သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇာဂနာ ဘလော့ဂ်စာမျက်နှာ ဆက်ရေးပြီ


ဇာဂနာ ဘလော့ဂ်စာမျက်နှာ ဆက်ရေးပြီ
ဇာဂနာ ဘလော့ဂ်စာမျက်နှာ ဆက်ရေးပြီ

အီလက်ထရွန်နစ် ဥပဒေနဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ပြီး မကြာခင်ကမှ အကျဉ်းထောင်ကနေ လွတ်မြောက် လာခဲ့တဲ့ ဟာသသရုပ်ဆောင် လူရွှင်တော်ကိုဇာဂနာက သူ့ရဲ့ ဘလော့ဂ်ကို ဆက်လုပ်သွားမယ်လို့ ပြောလိုက် ပါတယ်။ အီလက်ထရွန်နစ်ဥပဒေ ပုဒ်မတွေနဲ့ သူ့အပေါ်မှာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပေမဲ့လည်း ဘလော့ဂ်တွေကို ဆက်လက်ရေးသားပြီး နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာဖို့အတွက် ဆက်လုပ် သွားမယ်လို့ ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အပြည့်အစုံကို ကိုရန်နိုင်က တင်ပြထားပါတယ်။

လူရွှင်တော် ဇာဂနာ ခေါ် ကိုသူရဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ကမှ သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့် နဲ့ မြစ်ကြီးနား အကျဉ်းထောင်ကနေ လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအတွင်း သတင်းအချက်အလက်တွေကို ဖြန့်ဝေခဲ့တဲ့အတွက် အာဏာပိုင်တွေက သူ့ကို အီလက်ထရွန်နစ် ဥပဒေပုဒ်မတွေနဲ့ ထောင်ဒဏ် ၃၅ နှစ်ချမှတ်ခဲ့တာပါ။ အဲဒီလို အီလက်ထရွန်နစ် ဥပဒေတွေနဲ့ သူ့ကို နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခဲ့ပေမဲ့လည်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးကိစ္စ အပါအဝင် တခြားလုပ်စရာ ရှိတာတွေကို ဆက်လက် လုပ်ဆောင်သွာမယ်လို့ RSF လို့ခေါ်တဲ့ ပြင်သစ် အခြေစိုက် နယ်စည်းမခြား သတင်းသမားများသမဂ္ဂ အဖွဲ့နဲ့ အင်တာဗျူးမှာ ကိုဇာဂနာက အခုလို ပြောလိုက်ပါတယ်။

“ပြီးခဲ့တဲ့ တစ်ခေါက်ကလည်း အဲဒီလိုပဲ ယူပြီးတော့ အခုတခါ ယူချင်တယ်ဆိုလည်း ယူကြပေါ့လေ။ မတတ်နိုင်ဘူး။ ကျနော်ကတော့ ရေးစရာရှိတာ ဆက်ရေးရမှာပဲ။ သူတို့ပါ အပါအဝင် ကျန်တဲ့လူအားလုံး လွတ်မြောက်ရေးအတွက်ကိုပဲ ကျနော် ပထမအဆင့် ထိပ်တန်း ဦးစားပေးအနေနဲ့ လုပ်နေမယ်ဆိုတာ ကျနော်ပြောချင်ပါတယ်။”

နိုင်ငံရေး ဟာသပြက်လုံးတွေ လုပ်ခဲ့တဲ့အတွက် အာဏာပိုင်တွေက သူ့ကို ဖမ်းဆီတာတွေ၊ အနုပညာလုပ်ခွင့် ပိတ်ပင်တာတွေကို လုပ်ခဲ့ပါတယ်။ သူ့အနေနဲ့ သမ္မတဦးသိန်းစိန်ရဲ့ အစိုးရသစ်လက်ထက်မှာ အနုပညာ ပြန်လုပ်ခွင့် ရမရဆိုတာကို မသိရသေးပေမဲ့ သူ့ရဲ့အရင်ရှိထားတဲ့ ဘလော့ဂ်တွေကို ဆက်လုပ်သွားမှာ ဖြစ်တဲ့အကြောင်း၊ အဲဒီမှာ တင်ဖို့အတွက် “ထောင်ကထွက်တဲ့ ပထမနေ့” အကြောင်းကိုလည်း ရေးသား ပေးပို့ပြီးပြီလို့ ပြောပါတယ်။ ကိုဇာဂနာက သူ့ရဲ့ ဘလော့ဂ်တွေကို ဆက်လက် လုပ်သွားမယ်ဆိုတာနဲ့ ဘလော့ဂ်တွေရဲ့ အရေးပါပုံတွေကို လန်ဒန်မြို့က အနုပညာရှင်တစ်ဦးဖြစ်တဲ့ ပန်းချီထိန်လင်းက အခုလို ပြောပါတယ်။

“နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေတင် မဟုတ်တော့ဘူး။ အခုနောက်ပိုင်း ကျနော်တို့ အနုပညာသမားတွေ၊ နောက်တခါ လူမှုရေးလုပ်တဲ့ သူတွေ။ အဲဒါတွေကအစ အကုန်လုံး ဒီဘလော့ဂ်တွေကနေပြီး တစ်ယောက်နဲ့ တစ်ယောက် အချင်းချင်း ဆက်သွယ်တာတွေရော၊ နောက်ပြီးတော့ ကိုယ်လုပ်တဲ့လုပ်ငန်းတွေ ရှင်းပြတာရော၊ ကျနော်တို့ အတားအဆီးမရှိ လုပ်နိုင်နေကြတယ်။ အခုနောက်ပိုင်းကျတော့ ကျနော်တို့ မိုဘိုင်းဖုန်းလေးတွေ နဲ့တင် မြန်မာပြည်ထဲမှာလည်း သုံးနေကြတော့ ရိုက်တင်လိုက်တယ်ဆိုရင် ဒီသတင်းဌာနတွေကမှ နောက်ကျ နေသေးတယ်။ ဒါပေမဲ့ ဒီအဖြစ်အပျက်တွေက ဝက်ဘ်ပေါ်ကို ရောက်သွားပြီလေ။ သူ့ကို အနုပညာ ဖန်တီးခွင့်တွေ ပိတ်တယ်ဆိုရင်လည်း သူက အဲဒီဟာကို အင်တာနက်ပေါ် အစောကြီး တက်လာပြီးတော့ သူ့ရဲ့ နောက်ထပ် လမ်းကြောင်းတစ်ခုရှာပြီး လုပ်သွားတာပဲ။ ဆိုတော့ သူရှေ့က လုပ်ပြတဲ့ဟာနဲ့တင် ဘယ်လောက် အရေးကြီးတယ်ဆိုတာ တော်တော်လေး လုံလောက်နေပါပြီ။ အစိုးရက ပိတ်လို့မရတဲ့အထိ ဘလော့ဂ်က အသုံးဝင်ပါတယ်။”

မြန်မာနိုင်ငံအနေနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် အခုထက်ပိုရှိဖို့ လိုတယ်လို့ ပြောဆိုလိုက်သလို မြန်မာနိုင်ငံရဲ့ လက်ရှိစာနယ်ဇင်း လွတ်လပ်ခွင့် အပေါ်မှာတော့ ကိုဇာဂနာက အခုလို ပြောပါတယ်။

“ကျနော်ပြီးခဲ့တဲ့ ၆ လက ဖတ်ရတဲ့ ဂျာနယ်တစ်စောင်ထဲကိုပဲ သုံးသပ်ကြည့်မယ်ဆိုရင်၊ ပြီးခဲ့တဲ့ ၆ လက ဖတ်ရတဲ့စာနဲ့ အခုဖတ်ရတဲ့ စာနဲ့ဆိုရင်တော့ နည်းနည်းလေးပိုပြီးတော့ ရေးလို့ချောင်လာတယ်လို့ ကျနော်မြင်မိတာပေါ့။ သို့သော် တချို့ကလည်း ပြောတယ်။ ရေးပြီးတော့ ဖျက်ရတဲ့စာတွေ ရှိတယ်လို့ ပြောတယ်။ သို့သော် ဒါတွေကတော့ လက်ရှိစာနယ်ဇင်းသမား လုပ်နေတဲ့သူတွေက ပိုပြီးတော့ သိလိမ့်မယ် ထင်တယ်။ သို့သော် စာမျက်နှာပေါ်ရောက်လာတဲ့ စာတွေအရ ဖတ်ရမယ်ဆိုရင်တော့ မဆိုးလှဘူး။ အရင်ကထက် လွတ်လပ်လာတယ်။ သို့သော် ဒီထက်ပိုပြီး ကျနော် လွတ်လပ်စေချင်တယ်။ ဥပမာ ပုဂ္ဂလိက သတင်းစာလိုမျိုးကတော့ ကျနော်က ဖြစ်စေချင်တယ်။ မြန်မာလူမျိုးနဲ့ ပုဂ္ဂလိက သတင်းစာနဲ့ မတန်ပါဘူး ဆိုတဲ့ စကားကတော့ ကျနော် လက်မခံနိုင်ဘူး။ ဗမာ့ခေတ်တို့ မိုးကြိုးတို့တုန်းကဟာတွေ ဘယ်ရောက်ကုန်လဲ။ အဲဒီတုန်းကလည်း မြန်မာလူမျိုးတွေဆိုတော့ ပုဂ္ဂလိကသတင်းစာလောက်အထိတော့ ကျနော်တို့တိုင်းပြည်မှာ ဖြစ်ပေါ်လာမယ်ဆိုရင်တော့ တော်တော်ကို လွတ်လပ်ခွင့်ရလာတယ်လို့ ကျနော်ဝမ်းသာမိမှာပဲ။”

မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာ ရှိနေတဲ့ အကျဉ်းသား ၆,၀၀၀ ကျော်ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့က လွှတ်ပေးခဲ့ပေမဲ့ ကိုဇာဂနာ နဲ့အတူ လွတ်မြောက်လာခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ပဲ ပါဝင်ခဲ့ပါတယ်။ လွတ်မြောက်လာသူတွေ ထဲမှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်တို့လို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ ရွှေဝါရောင် တော်လှန်ရေးအတွင်း အဖမ်းခံခဲ့ရတဲ့ သံဃာတော်တွေ မပါဝင်သလို စာရေးဆရာ ဇော်သက်ထွေး၊ ဘလော့ဂါနေဖုန်းလတ် စတဲ့သူတွေလည်း အခုချိန်ထိ လွတ်မြောက်လာခြင်း မရှိသေးတဲ့အတွက် အဲဒီလူတွေ လွတ်မြောက်လာဖို့အတွက် ဆက်လက် ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့ ကိုဇာဂနာက ပြောပါတယ်။

XS
SM
MD
LG