သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူရွှင်တော် ဇာဂနာ ထောင်ဝင်စာ ပိတ်ခံရ


မြစ်ကြီးနား အကျဉ်းထောင်မှာ အကျဉ်းချခံနေရတဲ့ လူရွှင်တော် ဇာဂနာကို အကြောင်းပြချက် မရှိဘဲ ထောင်ဝင်စာတွေ့ခွင့် မရတာ ၂ လနီးပါး ရှိလာနေလို့ တွေ့ခွင့်ရနိုင်ရေးကို ရှေ့နေတွေနဲ့ တိုင်ပင်ပြီး ကြိုးစားနေကြပါတယ်။ ကိုဇာဂနာရဲ့ ခယ်မဖြစ်သူ မိသားစုဝင် မငြိမ်းကပဲ ထောင်ဝင်စာ တွေ့နေကြ ဖြစ်ပေမဲ့ မငြိမ်းကို ထောင်ဝင်စာတွေ့ခွင့် မပေးတာဟာ ပြီးခဲ့တဲ့ မေလတုန်းက မြစ်ကြီးနား ထောင်ဝန်ထမ်းတချို့နဲ့ မငြိမ်းတို့အကြား စကား အချေအတင် ဖြစ်ခဲ့တဲ့ ပြဿနာကြောင့် ဖြစ်လိမ့်မယ်လို့ ရှေ့နေ ဦးအောင်သိန်းက သုံးသပ်ပါတယ်။ အပြည့်အစုံကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

လူရွှင်တော် ဇာဂနာရဲ့ ခယ်မတော်စပ်သူ မငြိမ်းဟာ ကိုဇာဂနာ ထောင်ကျကတည်းက ပုံမှန် ထောင်ဝင်စာ တွေ့နေခဲ့တဲ့သူပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကစပြီး မငြိမ်း ထောင်ဝင်စာတွေ့ခွင့် မရတဲ့အကြောင်း တခြား ထောင်ဝင်စာ သွားတွေ့သူတွေကနေ တဆင့် မငြိမ်း သိခဲ့ရတာလို့ ဆိုပါတယ်။ ဒီလို ထောင်ဝင်စာတွေ့ခွင့် မရှိဘူးဆိုတဲ့ အကြောင်းကို အာဏာပိုင်တွေဘက်က မငြိမ်းဆီကို အသိပေး၊ အကြောင်းကြားတာ ဘာမှ မရှိဘူးလို့ ဆိုပါတယ်။

“ဇွန်လ ၂၅ ရက်နေ့မှာ တာဝန်ခံ အရာရှိနဲ့ ဖုန်းရတယ်။ ရတော့ မေးကြည့်လိုက်တော့ ဟုတ်တယ် မငြိမ်းတဲ့၊ ပိတ်ထားတယ်တဲ့၊ ပါဆယ်တော့ ပို့လို့ရပါတယ်တဲ့။ ဘာဖြစ်လို့ ပိတ်တာလဲလို့၊ အဲဒါတော့ ကျနော်တို့လည်း ပြောလို့မရဘူးတဲ့၊ သူ့အနေနဲ့ ပြောလို့မရတဲ့ အနေအထားပေါ့။ ဘယ်လောက်ပိတ်တာလဲ၊ တလလား၊ နှစ်လလားဆိုတော့ အဲဒါလည်း ကျနော် ပြောလို့မရဘူးတဲ့။ ထောင်မှူးလေးက အဲဒီလိုပြောတယ်။

“ဒီလ ၂၈ ရက်ကျတော့ ဦးစိန်လှိုင် အမတွေ သွားတွေ့မယ်ဆိုတော့ ကျမက ပါဆယ် ထည့်လိုက်တယ်။ ထည့်လိုက်တော့ အန်တီ သတင်းလည်း နည်းနည်း နားစွင့်ခဲ့ပါဆိုတော့၊ အခု အန်တီပြန်လာလို့ မေးကြည့်လိုက်တော့ ထောင်ဝင်စာ မပိတ်ဘူးတဲ့၊ သတင်းတပ်ဖွဲ့ကပြောတာ၊ ဇနီး၊ သားသမီးနဲ့ တွေ့ခွင့်ပေးထားပါတယ်တဲ့၊ ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့အထိက ကိုယ်ပဲဝင်တာ။ အခုမှ ဒီလိုဖြစ်တာ ညစ်တာလို့ ကျမတော့ ထင်တာပဲ။ ဇနီး၊ သားသမီးက ဒီမှာမရှိဘူး၊ ပြည်ပမှာဆိုတာလည်း သိသိကြီးနဲ့၊ ကျမက အရမ်းအံ့သြတာပေါ့။”

ကိုဇာဂနာကို ထောင်ဝင်စာ တွေ့ခွင့်ရှိသူတချို့ သူတို့ရဲ့ မိသားစုထဲမှာ ကျန်သေးတယ် ဆိုပေမဲ့ သူတို့တွေက အသက် ၁၈ နှစ် မပြည့်သေးတဲ့ လူငယ်တွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

“ရှိတယ်ဆိုပေမဲ့ ကလေးတွေက၊ ကျမ တူ၊ တူမ ၃ ယောက်က ၉ တန်းက ယောက်ျားလေး ၂ ယောက်၊ ၁၀ တန်းအောင်ကာစ တူမလေးတယောက်၊ ဒါပဲရှိတယ်၊ ဘယ်လိုလုပ်ပြီး သွားတွေ့နိုင်မလဲ။ ၁၈ နှစ် မပြည့်သေးတဲ့သူက ဘယ်လိုလုပ် ထောင်ဝင်စာ သွားတွေ့လို့ရမလဲ။”

ပြီးခဲ့တဲ့ မေလတုန်းက မြစ်ကြီးနားမှာ ထောင်ဝင်စာ သွားတွေ့တုန်း ထောင်ဝန်ထမ်းတဦးနဲ့ မငြိမ်းတို့ စကား အချေအတင် ဖြစ်ခဲ့ကြပါတယ်။ ဒီကိစ္စကို ထောင်ပိုင်ကြီးရော အထူးရဲတပ်ဖွဲ့က အရာရှိတို့ရော သိကြပါတယ်။ ဒီလို စကားများတဲ့ ကိစ္စကြောင့် မငြိမ်းကို ထောင်က အလာမခံတာ ဖြစ်နိုင်တယ်လို့ ရန်ကုန်က ရှေ့နေ ဦးအောင်သိန်းက ယူဆပါတယ်။

“ဥပဒေအရတော့ တားမြစ်ပိုင်ခွင့် မရှိပါဘူး။ သန်းခေါင်စာရင်းဝင် မိသားစုဖြစ်ရင်၊ ပုံမှန်လာနေကျလူလည်း ဖြစ်တယ်လို့ ယုံကြည်ရလောက်ရင် ခွင့်ပြုတာပဲဗျ၊ ခွင့်ပြုရမှာပေါ့။ ခယ်မ မတွေ့ရဘူးတို့၊ ဘယ်သူ မတွေ့ရဘူးတို့ သတ်မှတ်ထားတာ မရှိပါဘူး။ မငြိမ်းနဲ့ ထောင်နဲ့ အဆင်မပြေတဲ့အခါ မငြိမ်းကို လာခွင့်မပြုနိုင်ဘူး ဆိုပြီးတော့ တခြားလူတယောက် ရွေးလွှတ်ပေါ့ဗျာ၊ သူတို့က ဒီလိုပုံစံမျိုး ချိုးတာပေ့ါ။ အဲဒီလိုပဲ မြင်ပါတယ်။”

ထောင်ဝန်ထမ်းတဦးနဲ့ မငြိမ်းတို့ စကားများရတဲ့ အကြောင်းက ထောင်ဝင်စာ တွေ့တဲ့အချိန်မှာ မငြိမ်းရဲ့ မှတ်ပုံတင် မပြနိုင်တာကြောင့်လို့ ပြောပါတယ်။

“ကျမ မေလ ၁၇ ရက်မှာ ထောင်ဝင်စာ သွားတွေ့တယ်။ တွေ့ပြီး နောက်ရက် ကျမတို့ ပါဆယ်ပို့တာပေါ့။ အဲဒီရက်မှာ ကျမက အဝင်ပေါက်မှာ သူတို့ထောင်က ကိုလှဌေးဆိုတဲ့လူနဲ့၊ ကျမမှာ မှတ်ပုံတင်တော့ ပါမလာဘူး၊ ဒါပေမဲ့ ကျမမှာ ပုံစံ ၁၀ တော့ ပါလာတယ်။ ဟိုတယ်မှာတည်းရတော့ မှတ်ပုံတင် အစစ်ကို ပေးခဲ့ရတယ်။ ပေးခဲ့တော့ သူက ကျမကို တားတယ်။ ဝင်လို့မရဘူး၊ ဒါ စည်းမရှိ၊ ကမ်းမရှိ လုပ်လို့ရတဲ့နေရာ မဟုတ်ဘူးဆိုတော့ ကျမမှာ ပုံစံ ၁၀ ပါတယ်၊ အဲဒါ ပြမယ်ဆိုတော့ မှတ်ပုံတင်မပါရင် လွယ်မှာမဟုတ်ဘူး၊ ဘာညာဆိုပြီး ကိုလှဌေးဆိုတဲ့လူက ပြောတယ်။ အဲတော့ ကျမနဲ့သူနဲ့ စကားအရ ညိကြတာပေါ့လေ။”

လူရွှင်တော် ဇာဂနာဟာ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းမိ ဒုက္ခသည်တွေကို ကူညီဆောင်ရွက်နေရင်း အဖမ်းခံခဲ့ရတာ ဖြစ်ပြီး လောလောဆယ် ထောင်ဒဏ် ၃၅ နှစ် ကျခံနေရပါတယ်။ သူ အကျဉ်းကျခံနေရတုန်းမှာပဲ သူ့ရဲ့ မိခင်နဲ့ ဖခင် ကွယ်လွန်ခဲ့ပြီး သူကိုယ်တိုင်လည်း ထောင်တွင်းမှာ ကျန်းမာရေး ကောင်းတဲ့သူ မဟုတ်ဘူးလို့ ခယ်မဖြစ်သူ မငြိမ်းက ဆိုပါတယ်။ အဲဒါကြောင့်လည်း ထောင်ဝင်စာ ပုံမှန်တွေ့ချင်တယ်၊ တွေ့ခွင့်မရလို့ မိသားစုတွေနဲ့ ဆွေမျိုးအသိုင်းအဝိုင်းက စိတ်ပူနေကြတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ထောင်ဝင်စာ အမြန်ပြန်တွေ့ခွင့်ရရေး အကျဉ်းဦးစီးဌာနကို စာတင်ဖို့ မငြိမ်းတို့က ရှေ့နေတွေနဲ့ တိုင်ပင်ပြီး လုပ်ဆောင်နေကြပါတယ်။

XS
SM
MD
LG