သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှေ့နေဒေါ်ရွက်နုအောင် ထောင် ၁၅ နှစ်ချခံရ 


တရားလွှတ်တော်ရှေ့နေ
ဒေါ်ရွက်နုအောင် (ယခင်မှတ်တမ်းဓာတ်ပုံ)
တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် (ယခင်မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့အမှုတွေလိုက်ပေးနေတဲ့ ရှေ့နေဒေါ်ရွက်နုအောင်ကို ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ်ချမှတ်ပါတယ်။ HIV/AIDS ဝေဒနာရှင်တွေကိုကူညီပေးနေတဲ့ NAC ဂေဟာတာဝန်ခံ ကိုရာဇာကိုလည်း ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချမှတ်ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ နိုင်ငံရေးနဲ့ဆက်စပ်တဲ့အမှုတွေကို ဆက်တိုက်ဆိုသလို ထောင်ဒဏ်တွေ ချမှတ်နေတာပါ။ ဒီအကြောင်း ရန်ကုန်က မေးမြန်းပေးပို့တဲ့သတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရအဖွဲ့ဝင်ဟောင်းတွေရဲ့အမှုတွေကို လိုက်ပါဆောင်ရွက် ပေးခဲ့တဲ့တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို ဒီကနေ့မနက်ပိုင်း အိုးဘိုထောင်တွင်း တရားရုံးကနေ ပုဒ်မ- ၅၀ (ည) အကြမ်းဖက်လုပ်ရပ်အတွက် ငွေကြေး ထောက်ပံ့မှုဆိုင်ရာပြစ်မှုနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်တယ်လို့ သူနဲ့နီးစပ်သူတဦးက ဗွီအိုအေကိုအတည်ပြုပါတယ်။

“၅၀-ည အကြမ်းဖက်ဥပဒေ ၅၀-ညနဲ့ ၁၅ နှစ်ချလိုက်ပါတယ်။ စွဲထားတာတော့ ဒီတမှုတည်းပဲ ရှိတယ်။ ကျန်းမာရေးတော့ဘာမှဖြစ်တယ် မကြားရသေးပါဘူး။”

တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ဟာ စွဲချက်အမျိုးမျိုးနဲ့ရင်ဆိုင်နေရတဲ့ မန္တလေးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်းအစိုးရဝန်ကြီး ဦးဇာနည်အောင်ရဲ့ အမှုတွေအပြင် NLD ပါတီနာယက ဦးဝင်းထိန်ရဲ့ အမှုတွေအတွက်လည်း လိုက်ပါ ဆောင်ရွက်ပေးခဲ့တဲ့ ရှေ့နေဖြစ်ပါတယ်။ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို ၂၀၂၂ ဧပြီ ၂၇ ရက်နေ့က ဒေါက်တာဇော်မြင့်မောင်ရဲ့ တရားရုံးချိန်းအပြီးမှာ စစ်တပ်ဘက်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
တဆက်တည်းမှာပဲ HIV/AIDS ဝေဒနာရှင်တွေကို စောင့်ရှောက်ပေးတဲ့ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်က NAC ဂေဟာရဲ့တာဝန်ခံ ကိုရာဇာကို စစ်ကောင်စီကစွဲဆိုထားတဲ့ အကြမ်းဖက်ပုဒ်မ ၅၂-ဂ နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တယ်လို့ သူ့ရှေ့နေကပြောပါတယ်။

“၃ နှစ်ချမှတ်လိုက်တယ်။ သူ့ကို ၅၀-ညနဲ့ စွဲတယ်။ နောက် ၅၂-ဂ နဲ့ ပြောင်းလဲအမိန့်ချမှတ်လိုက်တာပါ။ ကျန်းမာရေးကတော့ကောင်းတယ်ဗျ။ အယူခံတက်မတက်ကတော့ သူနဲ့သူ့မိသားစု တိုင်ပင်ပြီးမှသိရမယ်။ တရားရုံးကစွဲဆိုတဲ့ပုဒ်မကို သူမြင်တဲ့အတိုင်း ပြောင်းလဲချပေးတာပေါ့ဗျာ။ သူ့မိသားစုဝင်တွေအနေနဲ့ အယူခံတက်ချင် တက်လို့ရတာပေါ့။ တရားရုံးအမိန့် အတည်ဖြစ်နေချိန်မှာ ကျနော့်ဘက်က တရားတယ် မတရားဘူးပြောဖို့ခက်တာပေါ့ဗျာ။”

အကြမ်းဖက်ပုဒ်မ ၅၂-ဂ ဆိုတာ အကြမ်းဖက်မှုတွေကိုသိသိနဲ့ သတင်းမပေးဘဲ ထိန်ချန်ထားတယ်ဆိုပြီး စွဲဆိုတဲ့ ပုဒ်မဖြစ်ပါတယ်။ မူလက သူ့ကို အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့တယ်လို့စွပ်စွဲပြီး အကြမ်းဖက်မှုပုဒ်မ ၅၀-ည နဲ့တရားစွဲဆိုထားရာကနေ အခုလိုပုဒ်မ ပြောင်းလဲတရားစွဲဆိုပြီး ထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်တယ်လို့ သူ့ရှေ့နေက ပြောပြပါတယ်။

ဒီရက်ပိုင်းမှာတော့ ပုဒ်မအမျိုးမျိုးနဲ့ စွဲဆိုဖမ်းဆီးထားတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ သူတို့ကိုအကူအညီပေးသူတွေကို ထောင်ဒဏ်တွေ အသီးသီးချမှတ်နေပါတယ်။ မနေ့ကလည်း ရန်ကုန်မြို့၊ ဗိုလ်တထောင် ၄၄ လမ်းဖြစ်စဉ်က ဖမ်းဆီးခံ လူငယ်တွေကိုအင်းစိန်ထောင်တွင်းတရားရုံးကနေ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ် လိုက်ပါတယ်။ ထောင်ဒဏ်ချမှတ်ခံရသူ ၇ ဦးထဲ မပိုးကျော့ကျော့ခန့် ဆိုတဲ့ အမျိုးသမီးငယ်တဦးလည်းပါဝင်ပါတယ်။ ကျန်တဲ့ အမျိုးသား ၆ ဦးထဲ လူငယ် ၅ ဦးက ဖြစ်စဉ်မှာဖမ်းဆီးခံရသူတွေဖြစ်ပြီး နောက်ထပ်အမျိုးသား ၁ ဦးကတော့ အငှားယာဉ်မောင်းဖြစ်တယ်လို့ နီးစပ်သူတွေကပြောပါတယ်။

ဒီလူငယ်တွေကိုတော့ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မ ၅ နဲ့ ထောင်ဒဏ် ၅ နှစ် ၊ ဆက်စပ်ပုဒ်မဖြစ်တဲ့ ပုဒ်မ ၃/၆ နဲ့ ထောင်ဒဏ် ၇ နှစ် တို့ကို သီးခြားအမိန့်ချတာမို့ တယောက်ချင်းစီကို ထောင်ဒဏ် ၁၂ နှစ် အသီးသီး ကျခံရမှာဖြစ်ပါတယ်။ အငှားယာဉ်မောင်း အမျိုးသားကတော့ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၃/၆ နဲ့ ထောင်ဒဏ် ၇ နှစ်ချမှတ်ခံရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် သြဂုတ် ၁၀ ရက်က ဗိုလ်တ‌ထောင် ၄၄ လမ်းက တိုက်ခန်းတခုကို စစ်ကာင်စီတပ်တွေဝင်ရောက်စီးနင်းခဲ့လို့ တိုက်ပေါ်ကနေ လူငယ်တချို့ ခုန်ချခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာလူငယ် ၂ ဦးဖြစ်တဲ့ ကိုဝေဇော်ဖြိုး နဲ့ မဝေဝေမြင့် (ခေါ်) ပန်းသီးတို့ကတော့ နေရာမှာတင် သေဆုံးသွားခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီရဲ့ စာရင်းအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ထိတိုင် ဖမ်းဆီးခံရသူ စုစုပေါင်း တသောင်းခြောက်ထောင်ကျော်ရှိပြီး တသောင်းသုံးထောင်ကျော်ဟာ အကျဉ်းထောင်တွေဆဲ ရှိနေဆဲပဲလို့ ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

=======================

[[Unicode]]











XS
SM
MD
LG