သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Free Burma Rangers အဖွဲ့ဝင် ကချင်တိုင်းရင်းသား ဆီးရီးယားမှာ သေဆုံး


Free Burma Rangers အဖွဲ့ဝင် ကချင်တိုင်းရင်းသား Zau Seng (Free Burma Rangers)
Free Burma Rangers အဖွဲ့ဝင် ကချင်တိုင်းရင်းသား Zau Seng (Free Burma Rangers)

(Zawgyi / Unicode)

ကမ္ဘာပေါ်က စစ်ရေးပဋိပက္ခမှာ လက်နက်ထိမှန်တဲ့ လူနာတွေကို အရေးပေါ်ကုသပေးနေတဲ့ Free Burma Rangers (FBR) အဖွဲ့က အသက် (၃၉)နှစ်အရွယ် ကချင်တိုင်းရင်းသား ဇော်ဆိုင်း ဟာ တူရကီတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ ဆီးရီးယားနိုင်ငံ မြောက်ပိုင်းမှာ နိုဝင်ဘာလ (၃)ရက်နေ့က ဒုံးကျည်ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။

ဇော်ဆိုင်းဟာ FBR အဖွဲ့ဝင်တဦးအဖြစ် ၂၀၁၆ ခုနှစ်ကတည်းက ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေက တိုက်ပွဲတွေမှာ လူနာတွေကို သွားရောက်ကယ်တင်နေပြီး ဆိုးရွားလှတဲ့ တိုက်ပွဲတွေကို ကမ္ဘာသိအောင် ဗွီဒီယိုမှတ်တမ်းတင်ရိုက်ကူးနေသူဖြစ်ပါတယ်။ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

အမေရိကန်နဲ့ တူရကီအစိုးရ နှစ်ဘက်သဘောတူညီချက်အရ ဆီးရီယား မြောက်ပိုင်း ကာဒ်သူပုန်တွေအခြေစိုက်တဲ့ ဒေသမှာ အမေရိကန် တပ်တွေ အောက်တိုဘာလ (၆)ရက်နေ့က ဆုပ်ခွာပေးခဲ့ပြီးနောက် အောက်တိုဘာလ (၉)ရက်နေ့မှာပဲ တူရကီဘက်က မြေပြင်သာမက လေကြောင်းနဲ့ပါ စတင်တိုက်ခိုက်ခဲ့တာကြောင့် အဲဒီဒေသမှာ တိုက်ပွဲတွေ အတော်ပြင်းထန်နေတာဖြစ်ပါတယ်။

Free Burma Rangers (FBR) အဖွဲ့က မြန်မာနိုင်ငံက တိုင်းရင်းသားဒေသတွေမှာဖြစ်နေတဲ့ တိုက်ပွဲတွေတင်သာမက အဲဒီလို ကမ္ဘာမှာ ဖြစ်နေတဲ့ ပဋိပက္ခနေရာတွေကို သွားရောက်ပြီး လက်နက်ထိမှန်သူတွေကို ကယ်တင်အရေးပေါ် ပြုစု ကုသပေးနေတဲ့အဖွဲ့ဖြစ်ပါတယ်။ FBR အဖွဲ့ဝင် ဇော်ဆိုင်းဟာ အဖွဲ့နဲ့အတူ ဆီးရီးယားမြောက်ပိုင်းမှာ လက်နက်ထိမှန်သူတွေကို ကယ်ဆယ်ရေးတွေလုပ်နေချိန် နိုဝင်ဘာလ (၃)ရက်နေ့က Tel Tamir မြို့နားမှာ သူလိုက်ပါစီးနင်း လာတဲ့ လူနာတင်ကားကို တူရကီ ကျောထောက်နောက်ခံပေးထားတဲ့ ဆီးရီးယားလွတ်မြောက်ရေး တပ်ဘက်က ပစ်လိုက်တဲ့ ဒုံးကျည် ထိမှန်ခဲ့တာကြောင့် နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။

ဇော်ဆိုင်းတို့ အဖွဲ့ လိုက်ပါစီးနင်းလာတဲ့ လူနာတင်ကား အပစ်ခံရပြီး သေဆုံးခဲ့ပုံ အသေးစိတ်ကို FBR အဖွဲ့ခေါင်းဆောင် အမေရိကန်စစ်တပ် အထူးတပ်ဖွဲ့ဝင်ဟောင်း David Eubank က FBR ဖေ့စ်ဘုတ်ခ်ကနေ ဗွီဒီယိုနဲ့ တိုက်ရိုက် အခုလိုပြောပြခဲ့ပါတယ်။

“ ဆီးရီးယားမြောက်ပိုင်း Tel Tamir ကနေ ကျနော် တိုက်ရိုက်ပြောနေတာပါ။ Zau Seng ဇော်ဆိုင်း ဟာ တူရကီစစ်တပ်နဲ့ တူရကီမဟာမိတ် ဆီးရီးယားတပ်ဖွဲ့က ပစ်လိုက်တဲ့ မော်တာ ဒါမှမဟုတ် ဒုံးကျည်ထိမှန်ပြီး သေဆုံးခဲ့တာပါ။ အခုချိန်မှာ ကျနော်တို့ အတိအကျတော့ မသိသေးပါဘူး။ တိုက်ပွဲက လူနာတွေ သွားကောက်ပြီး စုတဲ့နေရာမှာ ရောက်နေချိန် အပစ်ခံခဲ့ရတာပါ။ မနေ့ကလည်း ဒီနေရာမှာပဲ သယ်လာတဲ့ လူနာတွေကို စုပြီး ပြုစုနေခဲ့တာပါ။ ဇော်လည်း ဒီနေရာမှာ ရှိခဲ့တာပါ။ အဲဒီအချိန်ကလည်း ကျနော်တို့ဘက်ကို သံချပ်ကာ ကားတွေပေါ်က သေနတ်တွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဒီလို အပစ်ခံရတဲ့ အဖြစ်အပျက်တခုလုံးကို ဇော်ကိုယ်တိုင် မှတ်တမ်းတင် ရိုက်ကူးခဲ့ပါတယ်။ ဒီပစ်ခတ်မှုကို ကမ္ဘာသိအောင်တင်ပြဖို့ မှတ်တမ်းဗွီဒီယိုကိုလုပ်နေတဲ့ အချိန်မှာ သူသေဆုံးခဲ့တာဖြစ်ပါတယ်။ ဒုံးကျည်ရဲ့ ကျည်ဖူးဟာ ဇော်ဆိုင်း လိုက်ပါစီးနင်းလာတဲ့ လူနာတင်ကားနောက် ၁၀ မီတာအကွာ ကျရောက် ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။”

အလွန်ပြင်းထန်တဲ့ ကျည်ဖူးပေါက်ကွဲခဲ့တာဖြစ်တယ်လို့လည်း David Eubank က ဆိုပါတယ်။ သူတို့ ကားကို ဒုံးကျည်ထိမှန်တဲ့အချိန်မှာ ဇော်ဆိုင်းဟာ ကားရဲ့နောက်ခန်းကနေ အဆင်း၊ ကားရှေ့ခန်းမှာ ထိုင်နေတဲ့ သူ့ကို ဗွီဒီယို ကင်မရာ လှမ်းပေးပြီးချိန် ကားပေါ်အတက်ခြေနင်းခုံမှာ ခဏထိုင်နေတုန်း ဒုံးကျည်ကျရောက် ပေါက်ကွဲပြီး ကျည်ဖူးဟာ ဇော်ဆိုင်းကို ထိမှန်ခဲ့တာကြောင့် နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ David Eubank က ဗွီဒီယို မှတ်တမ်းထဲမှာ ပြောသွားပါတယ်။

ဇော်ဆိုင်းဟာ ပြန်ပြီး အသက်ရှင်မလာဆိုပြီး နှစ်နာရီကြာအောင် အရေးပေါ် ပြုစုရေးနည်းလမ်းတွေနဲ့ သူတို့ ကြိုးစားခဲ့ပေမယ့် အသက်ပြန်မရှင်လာခဲ့ဘူးလို့လည်း David Eubank က ဝမ်းနည်းကြေကွဲစွာပြောခဲ့ပါတယ်။ ဇော်ဆိုင်းနဲ့အတူ အီရတ်စကားပြန်တဦးလည်း ဒဏ်ရာပြင်းထန်စွာရခဲ့ပေမယ့် အသက်မသေခဲ့ဘူးလို့ ဆိုပါတယ်။

ဇော်ဆိုင်းဟာ သူရဲ့ ညီအရင်းတယေက်လို ဖြစ်နေပြီး သူ့ရဲ့ ကလေးတွေကို မြန်မာပြည် တောထဲကနေ အီရတ်၊ ဆီးရီးယားနဲ့ Kurdistan ထိ တလျောက်လုံး ဦးလေးအရင်းလို စောင့်ရှောက်ခဲ့သူဖြစ်ကြောင်းလည်း သူကပြောပါတယ်။

ဇော်ဆိုင်း ကိုယ်တိုင်လည်း ဆီရီးယားနဲ့ အီရတ်ကို ၂၀၁၆ခုနှစ်ကတည်းက သွားရောက်ခဲ့တာဖြစ်ပြီး သူကိုယ်တိုင် အဲဒီဒေသတွေကို ဘာကြောင့် သွားရောက်ပြီး ကူညီခဲ့ရသလဲဆိုတာကို သူ မသေခင် ရိုက်ကူးထားတဲ့ FBR ရဲ့ ဗွီဒီယိုမှတ်တမ်း မှာ အခုလိုပြောပြခဲ့ပါတယ်။

“အီရတ်၊ ဆီးရီးယား ကို ကျနော် ၂၀၁၆ ကတည်းကနေ စပြီးတော့ သွားတာ အခေါက်တွက်ကြည့်မယ်ဆိုရင်တော့ ၉ ခေါက်လောက်ရှိပြီထင်တယ်။ တခါသွားရင် ၁ လကျော် ၂ လလောက်ကြာတယ်။ အခု ဆီးရီးယားကို ပြန်ထပ်ပြီးတော့ သွားချင်သေးတယ်ပေါ့ ဘာကြောင့်သွားချင်သေးသလဲဆိုတော့ အဲဒီမှာ မပြီးသေးဘူး တိုက်ပွဲက အဲဒီမှာ ဆက်တိုက်ပဲ ဖြစ်နေသေးတယ်။ ပြည်သူလူထုကလည်း ဆက်တိုက်ပဲ ထွက်ပြေးနေတယ်ပေါ့။ အဲဒီဘေးလွှတ်ရာလာသူတွေကို ကျနော်တို့ Free Burma Ranger က ဆေးဝါးကုသတာတွေ ၊ အစားအသောက်တွေ ဖြန့်ဝေပေးတာတွေ အဲဒါတွေ သွားလုပ်ပေးချင်သေးတယ်ပေါ့။ အဲဒီလိုမျိုးလုပ်တဲ့အချိန်မှာ အဲဒီမှာရှိတဲ့ အဖြစ်အပျက်တွေကို မှတ်တမ်းတွေ ပြန်တင်ချင်သေးတယ်ပေါ့။”

ဇော်ဆိုင်းဟာ ၂၀၀၆ ခုနှစ်ကတည်းက FBR အဖွဲ့မှာ ဆေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်၊ ဗွီဒီယိုမှတ်တမ်းရိုက်ကူးသူအဖြစ်ပါ တာဝန်ယူခဲ့သူဖြစ်ပါတယ်။ ဆီးရီးယားမြောက်ပိုင်းမှာ ဒုံးကျည်ထိမှန်ပြီး သေဆုံးခဲ့တဲ့ နိုဝင်ဘာလ (၃)ရက်ဟာ သူရဲ့ တဦးတည်းသောသမီးဖြစ်သူ အသက် တနှစ်ပြည့် မွေးနေ့နဲ့လည်းတိုက်ဆိုင်နေခဲ့တာပါ။ ဇနီးဖြစ်သူ လုလုနဲ့ သမီးတယောက် ကျန်ရစ်ခဲ့ပါတယ်။ အခုလို ကချင်တိုင်းရင်းသား ဇော်ဆိုင်းတယောက် အများအကျိုး အတွက်ဆောင်ရွက်ရင်း အသက်ပေးဆပ်ခဲ့ရတဲ့အဖြစ်အတွက် ဝမ်းနည်းကြေကွဲမိသလို ဂုဏ်ယူမိကြောင်း အမေရိကန်အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ Gum San Nsang က ဗွီအိုအေကို ပြောပါတယ်။

“အင်မတန်ကို ဝမ်းနည်းတာပေါ့ ဘာဖြစ်လို့လဲဆိုတော့ ဒီလောက်တောင်မှ ကိုယ်ကျိုးစွန့်ပြီးမှ တိုင်းတပါးသွားပြီးမှ ကူညီထောက်ပံ့တဲ့ လူတဦးတယောက်က သူများ ဒုက္ခတွေရောက်နေတဲ့အချိန်မှာ ကယ်လွတ်ဖို့အတွက် ကြိုးစားနေသူ တယောက်က ဆုံးပါးသွားတယ်ဆိုတာက တကယ့်ကို ယူကျုံးမရ ခံစားရပါတယ်။”

ဇော်ဆိုင်း အသက်ပေးဆပ်ခဲ့တဲ့ အဖြစ်ကို ဆီးရီးယားက ကာဒ်တွေ၊ အာရပ်တွေနဲ့ ခရစ်ယာန်တွေလည်း ဝမ်းနည်းကြေကွဲမိသလို ဇော်ဆိုင်း သူတို့အတွက် ကူညီပေးခဲ့မှုတွေကို ကျေးဇူးတင်ကြောင်း လာရောက် ပြောဆိုခဲ့ကြတယ်လို့ အဖွဲ့ခေါင်းဆောင် David Eubank ကပြောပါတယ်။

David Eubank ဟာ FBR အဖွဲ့ကို ၁၉၉၇ ကတည်းက ဖိနှိပ်ခံသူတွေလွတ်မြောက်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့ပြီးတော့ အဖွဲ့အစည်းဝင်ဦးရေ ၃၀၀ ဝန်းကျင်နဲ့ စစ်မက်ဖြစ်ပွားရာဒေသတွေမှာ ကူညီပေးရေးတွေဆောင်ရွက်နေတာ နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ တုန်းကလည်း ရခိုင်စစ်မြေပြင်ကို သွားရောက်ပြီးတော့ စစ်ဘေးဒုက္ခသည်တွေကို သွားရောက်ကူညီပေးနေကြောင်း FBR ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။ ရခိုင်ပြည်နယ်က ပဋိပက္ခဒေသတွေမတိုင်ခင်မှာလည်း ကရင်တိုင်းရင်းသားလက်နက်ကိုင် KNU ကရင်အမျိုးသားအစည်းအရုံးရှိရာ ထိုင်း-မြန်မာ နယ်စပ်မှာလည်း FBR အဖွဲ့လှုပ်ရှားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


...............


(Zawgyi / Unicode)
















XS
SM
MD
LG