သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်လွှမ်းမိုးမှုကြောင့် ဇမ်ဘီးယားဆောက်လုပ်ရေးလုပ်ငန်းများ အခက်ကြုံ


China Poor Country Debt
China Poor Country Debt

တရုတ်ကုမ္ပဏီတွေက သူတို့နယ်ထဲဝင်လာကြပြီး သူတို့ လုပ်ငန်းတွေယူသွားကြပြီလို့ ဇမ်ဘီယာကုမ္ပဏီတွေက ပြောကြပါတယ်။ သူတို့တွေနဲ့ပြိုင်ရတာကြောင့် ဒေသခံ ဆောက်လုပ်ရေးလုပ်ငန်းတွေ ပိတ်လိုက်ရတယ်လို့လည်း သူတို့က ဆိုပါတယ်။ မြို့တော် လူဆာကာကနေပို့လိုက်တဲ့ ဗွီအိုအေသတင်းထောက် Daniel Tonga ရဲ့ သတင်းဆောင်းပါးကို ဦးတင်မောင်သန်းက တင်ပြပေးထားပါတယ်။

ဇမ်ဘီယာမှာ တရုတ်က ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခဲ့တာ ဆယ်စုနှစ် ၂ စုကျော်ခဲ့ပါပြီ။ ဒါပေမဲ့ တရုတ်ကုမ္ပဏီတွေက ဆောက်လုပ်ရေးကန်ထရိုက်တွေကို ဆွဲသွားကြတာ သူတို့ယှဥ်လို့မဖြစ်နိုင်ဘူးလို့ တချို့လုပ်ငန်းရှင်တွေက ပြောကြပါတယ်။ အဲဒီလို ကန်ထရိုက်တာ Lawrence Mukasa က ခုလို ပြောပါတယ်။

“ကျနော်တို့က ဆုတောင်းနေရတဲ့ ကန်ထရိုက်အသေးလေးတွေကိုတောင် တရုတ်တွေက ယူကြတယ်ဗျာ။ ဒီတော့ ဒါကိုက စိန်ခေါ်ချက်လိုမျိုး။ တရုတ်တွေနဲ့ ပြိုင်ဖို့ ခက်တာမျိုးဗျ။”

တရုတ်ရဲ့ခါးပတ်လမ်း စီမံကိန်းက ဖွံ့ဖြိုးဆဲတိုင်းပြည်တွေက အခြေခံ အဆောက်အအုံ စီမံကိန်းတွေအတွက် ရံပုံငွေပေးပါတယ်။ တကယ်ကတော့ တရုတ်အလုပ်သမားတွေ ခေါ်လာတာပါ။ ဇမ်ဘီယာပြည်သူတွေ အလုပ်လက်မဲ့ ဖြစ်ရတယ်လို့ Muchinga Mwandia လို တချို့ ကန်ထရိုက်တာတွေ က ပြောကြပါတယ်။

“ဆောက်လုပ်ရေးလုပ်ငန်းလို စီးပွါးရေးထဲ ရှိနေတဲ့အခါ တနှစ်လုံး အလုပ်မရှိဘူးဆိုရင် ထိတာက .. ကုမ္ပဏီပိုင်ရှင်ပေါ့ဗျာ။ ခင်ဗျားအတွက် အလုပ်လုပ်နေကြတဲ့သူတွေ ရှိတယ်လေ။ သိတယ်မဟုတ်လား။ ခင်ဗျား ကန်ထရိုက်မရဘူးဆိုရင် ဒီလူတွေကို ခင်ဗျား ဘယ်လိုပေးမလဲဗျ။”

လမ်းလို ဆောက်လုပ်ရေးစီမံကိန်းတွေရဲ့ ၆၉ ရာနှုန်းက တရုတ်ကုမ္ပဏီတွေဆီ ရောက်သွားကြတယ်လို့ ဇမ်ဘီယာ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီ စီမံကိန်းတွေက ဒေသခံတွေအတွက် အလုပ်အကိုင် ဖန်တီးပေးကြတယ်လို့ တရုတ်နိုင်ငံတော်ပိုင် ဆင်ဟွာသတင်းဌာနကတော့ ဆိုပါတယ်။ ဒါပေမဲ့ တရုတ်ကုမ္ပဏီတွေ ရောက်လာတာကြောင့် ဇမ်ဘီယာ ဆောက်လုပ်ရေး လုပ်ငန်းကြီးတွေ ပြိုကျသွားရတယ်လို့ ဇမ်ဘီယာနိုင်ငံလုံးဆိုင်ရာ အလတ်စားနဲ့အငယ်စား ကန်ထရိုက်တာများအသင်းဥက္ကဋ္ဌ အက်ဒ်ဂါ ဆီယာကာကိုးမား (Edgar Siakacoma) က အခုလို ပြောပါတယ်။

“တရုတ်ကုမ္ပဏီတွေကြောင့် ဇမ်ဘီယာကုမ္ပဏီတွေ ပျက်သွားကြတယ်။ ဘာကြောင့်လဲဆိုတော့ ပထမ သူတို့ကို သူတို့အစိုးရက ကျောထောက်နောက်ခံပေးထားတယ်။ ငွေကို အတိုးနည်းနည်းနဲ့ချေးလို့ သူတို့က ရတယ်။ ဆောက်လုပ်ရေးပစ္စည်းတွေကို သူတို့က အောက်စျေးနဲ့ရတယ်ဗျာ။ ဇမ်ဘီယာ ကုမ္ပဏီတွေ မှာ အဲဒီလို မရနိုင်ဘူး။”

ဗွီအိုအေက ဇမ်ဘီယာမြို့တော် လူဆာကာက တရုတ်သံရုံးနဲ့ တရုတ်တွေ ဦးဆောင်တဲ့လုပ်ငန်းတွေကို ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ကြပါဘူး။
တရုတ်ကန်ထရိုက်တာတွေနဲ့ယှဥ်နိုင်အောင် ဇမ်ဘီယာအစိုးရအနေနဲ့ ဒေသခံ ကန်ထရိုက်တာတွေကို ဘဏ္ဍာရေးနဲ့ အားဖြည့်သင့်သလို ကန်ထရိုက်ချရာမှာလည်း ဒေသခံလုပ်ငန်းတွေကို ဦးစားပေးသင့်တယ်လို့ Enock Chitabu လိုဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

“သတ်မှတ်ချက်ဝင်တဲ့ ဒေသခံ ကန်ထရိုက်တာတွေကို အစိုးရက ကန်ထရိုက်ချပေးသင့်ပါတယ်။ ကန်ထရိုက်ချတဲ့အခါ ခွဲခြားတာ၊ လာဘ်စားတာ မရှိသင့်ပါဘူး။”
နောက်ကန်ထရိုက်တာတယောက်ဖြစ်တဲ့ Japhet Chiyesu ကလည်း ခုလို သဘောတူ ပြောကြားပါတယ်။

“ကျနော်တို့ကို အစိုးရက ကူညီသင့်တဲ့ နည်းတနည်းကတော့ ရှိနေတဲ့ အစီအစဥ်တွေကနေ ပြိုင်ဆိုင်လာနိုင်အောင် လုပ်ပေးတာပါပဲ။ ဥပမာ နိုင်ငံသားများ လုပ်ကိုင်နိုင်ရေး ကော်မရှင်က အစီအစဥ်တွေလို မဲဆန္ဒနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေး ရံပုံငွေလိုပေါ့။ အဲဒီလို ရံပုံငွေချထားတာမျိုးတွေ ရှိရင် ကျနော်တို့ ပြိုင်နိုင်ပါတယ်။”

ခုအခါမှာတော့ တရုတ်ကုမ္ပဏီတွေနဲ့ ပြိုင်ရတဲ့အခါ ကိုယ့်ရှိတဲ့အရင်းအမြစ်နဲ့ ဇမ်ဘီယာ ဆောက်လုပ်ရေးကုမ္ပဏီတွေက ယှဥ်ပြိုင်နေကြရတာပါ။ ဒါပေမဲ့ ဒီလုပ်ငန်းထဲ ဆက်လက်ရပ်တည်နိုင်အောင် ကန်ထရိုက်ရဖို့ ခက်ခဲတဲ့ကာလ ကို သူတို့ ဖြတ်သန်းနေကြရကြောင်းပါ ခင်ဗျာ။ ကျွန်တော် တင်မောင်သန်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG