်။ အရေးပေါ် ၉၁၁ ဖုန်းနံပါတ်ကို ဆက်သွယ်အကြောင်းကြားမှု တော်တော်များများရခဲ့ပြီးနောက် YouTube ကုမ္ပဏီ အဆောက်အဦးဝန်းရှိရာကို ရဲတွေ အမြန်သွားရောက်ခဲ့တယ်လို့ ရဲချုပ် Barberini ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG